သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို လက်နက်တင်ပို့သူတွေထဲ တရုတ်ထိပ်ဆုံးစာရင်းဝင်


ကမ္ဘာတဝှမ်း လက်နက်တင်ပို့မှုမှာ အခုနောက်ဆုံး ဗြိတိန်နိုင်ငံ ကို ကျော်လွန်ပြီး နံပါတ် ၅ နေရာအထိ ရောက်လာတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို တင်ပို့မှုမှာတော့ ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ လက်နက်ရေးရာ ဆန်းစစ်မှုအဖွဲ့တခုက ပြော လိုက်ပါတယ်။ တရုတ်နိုင်ငံကတော့ လက်နက်တင်ပို့မှုဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်နေတာသာဖြစ် တယ်လို့ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုကျော်သိင်္ခက ပြောပြပေးမှာ ဖြစ်ပါတယ်။


တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာ့လက်နက် တင်ပို့ရောင်းချတဲ့ ဈေးကွက်မှာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့တဲ့အကြောင်း ဆွီဒင်နိုင်ငံ အခြေစိုက် Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) က ပြောလိုက်ပါတယ်။ ကမ္ဘာမှာ နံပတ် ၅ အဆင့် ရှိပေမဲ့လည်း မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု မှာတော့ ထိပ်ဆုံးအဆင့်မှာ နှစ်ပေါင်းများစွာ နေရာယူထားတယ်လို့ SIPRI ရဲ့ နိုင်ငံတကာ လက်နက်လွဲှပြောင်းမှုဆိုင်ရာ အထူးကျွမ်းကျင်သူ မခ့် ဘရွန်လေ (Mark Bromley) က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဆီက လက်နက်တွေ ဝယ်ယူရာမှာ အဓိကကျတဲ့ နိုင်ငံ
ဖြစ်ပါတယ်။ အရင် အချိန်ကာလတွေကတည်းက တရုတ်က မြန်မာပြည်ကို လက်နက် အမျိုးမျိုးကို ရောင်းချနေခဲ့တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက မြန်မာနိုင်ငံကို လက်နက် ထောက်ပံ့နေတဲ့ နိုင်ငံထဲမှာ တရုတ်နိုင်ငံက နံပါတ် ၁ ဖြစ်တယ် ဆိုတာကိုတော့ သိထားဖို့ အရေးကြီးပါတယ်။ ဥပမာ - ရေယာဉ်ပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် လက်နက် မျိုးတွေပါ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လက်နက်နဲ့ ပက်သက်တဲ့ အပို ကိရိယာ တန်ဆာပလာတွေကို ထောက်ပံ့ပေးတဲ့ထဲမှာ ရုရှားနိုင်ငံလည်း ပါပါတယ်”

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ တရုတ်နိုင်ငံက နိုင်ငံတကာကို လက်နက်လွဲှပြောင်း တင်ပို့မှုတွေထဲ မှာ မြန်မာနိုင်ငံကို ၈ ရာခိုင်နှုန်းအထိ ပို့ဆောင်ခဲ့တာ တွေ့ရှိရတဲ့အကြောင်း ဖော်ပြပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံက စစ်လက်နက် ပစ္စည်းတွေဟာ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေကို စစ်တပ်က သွေးထွက် သံယို နှိမ်နင်းခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပိုပြီး ဝင်ရောက်လာတယ်လို့ သုံးသပ်နေကြ တာပါ။

အထူးသဖြင့် အနောက်နိုင်ငံကြီးတွေက လက်နက်ရောင်းချမှု တားမြစ်တာတွေ အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေကြောင့် အလွယ်တကူ ရနိုင်တဲ့ တရုတ်နိုင်ငံဘက် ဦးလှည့် လာတာလို့လည်း ပြည်ပအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ မှတ်တမ်းနဲ့ သုတသနဌာနက စစ်ရေးလေ့လာသူ ဦးဋ္ဌေးအောင်က သုံးသပ်ပါတယ်။

“ကျနော်တို့ ၈ လေးလုံးပြီးခါစ ကာလမှာပေါ့။ တခြားနိုင်ငံတွေကလည်း ဒီလက်နက်
ရောင်းဝယ်မှုတွေ မလုပ်ကြဘူးလေ။ အဲ့ဒါကြောင့်မို့ တရုတ်နိုင်ငံက လက်နက်တွေကို
ဈေးပေါပေါ ရတာလည်း ပါတာပေါ့လေ။ နောက်တခုက တရုတ်အစိုးရက ဗမာအစိုးရကို ဒီစီးပွားရေးအရရော၊ နိုင်ငံရေးအရရော အကူအညီပေးတဲ့အပေါ်မှာ ပါတာပေါ့။ အဲ့ဒါကြောင့် သူတို့က တရုတ်နိုင်ငံက လက်နက်တွေကို အဓိကထားပြီးတော့ ဝယ်ယူ သုံးစွဲခဲ့တဲ့ အနေအထားရှိတယ်။”

“တရုတ်နိုင်ငံက ကျနော်တို့ ဒီမြန်မာနိုင်ငံကိုပေါ့နော်၊ လက်နက်တွေ စရောင်းတာပေါ့နော်၊ ဒီ ၈၈ နောက်ပိုင်း၊ အနောက်နိုင်ငံတွေ စီးပွားရေး ပိတ်ဆို့မှုတွေရော၊ လက်နက် ရောင်းချမှု ပိတ်ဆို့မှုတွေရော အရေးယူမှုတွေ စလုပ်တဲ့အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ပေါ့လေ၊ ဘယ်နိုင်ငံကမှ လက်နက် မရနိုင်တဲ့အဆုံးမှာ တရုတ်နိုင်ငံကနေ လက်နက်တွေ နှစ်စဉ်ပေါ့နော် ဘီလီယံ နဲ့ ချီပြီးတော့ ဝယ်ယူခဲ့ရတဲ့ အနေအထားရှိတယ်။ အဲ့ဒီတည်းကနေ စပြီးတော့ မြန်မာအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ လက်နက်တွေ စပြီးတော့ ဝယ်ယူ သုံးစွဲလာရတာပေါ့။ အခု နောက်ဆုံး အခြေအနေအထိ တရုတ်နိုင်ငံက လက်နက်တွေကို ဝယ်ယူသုံးစွဲနေတဲ့ အနေအထား ကျနော်တို့ တွေ့ရတယ်”

တရုတ်အစိုးရကတော့ လက်နက် ရောင်းချမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်လေ့တော့ မရှိပါဘူး။ ကမ္ဘာတဝှမ်း လက်နက်တင်ပို့ရောင်းချမှုမှာ အဆင့် ၅ ရှိလာတယ်ဆိုပြီး SIPRI ရဲ့ အစီရင်ခံစာ ထွက်လာပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ လက်နက်တင်ပို့မှုတွေဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီသာ ဆောင်ရွက်နေတာဖြစ်ပြီး၊ ငြိမ်းချမ်းရေး တည်ငြိမ်ပျက်ပြားအောင် လုပ်ဆောင်တာမျိုး မရှိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီ (Hong Lei) က ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ လက်နက်တင်ပို့ ရောင်းချတဲ့အခါမှာ အမြဲတမ်း တာဝန်ယူမှုနဲ့ ချင့်ချင့်ချိန်ချိန် လုပ်ခဲ့တာချည်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နဲ့ နိုင်ငံတကာ ဥပဒေတွေအရ ပြည်တွင်းမှာ ထားရှိတဲ့ တင်းကြပ်တဲ့ ဥပဒေတွေကိုလည်း အကောင်အထည်ဖော်၊ လိုက်နာဆောင်ရွက်နေတာပါ။ လက်နက် တင်ပို့ရောင်းချတဲ့နေရာမှာ တရုတ်နိုင်ငံက ကျင့်သုံးတဲ့ မူဝါဒ ၃ ချက်ရှိပါတယ်။ နံပါတ် ၁ အချက်က လက်နက်ဝယ်ယူတဲ့ နိုင်ငံတွေအနေနဲ့ တရားမျှတမှု နဲ့ ကိုယ့်နိုင်ငံလုံခြုံရေး လိုအပ်ချက်အရ ဝယ်ယူဖို့၊ ဒုတိယအချက်အနေနဲ့ ဒေသတွင်း နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို မထိခိုက်ဖို့၊ တတိယအချက်ကတော့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ပါပဲ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟောင်းလီ (Hong Lei) က တရုတ်ဘာသာ နဲ့ ပြောသွားတာပါ။

ကမ္ဘာတဝှမ်း လက်နက်လွဲှဲပြောင်း တင်ပို့နေတဲ့ ထိပ်တန်းနိုင်ငံတွေ အဖြစ်နဲ့ကတော့ ၃၀ ရာခိုင်နှုန်းအထိ တင်ပို့နေတဲ့ အမေရိကန် ပြည်ထောင်စု၊ ၂၆ ရာခိုင်နှုန်း လွဲှပြောင်းတဲ့ ရုရှားနိုင်ငံတွေ ဖြစ်တဲ့အကြောင်း SIPRI အစီရင်ခံစာက ဖော်ပြထားတာပါ။ ဒီ ၂ နိုင်ငံပြီးရင်တော့ ၇ ရာခိုင်နှုန်း လွှဲပြောင်းနေတဲ့ ဂျာမဏီနိုင်ငံ၊ ၆ ရာခိုင်နှုန်း တင်ပို့နေတဲ့ ပြင်သစ်နိုင်ငံနဲ့ ဗြိတိနိုင်ငံနေရာမှာ အစားထိုးဝင်လာတဲ့ တရုတ်နိုင်ငံကတော့ ၅ ရာခိုင်နှုန်း အသီးသီး ရှိတဲ့အကြောင်းလည်း အစီရင်ခံစာက မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG