သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ် ဓာတ်ငွေ့ပိုက်လိုင်းစခန်း တရုတ်-မြန်မာအလုပ်သမား ရုန်းရင်းဆန်ခတ်ဖြစ်


http://www.cnpc.com.cn/en/
http://www.cnpc.com.cn/en/
ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ၂၂ မိုင်ခန့်ကွာဝေးတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပြီး ၂ ထပ် အဆောင်တခု မီးရှို့မှုတခု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် မြန်မာအလုပ်သမား ၁၀ ဦးကျော်ကို အမ်းမြို့နယ် ရဲစခန်းက ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ၂၂ မိုင်ခန့်ကွာဝေးပြီး အမ်းတောင်အုပ်စု
တောင်စောက်ရွာက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ကြားစခန်းတခုမှာ တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား ခဲ့တာပါ။ ဒီအတွက် မြန်မာလူမျိုး ၁၀ ဦးကျော် ဖမ်းဆီးခံထားရကြောင်း အမ်းမြို့နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုးက ဗွီအိုအေကို ပြောပြပါတယ်။

“အပေါ်ထပ်မှာ တရုတ်အလုပ်သမားတွေ နေပါတယ်။ အောက်ထပ်မှာ
မြန်မာအလုပ်သမားတွေ နေပါတယ်။ တရုတ်လုပ်သားတွေက အကြိမ်ကြိမ်အခါခါ ကျူးကျော်တာပေါ့။ အနိုင်ကျင့်တာပေါ့။ နိုင့်ထက်စီးနင်း တဘက်စောင်းနင်းလုပ်တာတွေ များနေပါပြီ။ များနေတဲ့အခါ ဖြစ်စဉ် - ဥပမာ အပေါ်ထပ်ကနေ အန်ချတာတို့၊ ရေလောင်းချတာတို့ ကျမတို့ မြန်မာအလုပ် သမားတွေက ဆင်းရဲတဲ့အခါ အလုပ်ကလေး ပြုတ်သွားမှာ ကြောက်တဲ့အခါ ကျတော့ အကြိမ်ကြိမ် သည်းခံခဲ့ရပါတယ်။ ကျမတို့ဆီမှာကလေ ဒေသရဲ့ လုပ်အားခဆိုပြီး လုပ်အားခကလည်း ကျမတို့က ၁ သိန်းဝန်းကျင်လောက်ပဲ ရပါတယ်။ အဲဒါမှာ အလုပ်ခေါ်ပေးတဲ့သူတွေကို အဆင့်ဆင့်ပေးရသေးတော့ တချို့ဆို ၇ သောင်း၊ ၈ သောင်းလောက်ပဲ ရကြပါတယ်။ လုပ်အားခ မညီမျှတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့ လုပ်အားခတွေကိုလည်း အကျေအလည် မရဘူး။ အဲ့ဒါမျိုးတွေလည်း ပါပါတယ်။ အဲ့ဒါနဲ့ မခံနိုင်တဲ့အဆုံးမှာ ဒီပြဿနာတွေ ဖြစ်တော့တာပါပဲ။”

“အခုဖြစ်တဲ့ပြဿနာကျတော့ အောက်ထပ်မှာ ဖုန်းပြောနေတာကို အပေါ်ထပ်ကနေ ရေနဲ့ပက်လိုက်တာတဲ့။ ဘယ်သူပက်တာလဲ ဖော်ထုတ်မယ် ဆိုပြီးတော့ နောက်ဆုံးဖြစ်လာပါတယ်တဲ့။ အဲ့ဒီမှာ တရုတ်က ထွက်ပြေးသွားပါတယ်တဲ့။ ၁ ဖာလုံလောက်ဝေးတယ်။ သူတို့ရုံးနားက အင်ဂျင်နီယာတွေနေတဲ့ နှစ်ထပ်အိမ်နားမှာ မီးလောင်မှုဖြစ်ပြီးတော့ အဓိကရုဏ်းလေး နည်းနည်းဆန်ဆန် ပေါက်ကွဲပြီးတော့ လူထုက အဲ့ဒါနဲ့ မီးရှို့လိုက်ကြပါတယ်တဲ့။ နှစ်ထပ်အိမ်တအိမ် ပါသွားပါတယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ မြန်မာအလုပ်သမား ၁၄ ဦးကို အမ်းမြို့နယ် ရဲစခန်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။”

ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံထားရတဲ့ ရဲစခန်းကို သွားရောက်ခဲ့ပြီး မျှတတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ပြောဆိုခဲ့ တယ်လို့ ဒေါ်သွယ်သွယ်စိုးက ပြောပြပါတယ်။

“ကျမက မနေ့က ရဲစခန်းကို သွားမေးလိုက်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့။ ဇာတ်လမ်းအစက ဘယ်သူက စခဲ့တာလဲ။ သူတို့မှာရော အပြစ်မရှိဘူးလား။ သူတို့ကိုရော မခေါ်ဘူးလား။ တဘက်စောင်းနင်းဖြစ်သွားရင် မကောင်းဘူး။ ပြီးတော့ ရှင်းရှင်းပြောရရင် ဒီစီမံကိန်းကြီးက တနိုင်ငံလုံးက ကျေနပ်မှုရှိတဲ့ စီမံကိန်းကြီး မဟုတ်ပါဘူး။ ဒီဟာက အမှိုက်တစ ဖြစ်သွားနိုင်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း နှစ်ဦးနှစ်ဘက် မျှမျှတတ လုပ်ကြဖို့ကို ကျမ အကြံပေးခဲ့ပါတယ်။”

အမ်းမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးနေကြောင်းကိုသာ အတည်ပြု ပြောကြားပြီး ဖမ်းထားသူ အရေအတွက်နဲ့ ဘယ်အမှုတွေနဲ့ စွဲဆိုထားသလဲ ဆိုတာကိုတော့ ရဲစခန်းက ဖြေကြားခြင်း မရှိပါဘူး။ အမ်းရဲစခန်းက တာဝန်ကျ ရဲမှူးကတော့ အခုလို ဖြေပါတယ်။

မေး။ ။ အမ်းမြို့နယ် ရဲစခန်းကပါလားရှင်။
ဖြေ။ ။ “ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ။”
မေး။ ။ ကျမ ဗွီအိုအေသတင်းဌာနကပါရှင့်။ ဟိုတနေ့က အမ်းမှာဖြစ်တဲ့ တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေကို အရေးယူထားတယ်လို့ သိရပါတယ်။ ဟုတ်ပါသလားရှင်။
ဖြေ။ ။ “အခုက မသိရသေးပါဘူးခင်ဗျ။ လူကြီးတွေရဲ့ အစီအမံနဲ့ စစ်တုန်းဆေးတုန်းပါပဲ။ မသိရသေးပါဘူး။”
မေး။ ။ ဟုတ်ကဲ့။ ဘယ်နှစ်ယောက်ကို စစ်ဆေးနေတာရှိပါသလဲရှင့်။
ဖြေ။ ။ “အဲ့ဒါတွေ အတိအကျ မသိသေးပါဘူးခင်ဗျ။ လူကြီးတွေလုပ်နေတာဆိုတော့။ စစ်တော့ စစ်နေကြပါတယ် ဟုတ်။”

အမ်းမြို့နယ်က ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အခု ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။

တရုတ်နိုင်ငံက CNPC လို့ခေါ်တဲ့ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား
ရေနံကော်ပိုရေးရှင်းက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံပြီး ဆောက်လုပ်နေတဲ့ စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ ဆန္ဒပြနေတာတွေလည်း အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG