သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးပေါက်ကွဲမှုကြောင့် မိုင်းရှူး ဒေသခံတွေ စိုးရိမ်


ရှမ်းပြည်နယ် မြေပုံ- သတင်းဓာတ်ပုံ- UNOCHA
ရှမ်းပြည်နယ် မြေပုံ- သတင်းဓာတ်ပုံ- UNOCHA

စစ်ရေး ပဋိပက္ခ ဖြစ်ပွါးနေဆဲဖြစ်တဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/SSA နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မီတီတို့ စစ်ရေးဖြေလျော့နိုင်ဖို့ တွေ့ဆုံဆွေးနွေးနေဆဲတချိန်ထဲမှာပဲ ရှမ်းပြည် နယ် မိုင်းရှူးမြို့ အတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပြီး လူနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွါးနေ ဆဲဖြစ်ပြီး စစ်အင်အား ထပ်မံတိုးချဲ့လာနေတာကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွါးမှာ စိုးရိမ်နေရတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းပြီး အခုလို သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့စစ်ရေးတင်းမာနေတဲ့အနေအထားကြောင့် ရှမ်းပြည်နယ်ကျေးသီး မိုင်းရှူး မိုင်းနောင်ဒေသအတွင်းမှာ စစ်ဘေးဒဏ်တွေကို ခံနေရတဲ့ အပြင် ဗုံးပေါက်ကွဲမှူဖြစ်စဉ်တွေဖြစ်ပေါ်နေတဲ့ အတွက် ဒေသခံတွေအကြားမှာစိုးရိမ်မှုတွေဖြစ်ပွါးနေပါတယ်။

ဒီကနေ့ မနက်ဖက်မှာ မိုင်းရှူးမြို့အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ လို့ ဒေသခံ လူငယ်နှစ်ဦး ထိခိုက်ဒ ဏ်ရာရရှိသွားတယ်လို့ မိုင်းရှူးမြို့ခံ နန်းဆိုင်ဟိန်းက ပြောပါတယ်။

“၈ နာရီလောက်မှ သူတို့မိုင်းရှူးကနေ အထက်က ဝါးတွေကို သွားခုတ်မလို့တဲ့ အစပ်မှာဖြစ်တာ။ သူတို့နဲ့ကျမှ အဲ့ဒီ့ ပေါက်ကွဲ နင်းမှုကဖြစ်တာလေ။ အဲဒီမှာ ဆိုင်ကယ်စီး သွားရင်းနဲ့ အဲဒီနားမှာ ပေါက်ကွဲမှုဖြစ်လို့ အဲ့ဒီ့မှာ ထိတယ်။ ထိတာ ၂ ယောက် ထိတယ်။ ဆေးရုံလာတက်တယ်။ အခု ခိုလမ်ဆေးရုံကို ယူသွားလိုက်ပြီ။”

ထိခိုက်ဒဏ်ရာရရှိတဲ့ လူငယ်နှစ်ဦးဖြစ်တဲ့ စိုင်းရွှေ(၂၅)နှစ်နဲ့ စိုင်းမောင်နု (၉)နှစ်တို့ ဟာ ခိုလမ် စစ်ဆေးရုံမှာ ဆေးဝါးကုသခံယူ နေတာဖြစ်ပြီး အသက် အန္တရာယ် ထိခိုက်မှုတော့ မရှိဘူးလို့လဲ သူကပြောပါတယ်။ ဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်သူလက်ချက် ဆိုတာ ဒေသခံ ရဲတပ်ဖွဲ့ ကနေ လိုက်လံ စုံစမ်းနေဆဲလို့ လွယ်လင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တဦးကပြောပါတယ်။

ရှမ်းပြည်နယ် လွယ်လင်ခရိုင် မိုင်းရှူးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၇) ရက်နေ့ မှာလဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး သက်ဆိုင်ရာမြန်မာ အာဏာပိုင်တွေကနေ အခုအချိန်အထိ လက်သည် ကို ဖေါ်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ ရှမ်းပြည်နယ် မိုင်းရှူး မိုင်းနောင် ဒေသတွေမှာ ဗုံးပေါက်ကွဲမှု ပြဿနာတွေအပြင် စစ်ရေးအခြေအနေ တင်းမာနေ မှု ကလဲ ဒေသခံတွေရဲ့လုံခြုံရေးကိုခြိမ်းခြောက်နေပါတယ်။

အခုအချိန် အထိ မငြိမ်းသေးတဲ့ စစ်ရေး အခြေအနေတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ မိုင်းရှူးမြို့ခံ နန်းဆိုင်ဟိန်းကပြောပါတယ်။

“လူတိုင်းလိုလိုကတော့ စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။ ဘယ်အချိန်မှာ ပစ်မယ်ဆိုတဲ့ အဲလိုမျိုး သတင်းတွေလည်းကြားရတော့ ကြောက်ကြတယ်။”

နိုဝင်ဘာလ (၂၂)နေ့က မြောက်ပိုင်း ရှမ်းပြည်တပ်မတော် နဲ့ မြန်မာ့တပ်မတော်တို့ အကြား မိန်းအမ်ဒေသမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စပါးရိတ်သိမ်းနေတဲ့ လယ်သမား (၂၀)ကျော် ဟာ တိုက်ပွဲအတွင်းမှာ ပိတ်မိနေပြီး (၃)ယောက်သာ ဒုက္ခသည် စခမ်းကို ပြန်ရောက် လာပြီး ကျန်ရှိတဲ့သူတွေရဲ့ အခြေအနေကို မသိရှိသေးဘူး လို့လဲ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဘက်က ကြေညာချက် ထုတ် ပြန် ထားပါတယ်။

မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန် စွာ ဖြစ်ပွါးနေတဲ့ မိုင်းရှူး မိုင်းနောင် ဒေသတွေ မှာ မြန်မာ့ တပ်မတော်ဘက်က အင်အား ထပ်မံ တိုးချဲ့လာတယ်လို့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ဗဟိုဌာနချုပ်က ဗိုလ်မှူး စိုင်းခမ်း ကအခုလိုပြောပါတယ်။

“သူတို့ ကျူးကျော်နေတဲ့နေရာ ဆပ်ပါဆိုင်တို့ ၊ ကျေးသီးတို့ဖက်မှာတော့ အင်အား နည်းနည်းချဲ့ကြတယ် လို့တော့ကြားတယ်ခင်ဗျာ။”

အခုလိုမြန်မာ့တပ်မတော်ဘက်က စစ်အင်အားတိုးချဲ့လာပြီး ထိုးစစ် ဆင်နေမှုကြောင့် ဒေသခံ စစ်ပြေး ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုတွေဖြစ်ပွါးနေလို့ တိုက်ပွဲကို ရပ်တန့်စေချင်ပြီးလို့ ဒုက္ခသည်အရေးကိစ္စတွေကိုအကူညီပေးနေတဲ့ ရှမ်းလူ့အခွင့်အရေး အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ယိင်းဟန်ဖှကပြောပါတယ်။

“ အဲလိုမျိုးသာ ဖိအားပေးပြီးတော့ တိုက်ပဲတိုက်နေမယ်။ နောက်ထပ် ရွေ့ခိုင်းမယ်၊ ဆုတ်ခိုင်းမယ် ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူးလေနော်။ အခုဆိုရင် သူတို့ စစ်ကား ၃၁ စီး ထပ် လွှတ်လာတယ်နော်။ လက်နက် အပြည့်အစုံနဲ့ လာတယ်။ ပြောမယ်ဆိုလို့ရှိရင် ကျမတို့ စိုးရိမ်ရတာပေါ့နော်။ သူတို့ ဒီ အားထပ်ချဲ့တယ်လေ။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲကို အမြန်ဆုံး ရပ်ခိုင်းစေချင်တယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေကလည်း အရမ်းများ များလာနေတယ်လေ။ တစ်လခွဲလောက်ရှိပြီဆိုတော့လေ။ ကျယ်ပြန့်ပြီးတော့ စိုးရိမ်စရာတွေ အများကြီးဖြစ်လာတဲ့အခါကျတော့ ကျမတို့ အမြန်ဆုံးရပ်စေချင်တယ်။"

အခုလိုနှစ်ဖွဲ့တပ်ဖွဲ့တွေ အကြားဖြစ်ပွါးနေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ကို လျှော့ချနိုင်ရေး အတွက် မြောက်ပိုင်း ရှမ်းပြည်တပ်မတော် နဲ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ တို့ကနေ မနေ့ကစပြီးတွေ့ဆုံဆွေးနွေးနေခဲ့ရာမှာ SSPP ဘက်က တပ်ဆုတ်ပေးဖို့တောင်းဆိုခဲ့တာကြောင့် သဘောတူညီချက်တစုံတရာမရရှိခဲ့ဘဲ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

NCA လက်မှတ် ရေးထိုးဖို့ အဆင်သင့် မဖြစ်သေးတဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် နဲ့ မြန်မာ့တပ်မတော်တို့ ဟာ အောက်တိုဘာ (၆)ရက်ကနေစပြီး တိုက်ပွဲတွေ ရက်ဆက် ဆိုသလို ဖြစ်ပွါးနေခဲ့ပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွား ရတာဟာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဖက်က သတ်မှတ် တပ်တည်နေရာကနေ ကျော်လွန်ပြီး အင်အားနဲ့ နယ်မြေချဲ့ထွင်မှု ၊ တပ်မတော် တပ်စခန်းတွေကို အကြိမ်ကြိမ် တိုက်ခိုက်မှု ၊ နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကို အနှောင့်အယှက် ပြုတဲ့ လုပ်ဆောင် ချက်တွေကြောင့် ပြည်သူ လူထုနဲ့ နယ်မြေလုံခြုံရေးအတွက် တပ်မတော် ကနေ တန်ပြန် လုပ်ဆောင်နေရတယ်လို့ မနေ့က လွှတ်တော် အစည်းအဝေးမှာ ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်ကနေ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အခုလိုဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် မိုင်းရှူး မိုင်းနောင် ကျေးသီးမြို့နယ် က ဒေသခံ ကျေးရွာသား(၈၀၀၀)ကျော်ဟာ နေရပ်ကနေ စွန့်ခွါခဲ့ရပြီး စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ တိမ်းရှောင်နေကြရပါတယ်။

XS
SM
MD
LG