သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MH17 ပစ်ချခံရမှု တနှစ်ပြည့် အထိမ်းအမှတ်


မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ပျက်ကျခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဇူလိုင် ၁၇၊ ၂၀၁၅)
မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ပျက်ကျခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဇူလိုင် ၁၇၊ ၂၀၁၅)

ယူကရိန်းနိုင်ငံ အရှေ့ခြမ်းက သူပုန်တွေထိန်းချုပ်တဲ့ ဒေသပေါ်ကနေ ဖြတ်ပျံစဉ် ပစ်ချခံလိုက်ရတဲ့ မလေးရှားလေကြောင်းရဲ့ MH17 လေယာဉ်ပျက်ကျခဲ့တဲ့ ၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယူကရိန်းနိုင်ငံမှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမြို့တော်မှာရှိတဲ့ နယ်သာလန်နိုင်ငံသံရုံးရှေ့မှာ ပန်းတွေ၊ အရုပ်တွေ၊ စက္ကူလေယာဉ်တွေ ချပြီး ဝမ်းနည်းကြောင်းရေးသားခဲ့ကြသလို၊ နယ်သာလန် သံရုံးမှာလည်း အလံကို တိုင်ဝက် လွှင့်ထူခဲ့ကြပါတယ်။ လေယာဉ် ပျက်ကျစဉ် သေဆုံးသွားတဲ့ ၂၉၈ ယောက်ထဲက အများစုဟာ နယ်သာလန်နိုင်ငံသားတွေဖြစ်ကြပါတယ်။

ရုရှားနိုင်ငံမော်စကိုမြို့က နယ်သာလန်သံရုံးရှေ့မှာလည်း လူဒါဇင်နဲ့ချီ စုဝေးခဲ့ကြပြီးတော့ ၊ လေယာဉ်ပျက်ကျတဲ့အထဲမှာ ပါသွားတဲ့သူတွေရဲ့ နာမည်တွေကိုရေးထားတဲ့ စက္ကူလေယာဉ်တွေ နဲ့ အတူ ပန်းစည်းတွေ လာရောက်ချခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှန်ကိုကတော့ MH17 လေယာဉ်ကို ပစ်ချလိုက်တဲ့ လုပ်ရပ်ဟာ ရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောလိုက်သလို၊ ဒီလို လူတွေသေလောက်တဲ့အထိ ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာဖြစ်ရတာဟာ ရုရှားနိုင်ငံပါဝင်ပတ်သက်တာကြောင့်ဖြစ်လာခဲ့ရတာလို့ ပြောလိုက်ပါတယ်။

မလေးရှားလေကြောင်းရဲ့ MH17 လေယာဉ်ပစ်ချခံရတာနဲ့ ပတ်သက်ပြီး အတွင်းကနေ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အ၀ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက် ၂၁၆၆ ကို အကောင်အထည်ဖော်ဖို့ ကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထောက်ခံ တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့လူတွေကို တရားဥပဒေကြောင်းအရ အရေးယူနိုင်အောင် သေချာ လုပ်သွားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူမက တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG