သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coca-Cola စက်ရုံ မြန်မာနိုင်ငံမှာ ဖွင့်


Coca-Cola စက်ရုံဖွင့်ပွဲ အခမ်းအနား - ၄ ဇွန် ၂၀၁၃ (ဓာတ်ပုံ - ဗွီအိုအေ-မြန်မာပိုင်း)
Coca-Cola စက်ရုံဖွင့်ပွဲ အခမ်းအနား - ၄ ဇွန် ၂၀၁၃ (ဓာတ်ပုံ - ဗွီအိုအေ-မြန်မာပိုင်း)
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းကစပြီး လျှော့ချပေးခဲ့တာကြောင့် မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံကြတဲ့ အနောက်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းကြီးတွေထဲမှာ အမေရိကန် ပြည်ထောင်စုက အချိုရည်တွေထုတ်လုပ်တဲ့ coca-cola ကိုကာကိုလာ ကုမ္ပဏီကြီးလည်း ပါဝင်လာခဲ့ပါပြီ။ ကိုကာကိုလာ စက်ရုံဖွင့်ပွဲ ကျင်းပခဲ့တာမှာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Madeleine Albright) လည်း တက်ရောက်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဒီပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ကိုကာကိုလာ ဟာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စီပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့အပြီး မကြာမီမှာပဲ မြန်မာနိုင်ငံကို ပထမဆုံး ဝင်ရောက်လာတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ ကိုကာကိုလာ ကလည်း ပြည်တွင်းကို ဝင်ရောက်ခဲ့တာပါ။

ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် ပြည်တွင်းအချိုရည် ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ ကိုကာကိုလာ အချိုရည် ထုတ်လုပ်ရေးကို ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်တာတင်မကပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလည်း ကိုကာကိုလာအနေနဲ့ လုပ်ဆောင်မယ်လို့ ကိုကာကိုလာကုမ္ပဏီရဲ့ CEO မစ္စတာ မူတား ကန့် (Muhtar Kant) ပြောခဲ့ပါသေးတယ်။
ကိုကာကိုလာကုမ္ပဏီရဲ့ CEO Muhtar Kant ဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)

“နှစ် ၆၀ ကြာပြီးမှ ဒီလို လှပတဲ့ နိုင်ငံကို Coca-Cola ကုမ္ပဏီအနေနဲ့ ဝင်ရောက်လာနိုင်တဲ့အတွက် ရာဇဝင်တွင်တဲ့ မှတ်တိုင်တစ်ခုလို့တော့ ပြောလို့ရပါတယ်။ အခုလို မြန်မာပြည်အတွင်းမှာ Coca-Cola ကို ပူးပေါင်းထုတ်လုပ်ခွင့် ရလို့လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ Coca-Cola ဟာ နိုင်ငံတကာမှာလည်း ပြည်တွင်းတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေနဲ့ လက်တွဲပြီးတော့ Coca-Cola နဲ့ လက်တွဲနေတဲ့ နိုင်ငံဟာ စုစုပေါင်း ၂၀၀ နီးပါးရှိတယ်” လို့ မစ္စတာ မူတားကန့် က ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ ကိုကာကိုလာ အချိူရည်တွေ စတင် ဖြန့်ဖြူးဖို့ လုပ်ဆောင်ခဲ့ချိန်က ပင်းယ ထုတ်လုပ်ရေးကုမ္ပဏီကနေ နိုင်ငံခြားက အချိုရည်တွေကို ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချပေးခဲ့တာကနေ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၃ အရောက်မှာတော့ မြန်မာနိုင်ငံမှာ Max အချိုရည်တွေ ထုတ်လုပ်နေတဲ့ ပင်းယ ကုမ္ပဏီရဲ့ အချိုရည်စက်ရုံမှာပဲ ကိုကာကိုလာကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်းမှာ ဖြန့်ဖြူးမှာ ဖြစ်တယ်လို့လည်း မစ္စတာ ကန့် က ပြောပါတယ်။

ကိုကာကိုလာ ကုမ္ပဏီကနေပြီး ထူထောင်ထားတဲ့ ကိုကာကိုလာ ဖောင်ဒေးရှင်း ကနေပြီး မြန်မာအမျိုးသမီး ၂ သောင်း ၅ ထောင်ကို ၃ နှစ်ကြာ အစီအစဉ် တစ်ရပ်အနေနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ PACT နဲ့ အမျိူးသမီးတွေကို စွမ်းဆောင်ရည် မြင့်တက်အောင် စီမံပေးနေတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို စွမ်းရည် လို့ အမည်ပေးထားပြီး ၂၀၁၂ ဇူလိုင်လကစပြီး အမျိုးသမီး ၁ သောင်းကျော်ကိုလည်း စီးပွားရေးလုပ်ငန်းတွေ အစပြုလုပ်ကိုင်ပေးနိုင်အောင် ဖန်တီးပေးခဲ့တယ်လို့လည်း မစ္စတာ ကန့် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တော့မယ့် ကိုကာကိုလာ အချိုရည်ဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ၅ နှစ်ကြာ ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်ပြီးတော့ ကိုကာကိုလာကြောင့် မြန်မာနိုင်ငံတွင်းမှာ တိုက်ရိုက်အားဖြင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂ သောင်း ၅ ထောင်ကျော်နဲ့ တခြား ဆက်စပ်တဲ့ လုပ်ငန်းတွေအလိုက် အလုပ်အကိုင် အခွင့်အလမ်း ၂ သောင်း ၂ ထောင်ကျော်ကိုလည်း ဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းတဲ့အကြောင်း မစ္စတာ ကန့် က ပြောပါတယ်။

“ဒီမှာရှိတဲ့သူတွေကို ထောင်နဲ့ချီပြီး အလုပ်ခန့်အပ်ပြီး ဖြစ်ပါတယ်။ ကိုကာကိုလာကြောင့် တိုက်ရိုက်နည်းနဲ့သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းနဲ့သော်လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်လည်း ဂုဏ်ယူမိပါတယ်” လို့ မစ္စတာ မူတားကန့်က ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၅ နှစ်ကြာ ရင်းနှီးမြှုပ်နှံမှု တွေ ပြုလုပ်မဲ့ ကိုကာကိုလာ ဟာ နောက် ၆ လ အတွင်းမှာ မြန်မာနိုင်ငံအနှံ ဈေးဆိုင်ပေါင်း ၁၀၀၀၀၀ မှာလည်းသူ ကုန်ပစ္စည်းတွေကို ရောင်းချမှုတွေ ပြုလုပ်မယ်လို့ ပြောထားတာပါ။

မြန်မာနိုင်ငံ နဲ့ရန်ကုန်မြို့တွေမှာ ကိုကကိုလာ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်မှာဖြစ်သလို လူမှုရေးလုပ်ငန်းတွေမှာလည်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက်ကြိူဆိုတယ်လို့လည်ူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကဒီကနေ့ ပွဲမှာပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံအတွက် သမိုင်းဝင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့တဲ့ နေ့ပါ။ ကိုကာကိုလာအတွက်ရော မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ ဒီမှတ်တိုင်ဟာ အရမ်း အရေးကြီးပါတယ်။ ကိုကာကိုလာအတွက် မှတ်တိုင်အသစ်တစ်ခု ဖြစ်သလို၊ မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့အတွက်လည်း မှတ်တိုင်အသစ်တစ်ခု ဖြစ်ပါတယ်။ ကိုကာကိုလာ ကုမ္ပဏီကိုလည်း ကြိုဆိုပါတယ်။ လူထုအခြေပြု လုပ်ငန်းတွေ ပြုလုပ်သွားမယ့် သူတို့ကိုလည်း ကြိုဆိုပါတယ်” လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကိုကာကိုလာ စက်ရုံဖွင့်ပွဲကို မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Madeleine Albright) လည်း တက်ရောက်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲ (Derek Mitchell) လည်း တက်ရောက်ခဲ့တာပါ။ အစိုးရပိုင်းက တာဝန်ရှိသူတွေလည်း ဒီနေ့ပွဲမှာ တက်ရောက်ခဲ့ပြီးတော့ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် တို့လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG