သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ဖွံ့ဖြိုးရေး ကလင်တန် ဖောင်ဒေးရှင်း ကူမည်


CGI တည်ထောင်သူ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်။ (သတင်းဓာတ်ပုံ-Photo: Paul Morse / Clinton Global Initiative)
CGI တည်ထောင်သူ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်။ (သတင်းဓာတ်ပုံ-Photo: Paul Morse / Clinton Global Initiative)

မြန်မာနိုင်ငံဒေသ(၆)ခုမှာ နေထိုင်ကြတဲ့ အမျိုးသမီးပေါင်း (၆) သောင်း ကျော်ကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်အနေနဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ကလင်တန် နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ် CGI ကနေ အမေရိကန်ဒေါ်လာ (၇) သန်းထောက်ပံ့သွားမယ်လို့ CGI က ထုတ်ပြန် လိုက်ပါတယ်။ ကူညီထောက်ပံ့ရေး အစီအစဉ်ကို အမေရိကန်အခြေစိုက် pact အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ Chevron ၊ Coca Cola foundation တို့ကနေ တာဝန်ယူ ကူညီပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ကလင်တန် နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ်ရဲ့ အကူအညီ အကြောင်းကို ကိုစည်သူက ပြောပြပေးမှာပါ။

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ဦးဆောင်တဲ့ Clinton Global Initiative (CGI) လို့ ခေါ်တဲ့ ကလင်တန် နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံဒေသ(၆)ခုက အမျိုးသမီးတွေအတွက် ဆင်းရဲမှုလျှော့ချရေး၊ စွမ်းဆောင်ရည်မြင့်တင်ရေးကဏ္ဍတွေ အတွက် အမေရိကန်ဒေါ်လာ (၇) သန်း ထောက်ပံ့ကူညီမယ်လို့ CGI အဖွဲ့က ထုတ်ပြန်ကြေညာ လိုက်တာပါ။

အခုကူညီထောက်ပံ့မှုကို အမေရိကန်အခြေစိုက် pact အဖွဲ့ရဲ့ မြန်မာဌာနခွဲ pact Myanmar နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အကောင်အထည်ဖော် သွားမှာဖြစ်တယ်လို့ Pact Myanmar ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစည်သူစိုးမိုး က ပြောပါတယ်။

" အဲ့တာ ကျနော်တို့ Clinton Global Initiative (CGI) အဖွဲ့ အစီအစဉ်နဲ့ ထောက်ပံ့ တာပါခင်ဗျာ။ သူတို့ CGI ကတော့ သိတဲ့အတိုင်းပါပဲ အမေရိကန် သမ္မတဟောင်း ကလင်တန် ဖွဲ့သွားတဲ့ အဖွဲ့ပါ။ တကမ္ဘာလုံးမှာရှိတဲ့ Most Present Issues ပေါ့နော်။ အဲ့ဒီ့ Issues တွေကို သူတို့ကနေပြီးတော့ နိုင်ငံခေါင်းဆောင်တွေ ၊ ဒီNGO က အကြီးအကဲတွေ၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ ထိပ်သီးကုမ္ပဏီကြီးတွေ ရဲ့ CEO တွေ စုပေါင်းပြီးတော့ ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးတော့ ဘယ်သူကိုတော့ ကူညီ ထောက်ပံ့ ရင်ကောင်းမယ်ဆိုပြီးတော့ ဆွေးနွေးတဲ့အခါမှာ မြန်မာပြည်ကို အခု ဒီ CGI အကူအညီက လာပါပြီ လာတဲ့အခါမှာ ဒေါ်လာ ၇သန်း ထောက်ပံ့ပါတယ်။ ထောက်ပံ့တဲ့အခါမှာ Pact Myanmar နဲ့ ပူးတွဲပြီးတော့ လုပ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ Coca Cola ရယ် Chevron ၊ ရေနံကုမ္ပဏီကြီးနှစ်ခုရယ် ပေါင်းပြီး ထောက်ပံ့ပါတယ်။"

Pact Myanmar အဖွဲ့ဟာ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံ တွင်း ကျေးရွာတွေ မှာ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း တိုးတက်ဖွံ့ဖြိုးရေးတွေ ကို ဆောင်ရွက်နေ တာဖြစ်ပါတယ်။ အခု အကူအညီမှာတော့ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Coca Cola ၊ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့နဲ့ ပူးပေါင်းပြီး လက်ရှိ လုပ်ကိုင်နေတဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ဆက်လက်တိုးမြှင့် လုပ်ကိုင်သွားဖို့ ရှိတယ်လို့ Pact Myanmar က ပြောပါတယ်။

" အဲ့တာ ကျနော်တို့ လောလောဆယ် ပရိုဂျက်နှစ်ခုပေ့ါနော်။ Coca Cola က လုပ်တဲ့ စွမ်းရည်ရှိတယ် ခင်ဗျာ။ Cheveron က လုပ်တဲ့ ရှိုင်းဆိုတာရှိတယ်။ စွမ်းရည် ကတော့ မြန်မာအမျိုးသမီးတွေ ဒီစီးပွားရေး စွမ်းအား မြင့်တက်ရေးပေါ့။ မိသားစုတွေ ဝင်ငွေ ချောင်လည်လာပြီးတော့ ကျန်းမာရေးအခြေခံ အကုန်လုံးပေါ့။ လူနေမှု အဆင့်အတန်း မြင့်တက်ရေးအတွက်မှာလည်း သုံးပါ့မယ်။ ဘယ်လောက် သုံးမယ်ဆိုတာ ကျနော်တို့ ဆွေးနွေး ညှိနှိုင်းနေပါတယ်။ ကျနော်တို့ ရှိုင်းကျတော့ ကျန်းမာပျော်ရွှင်တဲ့ဘဝ ကနေ မိသားစု ဝင်ငွေ တိုးတက်လာဖို့အတွက် အဲ့ဒီ့အတွက် လုပ်တာပါ။ အဲ့ဒီ့အတွက် ဘယ်လောက်ဝင်ငွေ ထောက်ပံ့မယ်ဆိုတာ ဆက်ပြီးတော့ ညှိနှိုင်းနေတုန်း ရှိပါသေးတယ်။ ဒေါ်လာ ၇သန်းကတော့ သေချာသွားပါပြီ။"

Pact Myanmar ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစည်သူစိုးမိုး ပြောသွားတာပါ။

Pact Myanmar နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ရန်ကုန်၊ မန္တလေး နဲ့ စစ်ကိုင်းဒေသတွေမှာ အကူအညီပေးနေပြီးတော့ CGI ရဲ့ အကူအညီကို အဲဒီဒေသတွေမှာ တိုးမြှင့်သုံးစွဲသွားနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။

မြန်မာအမျိုးသမီးများအတွက် စီးပွားရေး စွမ်းအားမြင့်မားစေရေး အတွက် ငွေစု အသင်းတွေက တဆင့် ဘဏ္ဍာရေးစနစ်တစ်ခု တည်ဆောက်နိုင်တဲ့ သင်တန်းတွေ အပြင် ကျေးလက်ဒေသက အမျိုးသမီးတွေ စီးပွားရေး စွမ်းဆောင် ရည်မြင့်မားလာစေဖို့ ကူညီပေးသွားမယ်လို့ Pact Myanmar က ပြောပါတယ်။

မြန်မာနိုင်ငံဟာ လူလေးဦးမှာ တစ်ဦးကျ ဆင်းရဲနွမ်းပါးနေတယ်လို့ သတ်မှတ်ခံ ထားရတာကြောင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ဆောင်ချက်တွေအ တွက် မြန်မာနိုင်ငံကို ကူညီဖို့ CGI ကရွေးချယ်ခဲ့တာဖြစ်တယ်လို့ CGI က ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ရဲ့ ၂၀၁၃ နိုဝင်ဘာလတုန်း က မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာလည်း ဆင်းရဲတဲ့ မြန်မာနိုင်ငံ အတွက် သမ္မတဟောင်းကလင်တန်ရဲ့ CGI Clinton Global Initiative အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေး ပန်ကြားခဲ့ဖူးပါတယ်။

မစ္စတာကလင်တန်ဟာ CGI လို့ခေါ်တဲ့ Clinton Global Initiative ကို ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး CGI အနေနဲ့ ကမ္ဘာတဝန်း နယ်ပယ်အသီးသီးမှာ ဦးစီး ဦးဆောင်လုပ်နေသူတွေကို စုစည်းပြီး ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ အရေးတကြီး စိန်ခေါ်မှုတွေအတွက် ထိုးထွင်း ဆန်းသစ်တဲ့ အဖြေတွေ ရှာဖို့နဲ့ အကောင်အထည်ဖော်ဖို့ ထူထောင်ခဲ့တာဖြစ်ပါတယ်

XS
SM
MD
LG