သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှစ်ကူးနဲ့ မျှော်လင့်ချက်


တရုတ်နှစ်သစ်ကူး မျောက်နှစ်။
တရုတ်နှစ်သစ်ကူး မျောက်နှစ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို တနင်္ဂနွေနေ့ညက ရန်ကုန်မြို့လယ်မှာရှိတဲ့ တရုတ်တန်းမှာ ဆင်နွဲခဲ့ကြပါတယ်။ တရုတ်လူမျိုးတွေဟာ ဘုံကျောင်းတွေကိုသွားပြီး ဘုရားရှိခိုးတာ၊ တရုတ်နဂါးအကကို ကြည့်ရှုကြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့က တရုတ်နွယ်ဖွား ဦးကြင်မောင်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လွှတ်တော်စည်းဝေးပွဲတွေကို စတင်ခေါ်ယူပြီးတဲ့နောက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ဦးဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“နှစ်သစ်မှာ စနစ်သစ်နဲ့ တိုင်းပြည်လည်းတိုးတက်ကြီးပွားမယ်။နောက် ခေါင်းဆောင် ကောင်းတွေလည်း ပေါ်ထွက်လာပြီဆိုတော့ ဒီနှစ်မှာ ကျနော်ကတော့ အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”

တခြား တရုတ်နွယ်ဖွား ကိုမျိုးခိုင်ကလည်း မျောက်နှစ်ရဲ့ ထူးခြားမှုကို အခုလို ပြောပြပါတယ်။

“တရုတ်လူမျိုးတွေအတွက် ဒီနှစ်က မျောက်နှစ်ပေါ့နော်။ မျောက်တောင်မှ ထူးထူးခြားခြားမျောက်ပေါ့ အရမ်းကောင်းပါတယ်။ အဲဒီအတွက်လည်း ဘုရားကျောင်းကိုလာပြီးတော့ ဒီနှစ်မှာ နှစ်ကူးကောင်းအောင် ဆုတောင်းကြတယ်ပေါ့နော်။ နောက်နှစ်အတွက် စီးပွားရေးတွေကောင်းမွန်အောင် လာပြီးတော့ ဘုရားမှာ ဆုတောင်းတာပေါ့။”

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာလည်း တရုတ်လူမျိုးတွေ တနင်္ဂနွေနေ့ညက နှစ်သစ်ကူးအကြိုပွဲတွေ ဆင်နွဲခဲ့ကြပါတယ်။ အများစုကတော့ မကြာခင်ကျရောက်တော့မယ့် မျောက်နှစ်ကို ကြိုဆိုရင်း အစဉ်အလာအတိုင်း ဖက်ထုပ်တွေစားပြီး မီးရှူး မီးပန်းနဲ့ ဗြောက်အိုးတွေ ပစ်ဖောက်ခဲ့ကြပါတယ်။

နှစ်သစ်ကူးအချိန်ဟာ တရုတ်လူမျိုးတွေအနေနဲ့ မိသားစုနဲ့ အိမ်မှာ အတူနေကြတဲ့ အစဉ်အလာဖြစ်ပေမယ့်လည်း တချို့လူငယ်တွေကတော့ စားသောက်ဆိုင်တွေသွားပြီး ဖက်ထုပ်ကို ဝယ်စားကြပါတယ်။

တရုတ်နိုင်ငံမှာ အခုနှစ်အတွင်း စီးပွားကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာ၊ မီးရှူး မီးပန်းနဲ့ ဗြောက်အိုး ပစ်ဖောက်မှုတွေကို အစိုးရက ကန့်သတ်ထားတာတွေကြောင့် ဘေဂျင်းမြို့ရဲ့ ကောင်းကင်ပြင်ဟာ အခါတိုင်းနှစ်တွေလို မီးရှူး မီးပန်းတွေနဲ့ ပြည့်မနေပေမယ့်လည်း ပျော်ပါးလိုကြတဲ့ လူငယ်တွေကတော့ ပိုက်ဆံစုဝယ်ပြီး မီးရှူး မီးပန်းနဲ့ ဗြောက်အိုးတွေ ပစ်ဖောက်ခဲ့ကြပါတယ်။

XS
SM
MD
LG