သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး အစားထိုးခန့်တဲ့အထိ Hagel တာဝန်ဆက်ထမ်းမည်


ကာကွယ်ရေးဝန်ကြီး Chuck Hagel (ဝဲ) နဲ့ သမ္မတ Barack Obama
ကာကွယ်ရေးဝန်ကြီး Chuck Hagel (ဝဲ) နဲ့ သမ္မတ Barack Obama

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ နှစ်နှစ်နီးပါးတာဝန်ထမ်းဆောင်ပြီးတဲ့အနောက် အခု ရာထူးကနေ နုတ်ထွက်သွားပါပြီ။ Chuck Hagel ကိုယ်တိုင် သူ့ရဲ့တာဝန်ပြီးဆုံးချိန်ရောက်နေပြီလို့ ပြီးခဲ့တဲ့လကတည်းက အသိပေးပြောဆိုခဲ့တဲ့အကြောင်း တနင်္လာနေ့ ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုးဘာမားက ပြောသွားပါတယ်။

အီဘိုလာရောဂါတိုက်ဖျက်ရေးအပါအဝင် IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေအပေါ် အမေရိကန် အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေမှာ ဝန်ကြီး Hagel ဟာ အမြဲပဲ အားကိုးရတဲ့သူတဦးဖြစ်တယ်လို့လည်း သမ္မတအိုဘားမားကပြောပါတယ်။ ဒါ့အပြင် ဝန်ကြီး Hagel ဟာ သာမန် ကာကွယ်ရေးဝန်ကြီးတဦးမဟုတ်တဲ့အကြောင်း၊ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးနဲ့ စစ်သမီး၊ စစ်သားတွေအတွက် ဆယ်စုနှစ်ပေါင်းများစွာ စွမ်းစွမ်းတမံ ဆောင်ရွက်လာခဲ့သူဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

သမ္မတအိုဘားမာအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးဟေဂယ်လ်တဦးတည်းပဲ ရီပတ်ဗလင်ကန်ပါတီဝင်ဖြစ်ပါတယ်။ အခုလို ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ရတာဟာလည်း ထူးခြားတဲ့အခွင့်အရေး တရပ်ဖြစ်ပါတယ်လို့ ဝန်ကြီးHagel က ပြောပါတယ်။ သူ့နေရာကို အစားထိုးမယ့်သူ မတွေ့မချင်း ဝန်ကြီး Hagel အနေနဲ့ လက်ရှိတာဝန်တွေကို ဆက်လက် ထမ်းဆောင်နေဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ လက်ထောက် ကာကွယ်ရေးဝန်ကြီးဟောင်း Michele Flournoy ကို ဝန်ကြီး Hagel နေရာမှာ အစားထိုးဖို့ သမ္မတအိုဘားမားအစိုးရ အမည်စာရင်းတင်သွင်းထားပြီး အခြားဖြစ်နိုင်ခြေရှိတဲ့သူတွေ စာရင်းထဲမှာ ဒုကာကွယ်ရေး ဝန်ကြီးဟောင်း Ashton Carter နဲ့ လက်ရှိဒုကာကွယ်ရေးဝန်ကြီး Robert Work တို့ပါဝင်ပါတယ်။

နယူးရောက်တိုင်းမ်စ်သတင်းစာမှာတော့IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုအပါအဝင် အမေရိကန်နိုင်ငံခြားရေး မူဝါဒ အခက်အခဲတွေ ရင်ဆိုင်လာရတဲ့အပေါ် ရာထူးကနေ နုတ်ထွက်ဖို့ ဝန်ကြီးHagel ဖိအားပေးခံခဲ့ရတာဖြစ်တယ်လို့ သမ္မတအိုဘားမား အစိုးရအဖွဲ့အတွင်းက အရာရှိတွေပြောတာကို ကိုးကားပြီး ဖော်ပြထားပါတယ်။

XS
SM
MD
LG