သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းနှိမ်နင်းမှု မီးစုံးဓာတ်ပါဗုံး အသုံးပြုကြောင်းတွေ့ရှိ


ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (၆ ဒီဇင်ဘာလ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (၆ ဒီဇင်ဘာလ ၂၀၁၂)
ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ထိခိုက်မှု ပြင်းထန်တဲ့ မီးစုံးဓာတ်ပါ မီးလောင်ဗုံးတွေ အသုံးပြုခဲ့တာကို တွေ့ရတဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး တောင်းဆိုခဲ့တဲ့ ဆန္ဒပြသံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းတုန်းက သုံးခဲ့တဲ့ ဗုံးအမျိုးအစားဟာ မီးစုံးဓာတ်ပါတဲ့ မီးခိုးဗုံးဖြစ်တယ်လို့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအပိုဒ် ၉၁ (က) မှာ ဖော်ပြထားတာကတော့ ဗုံးအတွင်းပါတဲ့ မီးစုံးစတွေဟာ ၈ မီတာအထိ ပြန့်ကျဲနိုင်ကြောင်းနဲ့ တချို့မီးစုံးစ အနည်းငယ်ဟာ စက္ကန့် ၃၀ ကနေ စက္ကန့် ၉၀ အထိကို လောင်ကျွမ်းနိုင်တယ်လို့ ဖော်ပြထားပြီး၊ အပိုဒ် ၉၁ (ခ) မှာတော့ ပလတ်စတစ် မိုးကာအစနဲ့ မြွေရေခွံအိတ်တွေဟာ မီးစုံးစ ထိမှန်တာနဲ့ မီးလောင်နိုင်တယ်လို့လည်း ပြော ထားပါတယ်။

မြန်မာအစိုးရပိုင် သတင်းစာတွေမှာ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဖော်ပြရာမှာတော့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေမှာ မီးစုံးဓာတ် ဖော့စ်ဖရပ် ပါဝင်တဲ့ မီးခိုးဗုံးတွေကို အသုံးပြုကြောင်း တွေ့ရတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထိခိုက်မှု ပြင်းထန်စေတတ်တဲ့ မီးခိုးဗုံးတွေ အသုံးပြုတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတဦးလည်းဖြစ် ဒီနေ့ ပြန်ဖွဲ့စည်းလိုက်တဲ့ အကောင် အထည်ဖော်ရေး ကော်မတီက တွဲဘက် အတွင်းရေးမှူး တာဝန်ယူထားတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့် ကို မေးမြန်းရာမှာတော့ အခုလို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“အသေးစိတ်ပါပြီးသားပါ။ ဖတ်ကြည့်လိုက်ပါ။ ကျနော်က ဒီမှာ အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေး တက်နေလို့ပါ။ အစိုးရကထုတ်တဲ့ မြန်မာ့အလင်းရယ်၊ ကြေးမုံရယ်မှာ ပါတာလေးတွေ ဖတ်ကြည့်လိုက်ပါ။ နောက်ပြီးတော့ အင်တာနက်မှာလည်း ပါပါတယ်ခင်ဗျ။”

ရဲတပ်ဖွဲ့ကတော့ ၂၀၀၇ ခုနှစ်မှာတုန်းကလည်း အလားတူ အသုံးပြုခဲ့ဖူးပေမဲ့ အခုတကြိမ် သုံးစွဲတဲ့ လက်နက်နဲ့ ကွာခြားမှု ရှိပုံရတယ်လို့ ထွက်ဆိုခဲ့ကြောင်းလည်း အစီရင်ခံစာ ထုတ်ပြန်ရာ မှာ ပြောဆိုထားတာပါ။

ရဲတပ်ဖွဲ့ရဲ့ လေ့ကျင့်မှု အားနည်းလို့ဆိုပြီး လက်ပံတောင်းအစီရင်ခံစာထဲမှာ ပါရှိတဲ့ အကြာင်းနဲ့ပတ်သက်ပြီး ရန်ကုန် ရှေ့နေကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးလှထွန်း က အခုလို ပြောပါတယ်။

“အဲ့ဒါကို ကျနော်တို့ တစုံတရာ အရေးယူဖို့ လိုပြီးတော့ ခုနကပြောတဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်ကတော့ လုံးဝကို အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။”

ဒီကနေ့ ထွက်ရှိလာတဲ့ လက်ပံတောင်း အစီရင်ခံစာအပေါ် ဒေသခံတွေအနေနဲ့ အားရကျေနပ်မှု မရှိဘူးလို့လည်း ဆိုကြပါတယ်။ ဒီကနေ့ အစီရင်ခံစာထဲမှာ လက်ပံတောင်းဒေသခံတွေက ပုဒ်မ ၁၄၄ အပါအဝင် တခြားဥပဒေတွေကို ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ပြောလာတဲ့ အပေါ်မှာလည်း ဦးစောကျော်ကျော်မင်း က အခုလို တုံ့ပြန်ပါသေးတယ်။

“အဓိကအားဖြင့် ဒီလိုမျိုး သပိတ်စခန်းတွေဟာ ဥပဒေမဲ့ အစုအဝေးလားဆိုတာ ကျနော်တို့ ကြည့်ဖို့လိုတယ်ဗျ။ ၁၄၄ ထုတ်ထားတဲ့ဥစ္စာက ဥပဒေနဲ့မညီမှတော့ ဒီလူတွေက ဥပဒေမဲ့ အစုအဝေးတွေ မဟုတ်ဘူး။ အဲ့ဒီလို ဥပဒေမဲ့ အစုအဝေး မဟုတ်တာကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဌာန်းထားတဲ့ လူစုလူဝေးတွေကို ဖြိုခွင်းဖို့ လုပ်ထုံးလုပ်နည်းအဆင့်တွေကို လိုက်နာဖို့လိုတယ်။ ကျင့်သုံးဖို့ လိုအပ်ပါတယ်။”

အခုလို ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်မျိုးဟာ နောက်တခါ မဖြစ်လာအောင် အစိုးရပိုင်းက အရေးယူဆောင်ရွက်တာမျိုးတွေ ဖြစ်သင့်တယ်လို့လည်း သူ က အခုလို ဗွီအိုအေ ကို ဆက်ပြောပါတယ်။

“အဓိကအားဖြင့် ကျနော်တို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ဟာတွေ၊ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စတွေဟာ အများကြီး၊ ဒီဟာတွေကို နောက်ထပ် ဒီလိုမျိုး လုပ်ခွင့်ပေးထားမယ်ဆိုရင် နောက်ထပ်ပြီး လုပ်နေဦးမှာပဲ။ ဒီလိုမျိုး အကြမ်းဖက် ဖြိုခွင်းတဲ့ကိစ္စတွေကို အရေးယူမှုတွေ လုပ်ပေးရမယ်။ တာဝန်ရှိတဲ့သူတွေကို အရေးယူမှုတွေ လုပ်ပေးရမယ်။ အဲ့ဒီလိုမျိုး အရေးယူမှု လုပ်တာဟာဆိုရင် ဥပဒေပါ အခွင့်အရေးအတိုင်းကို နစ်နာသူတွေက ခံစားရတယ်ဆိုတဲ့ အနေအထားမျိုးထက် ဥပဒေအရပဲ အရေးယူတာမျိုးဖြစ်ပြီး၊ ကလဲ့စားချေတာမျိုး၊ အာဃာတထားတဲ့ နေရာမျိုးမှာ မလုပ်ဘဲနဲ့ နောက်နောင် ဒါမျိုး အကြမ်းဖက်မှုတွေ ပေါ်ပေါက် မလာနိုင်ဖို့အတွက် တားမြစ်တဲ့အနေနဲ့ အရေးယူမှုတွေ လုပ်ကို လုပ်ပေးရမယ်လို့ ပြောချင်ပါတယ်။”

လက်ပံတောင်းဒေသဘက်က နောက်ဆုံး အခြေအနေတွေကတော့ လက်ရှိ အချိန်မှာ ဒေသခံ
တွေကလည်း တောင်တွေကို ပြန်သိမ်းယူဖို့ ကြိုးစားနေသလို ရှေ့ဆက်ပြီး စီမံကိန်းတွေ ရပ်ဆိုင်းဖို့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့ လည်း ဒေသခံတွေက ပြောဆိုလာကြပါတယ်။
XS
SM
MD
LG