သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ချခံရတဲ့ တရုတ်နိုင်ငံသားတွေ အရေး တရုတ်အစိုးရ ကန့်ကွက်


တရုတ်-မြန်မာနယ်စပ်။
တရုတ်-မြန်မာနယ်စပ်။

တရုတ်နိုင်ငံသား ရာနဲ့ချီကို တရားမဝင် သစ်ထုတ်လုပ်မှုနဲ့ ဆက်နွယ် ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ ပြင်းထန်တဲ့ တရားစီရင်မှုဖြစ်တယ် ဆိုပြီး တရုတ် ဒု နိုင်ငံခြားရေးဝန်ကြီး က တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကို ခေါ်ယူ ဆွေးနွေးခဲ့ပါတယ်။ မြန်မာဖက်ကတော့ ဒါဟာ တရားရေးစနစ် ရဲ့လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် အစိုးရအနေနဲ့ ဝင်ရောက် စွက်ဖက်လို့မရဘူး လို့ တုန့်ပြန်ခဲ့ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုအောင်အောင်က ပြောပြမှာပါ။

တရားမဝင် သစ်ခိုးထုတ်မှုနဲ့ ပါတ်သတ်ပြီး တရုတ်နိုင်ငံသား ၁၅၅ ယောက် ကို ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တဲ့ အပေါ် တရုတ်နိုင်ငံက စိုးရိမ်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပင်မှု ကို မြန်မာနိုင်ငံ အနေနဲ့ အလေးထား စဉ်းစားဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူ Lu Kang က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို တရုတ်ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ခေါ်ယူတွေ့ဆုံပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ တာဟာ ပြင်းထန်ကြောင်းပြောဆိုပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့အချိန်မှာ ဒါဟာ မြန်မာ့တရားရေးစနစ်အနေနဲ့ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှ မပါဘဲ ဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလိုပြောပါတယ်။

"သူတို့က ကျနော်တို့ကို စာနဲ့ပေနဲ့ အကြောင်းကြားတာတော့ မရှိပါဘူး။ သူတို့က ကျနော်တို့ သံအမတ်ကြီးကို ခေါ်ပြီးတော့ ဒီစီရင်ချက်ချတဲ့အပေါ်မှာ သူတို့ အနေနဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်း အားကြီးပါတယ် ဆိုတာတော့ ကျနော်တို့ကိုပြောပါတယ်။ တရားရုံးတွေမှာ စီရင်ချက်ချတဲ့နေရာမှာတော့ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ ဝင်ပြီးတော့ ပတ်သက်လို့လည်း မရဘူး။ အဲ့တော့ ဒီဥစ္စာကိုလည်း လိုက်နာပေးဖို့ ဒါတော့ ကျနော်တို့က သူတို့ကိုရှင်းပြပါတယ်။

အခုအခြေအနေကတော့ ဒီအတိုင်းပါပဲ။ သို့သော်လည်း သူတို့အနေနဲ့တော့ ကျနော်တို့ကို ထပ်ပြီးဆွေးနွေးချင်ပါတယ်ဆိုပြီး လာတာလေးတွေတော့ ရှိတာပေါ့။ လောလောဆယ်တော့ ကျနော်တို့က ဒီကိစ္စကို အဆင့်ဆင့် ဆက်ပြီး တင်ပြထားတုန်းရှိပါတယ်။ "

တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times သတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာတော့ လူပေါင်း ၁၅၀ ကျော်ဟာ ညီတူညီမျှ အပြစ်ရှိသူတွေ မဖြစ်နိုင်တဲ့အတွက် တချိန်တည်း အစုလိုက် အပြုံလိုက် ထောင်ဒဏ်စီရင်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံက သစ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ကြတဲ့ တရုတ်နိုင်ငံသား တချို့အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ ဗဟိုအစိုးရ တာဝန်ရှိသူတွေကြား ခွင့်ပြုချက်ရယူရတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ထုံးလုပ်နည်းတွေကြား မှာ လုပ်ကိုင်နေကြရတယ်လို့လည်း ဖော်ပြခဲ့တာပါ။

အခုလို တရုတ်နိုင်ငံသားတွေ အပေါ် မြန်မာနိုင်ငံဘက်က ပြင်းပြင်းထန်ထန် အရေးယူပြလိုက်တာဟာ တရုတ်မြန်မာဆက်ဆံရေး တင်းမာမှုတွေရှိ လာတယ် ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ အကဲခတ်တချို့က သုံးသပ်ပေမယ့် ၂ နိုင်ငံကြား ဆက်ဆံရေးမှာ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိတဲ့ အကြောင်း ဒု နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောပါတယ်။

"နယ်စပ်တွေမှာ တရားမဝင် သစ်ခိုးထုတ်တဲ့ကိစ္စက တပိုင်းပါ။ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးက ခိုင်မာတယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျနီဗာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ Resolution ကို OIC နိုင်ငံတွေက တင်တာပေါ့လေ။ တင်တဲ့နေရာမှာ တရုတ်က သူတို့ဘက်ကနေ ခိုင်ခိုင်မာမာပဲ ဒီဟာကို Resolution ကို Reject လုပ်ပါတယ်။ အဲ့ဒီ့တော့ အခြေခံအားဖြင့် မြန်မာနဲ့ တရုတ် ဆက်ဆံရေးက ထိခိုက်တာမရှိပါဘူး။ ဒီဥစ္စာကို သူတို့လည်းသိပါတယ်။ သူတို့အနေနဲ့လည်း ကျနော်တို့ကိုပြောတာက တရားဥပဒေအတိုင်း ကျနော်တို့ တရားရေးစနစ်အတိုင်းသာ ဆောင်ရွက်ပါလို့ ကျနော်တို့ကို နဂိုကတည်းက ပြော ထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါပေမဲ့ သူတို့အနေနဲ့က ဒီလောက်ကြီး ပြင်းထန် လိမ့်မယ်လို့ မထင်ခဲ့တာတခုပါပဲ။ "

မြန်မာအစိုးရတပ်တွေ၊ ရဲတွေနဲ့ သစ်တောဌာနတို့ အတူပူးပေါင်းပြီး ကချင်ပြည်နယ် အတွင်း တရားမဝင် သစ်ခိုးထုတ်မှု နှိမ်နင်းရေးဆောင်ရွက်ရာမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် ကားအစင်းရေ ၄၀၀ ကျော်နဲ့အတူ သစ်လုံးတွေ ထောင်နဲ့ချီပြီး ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီနောက် မြစ်ကြီးနားခရိုင် တရားရုံးကနေ ဖမ်းဆီးမိထားတဲ့ တရုတ်နိုင်ငံသား ၁၅၃ ဦး ကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ညီမျှတဲ့ တသက်တကျွန်း ပြစ်ဒဏ်နဲ့ ကျန် ၂ ဦး ကတော့ အရွယ်မရောက်သေးသူတွေ အဖြစ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာနေထိုင်တဲ့ မြန်မာ့အရေးလေ့လာသူ ဒေါ်လှကျော်ဇော ကတော့ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာနဲ့ ပါတ်သတ်ပြီး အခုလို သုံးသပ်ပါတယ်။

"ကျမကြည့်တယ်။ ဗမာအစိုးရကလည်း နိုင်ငံရေးအကွက်တွေနဲ့လုပ်တာပါ။ သူက ဗမာပြည်သူတွေ ရှေ့မှောက်မှာ ဘယ်လိုခေါ်မလဲ သူ တရုတ်ကို အလျှော့ပေးရတာ မဟုတ်ဘူး။ တရုတ်ကို သူလုပ်သင့်လုပ်ထိုက်တာ လုပ်တယ် ဆိုပြီးတော့ ပြော တာပါပဲ။ တရုတ်ဘက်ကလည်း ဒါ တရုတ်နိုင်ငံသားတွေ မခံချင်ဖြစ်မှာစိုးလို့ သူတို့ကန့်ကွက်သင့် ကန့်ကွက်ထိုက်လို့ ကန့်ကွက်တဲ့သဘော ပါပဲ။ ပြီးရင်တော့ အဖျားရှုးသွားမှာပါ။ မကြာခင် ဒီလူတွေကို လွှတ်ပေးပါလိမ့်မယ်နဲ့တူပါတယ်။ ကြည့်ရတာ။"

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေစတင်လုပ်ဆောင်လာတဲ့ ၂၀၁၀ ခုနှစ်လောက် ကစလို့ မြန်မာအစိုးရနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး သစ်တွေ ထူထောင်လာခဲ့ပြီးနောက်ပိုင်းမှာ အရင် ဆက်ဆံရေး ပြေပြစ်ခဲ့တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံအကြား နှစ်ပေါင်း အတော်ကြာအတွင်း ဆက်ဆံရေး တင်းမာနေခဲ့တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ မြန်မာအစိုးရက တရုတ်နိုင်ငံသားတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG