သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးဖြစ်ရပ် တရားမျှတမှု ၈၈ နဲ့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို


အလွတ်သတင်းထောက် ကိုပါကြီးအတွက် တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့ ဆူးလေးစေတီအနီး ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူများ။ (ဓာတ်ပုံ အံ့ဘွယ်ကျော်၊ အောက်တိုဘာ ၂၆၊ ၂၀၁၄)
အလွတ်သတင်းထောက် ကိုပါကြီးအတွက် တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့ ဆူးလေးစေတီအနီး ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူများ။ (ဓာတ်ပုံ အံ့ဘွယ်ကျော်၊ အောက်တိုဘာ ၂၆၊ ၂၀၁၄)

စစ်တပ်ကဖမ်းဆီးပြီး သေဆုံးသွားပြီလို့ သတင်းထုတ်ပြန်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်၊ အလွတ်တန်းသတင်းထောက်လည်းဖြစ်တဲ့ ကိုပါကြီးရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ တာဝန်ရှိသူတွေက စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ပေးဖို့ ဒီကနေ့မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေက ဆန္ဒဖော်ထုတ် တောင်းဆိုလိုက်ပါတယ်။ ကိုပါကြီးဖြစ်ရပ်ကို အမှုမှန်အတိုင်း မဖော်ထုတ်နိုင်ခဲ့ရင် ပြည်သူတွေအပေါ်မှာ စစ်တပ်က တရားမဲ့လုပ်ရပ်တွေ ထပ်ပြီး လုပ်လာနိုင်တဲ့အတွက် ငုံ့မခံကြဖို့ကိုလည်း ၈၈ ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆူးလေမြို့တော်ခန်းမရှေ့မှာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က ကိုယ်တိုင် သွားရောက် သတင်းယူထားပါတယ်။

…နိုင်ငံသားအတွက် လုံခြုံရေး၊ တို့အရေး၊ တို့အရေး…

…နိုင်ငံသားများ လုံခြုံရေး၊ တို့အရေး၊ တို့အရေး…

တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ အလွတ်တန်းသတင်းထောက်တစ်ဦးလည်းဖြစ်တဲ့ ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီးဟာ စစ်တပ်က ဖမ်းဆီးထားရာကနေ ထွက်ပြေးဖို့ သေနတ်လုတာကြောင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။ အခုလို ကိုပါကြီးသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီးတော့ စစ်တပ်ဘက်က ထုတ်ပြန်မှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသလို ကိုပါကြီးရဲ့ဖြစ်ရပ်ဟာ လူသတ်၊ အလောင်းဖျောက်ပုံစံ ဖြစ်နေတဲ့အတွက် တရားမျှမျှတတဖြစ်ဖို့ စုံစမ်းရေးကော်မရှင်တရပ်ကို စစ်တပ်ဘက်ကရော အုပ်ချုပ်ရေးဘက်ကပါ အမြန်ဖွဲ့ပေးဖို့ ဒီကနေ့ ဆူးလေခန်းမရှေ့မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၀ ကျော်က တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးအတွက် တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့ ဆူးလေးစေတီအနီး ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူများ။ (ဓာတ်ပုံအောင်ရဲမောင်မောင်၊ အောက်တိုဘာ ၂၆၊ ၂၀၁၄)
အလွတ်သတင်းထောက် ကိုပါကြီးအတွက် တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့ ဆူးလေးစေတီအနီး ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူများ။ (ဓာတ်ပုံအောင်ရဲမောင်မောင်၊ အောက်တိုဘာ ၂၆၊ ၂၀၁၄)

စစ်တပ်ဘက်ကတော့ ကိုပါကြီးရဲ့ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲမှာတော့ ကိုပါကြီးရဲ့ ရုပ်အလောင်းကို စုံစမ်းစစ်ဆေးမှုတွေ မျှမျှတတလုပ်ဆောင်ဖို့ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တောင်းဆိုလိုက်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် မင်းကိုနိုင် (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် မင်းကိုနိုင် (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်

“ဒီအလောင်းကို အခုနောက်ဆုံး ပြန်အပ်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ကော်မရှင်က လွတ်လပ်မျှတရမယ်၊ ကျွမ်းကျင်မှု ရှိရမယ်၊ ကျနော်တို့က မျက်ခြေမပြတ်အောင်လည်း စောင့်ကြည့်မယ်။ နောက်ဆုံးအနှစ်ချုပ်ကို ကျနော်တို့ ပြောပါမယ်၊ ယခုလို စုဝေးရခြင်းဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက် မကပါဘူး၊ ကျနော်တို့တိုင်းပြည်ဟာ အထက်ကနေပြီးတော့ ဆိုင်းဘုတ်လှလှတွေတင်တယ်၊ အသံကောင်းကောင်းတွေ လွှင့်တယ်။ ပြောင်းလဲနေပြီ၊ ပြောင်းလဲနေပြီလို့ ပြောသော်ငြားလည်း တကယ့်တကယ်ကျတော့ အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေဟာ စိတ်ကြိုက်လုပ်ဖို့ ကြိုးစားနေတုန်းပဲ၊ လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်နေတုန်းပဲဆိုတာကို ကျနော်တို့ နံပါတ် (၁) ဖော်ထုတ်တယ်၊ အဲဒါအားလုံးဟာ တရားဥပဒေစိုးမိုးမှု ကင်းနေတယ်ဆိုတာ ဖော်ထုတ်တယ်။”

(၈၈) ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း (၃၀) ကျော်တို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ရတာဟာ ကိုပါကြီး အသတ်ခံရမှု ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ဖြစ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ပြောပါတယ်။

“ကိုပါကြီးဟာ ကျနော်တို့ ဖော်ထုတ်နိုင်လို့၊ ကျနော်တို့သိရှိလို့ အခုလို စုဝေးခွင့်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့လိုမျိုး ဖော်ထုတ်ခွင့်မရဘဲနဲ့ လူမသိ သူမသိ အဲသလို သေကြေသွားတဲ့၊ အဲသလို ညှင်းပမ်းနှိပ်စက်ခံရတဲ့ နိုင်ငံသားအားလုံးကို ကိုယ်စားပြုပြီးတော့ ကျနော်တို့ ကန့်ကွက် ဆန့်ကျင် နေတာ ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ သူ့ရဲ့လုပ်ရပ်တွေကတော့ ဘာမှ မပြောင်းလဲဘူးလို့ ကိုကိုကြီးက ဆက်ပြောပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် ကိုကိုကြီး (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ၈၈ မျိုးဆက် ကိုကိုကြီး (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်

“ဒီကနေ့ ကျနော်တို့နိုင်ငံဟာ နိုင်ငံတကာအလယ်မှာ ကျနော်တို့နိုင်ငံက ဒီမိုကရေစီပြောင်းလဲရေးဟာ စံပြပုံစံပဲဖြစ်သလို လိုမျိုး အလွန်အကျွံ ချီးကျူးနေကြတာတွေ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ နှစ်ပေါင်းများစွာအထိ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ (၈၈) မျိုးဆက်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေကလည်းပဲ ကျနော်တို့ခံစားခဲ့ရတာတွေကို မျိုသိပ်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတတ်နိုင်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ ကြိုးစားနေတဲ့အချိန်မှာ အခုလိုမျိုး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေဟာ ဆက်ပြီးတော့ ဖြစ်နေဆဲဖြစ်တယ်ဆိုတာကို ပေါ်ပေါ်ထင်ထင် ထင်ထင်ရှားရှာ ဖော်ပြနေတာ ဖြစ်ပါတယ်။”

ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို လေးနာရီကနေ ငါးနာရီအထိ ၁ နာရီနီးပါးကြာအောင် ထုတ်ဖော်ခဲ့ကြတာပါ။ ဒီလိုဆန္ဒပြမယ်ဆိုတာကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို စာတင်အကြောင်းကြားထားပေမယ့်လည်း ဆန္ဒပြပွဲလုပ်နေရာကို ရဲအရာရှိတွေက လာရောက်တားမြစ်ဖို့ ကြိုးစားတဲ့အတွက် ဆန္ဒထုတ်ဖော်သူတွေက သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ ဒါကြောင့် လာရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကတော့ (၈) လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တုန်းက ကိုဘုန်းမော်ရဲ့ဖြစ်ရပ်နဲ့ အခု ကိုပါကြီးရဲ့ ဖြစ်ရပ်တို့ကို နှိုင်းယှဉ်ပြီး ပြောခဲ့ကြပါတယ်။

၁၉၈၈ အရေးတော်ပုံတုန်းကလို ဖြစ်ရပ်မျိုးပြန်မရောက်ဖို့ ဒီကိစ္စကို ကျူးလွန်သူကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူပြဖို့လိုတယ်လို့လည်း သူတို့က တောင်းဆိုခဲ့ပါတယ်။ ၈၈ တုန်းကလို ဖြစ်ရပ်မျိုး ထပ်ဖြစ်မလာဖို့ တာဝန်အရှိဆုံးကတော့ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အစိုးရနဲ့ စစ်တပ်ခေါင်းဆောင်တွေ ကောင်းကောင်း ကိုင်တွယ်နိုင်မှုက အရေးအကြီးဆုံးဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း Generation Wave အဖွဲ့က ကိုမိုးသွေးက ပြောပါတယ်။ ၈၈ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ဒီကနေ့ ဆန္ဒပြထုတ်ဖော်မှုဟာဆိုရင် သမ္မတဦးသိန်းစိန်သက်တမ်းအတွင်း အပြင်းထန်ဆုံး တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုလည်း ဖြစ်ပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူများ (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်
အလွတ်သတင်းထောက် ကိုပါကြီး ပျောက်ဆုံး၊ သေဆုံးမှု တရားမျှတစွာ ဖြေရှင်းဖို့ တောင်းဆိုဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူများ (အောက်တိုဘာ ၂၆၊ ၁၄) ဓာတ်ပုံ အံ့ဘွယ်ကျော်

XS
SM
MD
LG