သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်စစ်ပွဲ ပိတ်မိသူတွေထဲ တရုတ်တွေမပါဝင်


ဓာတ်ပုံ ( Kachin News)
ဓာတ်ပုံ ( Kachin News)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေသူတွေအနက် ဒေသခံတွေနဲ့အတူ တရုတ်နိုင်ငံသားတွေလည်း ပါဝင်တယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ပဋိပက္ခ အဖြေရှာရေးမှာ ကြားဝင်ဆောင်ရွက်ပေးမယ်လို့လည်း တရုတ်အစိုးရက ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကို အေပီသတင်းတွေကို အခြေခံပြီး ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဖားကန့်မြို့နယ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ အဖွဲ့ကို KIA တပ်မဟာ ၂ လက်အောက်ခံတပ်တွေက ခေတ္တခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ အဖွဲ့နဲ့လိုက်ပါလာတဲ့ ရဲ ၃ ဦးကို ကနဦးဖမ်းဆီးခဲ့ပြီး ၁၉ ရက်နေ့က သူတို့ကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်ပါတယ်။

အခုလို တင်းမာမှုတွေကြောင့် ဖားကန့်မြို့နယ်နား ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ၄ ရက်ကြာ တိုက်ပွဲအတွင်းမှာ ကံဆီး၊ အောင်ဘာလေနဲ့ ငှက်ပျောတော ကျေးရွာတွေက ဒေသခံ ၂ ထောင်ကျော်တို့ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပိတ်မိနေတဲ့သူတွေကြား ဖားကန့်အနီးတဝိုက် ကျောက်စိမ်းတွင်း တူးဖော်ရေးလုပ်ငန်းမှာ လုပ်ကိုင်ဖို့အပါအဝင် တခြားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်ကြောင်း ကနဦး သတင်း ထွက်ပေါ်ခဲ့တဲ့အတွက်ကြောင့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒီအခြေအနေကို တရုတ်အစိုးရအနေနဲ့ ဆက်လက် စုံစမ်းစစ်ဆေးဆဲရှိပြီး၊ ပိတ်မိနေတဲ့ တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးကို မြန်မာအစိုးရက တာဝန်ယူပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂါနေ့ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပိတ်မိနေသူတွေထဲ တရုတ်လူမျိုးတွေ မပါဝင်တဲ့အကြောင်း တရုတ်နိုင်ငံသားတွေ မပါဝင်တဲ့အကြောင်း ပြောခွင့်ရအမျိုးသမီး Hua Chunying က မန်ဒရင်းဘာသာစကားနဲ့ အခုလို ပြောခဲ့ပါတယ်။

“ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ တရုတ်နိုင်ငံသားတွေ အတော်များများ ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြချက်ဟာ မမှန်ကန်ဘူးဆိုတာ မြန်မာနိုင်ငံရှိ တရုတ်သံရုံးရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ တွေ့ခဲ့ရပါတယ်။ တရုတ်အစိုးရအနေနဲ့ကတော့ အခြေအနေကို ဆက်လက် အနီးကပ် စောင့်ကြည့်သွားမှာဖြစ်တဲ့အပြင် တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးသွားမှာဖြစ်သလို၊ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ အတည်ပြုချက် ရယူမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” - လို့ ပြောခွင့်ရ အမျိုးသမီး Hua Chunying က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဆွေးနွေးမှုကတဆင့် အဖြေရှာနိုင်ဖို့ကိုလည်း တရုတ်အစိုးရက မျှော်လင့်တဲ့အကြောင်းနဲ့ ကြားဝင် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောခွင့်ရအမျိုးသမီးက အခုလို ပြောခဲ့ပါတယ်။

“ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အုပ်စုအားလုံးတို့အနေနဲ့ တိုက်ခိုက်မှုတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းအားထုတ် လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက မျှော်လင့်တဲ့အကြောင်း ဒါ့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှု ရှေ့တိုးဆောင်ရွက်နိုင်ဖို့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့်နည်းကို ဆက်လက် ကိုင်စွဲသွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ရရှိထားတဲ့ သဘောတူညီမှုအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထောက်ခံ အားပေးမှာဖြစ်ပြီး၊ အပြုသဘောဆောင်ရွက် ကဏ္ဍကနေ ဆက်လက် ကြားဝင်ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း၊ တရုတ်နဲ့ မြန်မာနယ်စပ်တလျှောက်ရှိ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆက်လက် ထိန်းသိမ်းသွားဖို့ မြန်မာအစိုးရနဲ့ လက်တွဲ ဆောင်ရွက်လိုတဲ့အကြောင်း” ပြောခွင့်ရအမျိုးသမီးက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ မန်ဒရင်းဘာသာစကားနဲ့ ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်ပြည်နယ်မှာ ကျောက်စိမ်း၊ ကျွန်းသစ်နဲ့ သဘာ၀ သယံဇာတ ပေါကြွယ်ဝလှတဲ့အပြင် တရုတ်အစိုးရက ဆောက်လုပ်ဆဲရှိတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းခဲ့ပေမဲ့လို့လည်း တရုတ်အစိုးရက ဆောက်လုပ်ထားတဲ့ တခြား ရေအားလျှပ်စစ်စီမံကိန်း ၆ ခု ရှိနေဆဲဖြစ်တဲ့အတွက်ကြောင့်လည်း အဲ့ဒီဒေသတည်ငြိမ်ရေးဟာ တရုတ်အစိုးရအတွက် အရေးကြီးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းကိုပေါက်တဲ့ ရေနံစိမ်းပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့လည်း ရှိနေတာဖြစ်တဲ့အတွက်ကြောင့်လည်း တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးဟာ အရေးကြီးတာ ဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ကတော့ ၂၀၁၃ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့စဉ်က တရုတ်နယ်စပ်ဘက်ကို ကျည်ဆံတွေကျခဲ့တဲ့ အတွက်ကြောင့်လည်း ထိုနှစ်က ဖေဖော်ဝါရီလဆန်းမှာ တရုတ်အစိုးရက ရူလီမှာ KIA နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူ ကျင်းပပေးခဲ့ဖူးတာ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG