သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်း ကော်မရှင်ထုတ်ပြန်


ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများစာရင်း။ (MOI)
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများစာရင်း။ (MOI)

၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့လည်း အချိန်လုပြီး ကိုယ်စားလှယ်တွေကို ရွေးချယ်နေကြရတာပါ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် တိုင်းနဲ့ပြည်နယ်အလိုက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတဲ့ နောက်ဆုံးရစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တာပါ။ ကော်မရှင်တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေအနေနဲ့ သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတွေ တင်သွင်းဖို့လိုတယ်လို့ ပြောပါတယ်။

“၈ ရက်နေ့ကို နောက်ဆုံးထားပေးရမှာပါခင်ဗျ။ အဆုံး date ကတော့ (၈) ရက်နေ့ပါ။ ရက်ထပ်တိုးပေးဖို့တော့ အစီအစဉ်မရှိပါဘူးခင်ဗျ။ ကျနော်တို့ စနေ၊ တနင်္ဂနွေကို ရုံးဖွင့်ပြီးတော့ ဝါဆိုလပြည့်ကလွဲပြီးတော့ စနေ၊ တနင်္ဂနွေနေ့ကို ရုံးဖွင့်ပေးပါဆိုပြီး အဲလို ညွှန်ကြားထားတယ်ခင်ဗျ။ စနေ၊ တနင်္ဂနွေနေ့တွေကို ဆောင်ရွက်နိုင်ပါတယ်။ ပုံစံ (၆) မှာ ဖော်ပြထားတယ်။ ပုံစံ (၆) နဲ့ တင်ပြမှာပေါ့။ သတ်မှတ်ထားတဲ့အတိုင်း လာတင်ရမှာပါ။ ဟုတ်ကဲ့။”

အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ကတော့ ဇူလိုင်လ ၂၆ ရက်နေ့အထိ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးသာ တင်သွင်းထားနိုင်ပြီး အချိန်မလောက်တဲ့အတွက် သတ်မှတ်ရက်ပိုတိုးပေးဖို့ ကော်မရှင်ကိုတောင်းဆိုခဲ့ပေမဲ့ ကော်မရှင်ဘက်က သတ်မှတ်ရက်တိုးပေးဖို့ကို ပယ်ချထားပါတယ်။ ဒါကြောင့် ပါတီအနေနဲ့ သတ်မှတ်ချိန်အမှီ အမည်စာရင်းတွေ တင်သွင်းနိုင်အောင် အချိန်လုကြိုးစားနေရတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကပြောပါတယ်။

“မကွေးတိုင်း၊ ပွင့်ဖြူက ဒေါက်တာ အောင်မိုးညိုတယောက် တင်ပြီးသွားပြီလို့ ကျနော်တို့ အဲဒီလို သတင်းကြားနေတယ်။ တိုက်ရိုက်တော့ report မရသေးဘူး၊ ကျနော်တို့လည်း အချိန်ပြည့်ကို လုပ်နေကြရတယ်။ ဒါပေမယ့်လို့ တပြည်လုံးအတိုင်းအတာနဲ့ အကုန်လုံး နေရာတိုင်းကို ဝင်ဖို့ ဆိုတာ ကျနော်တို့မှာ အရေအတွက်များပါတယ်။ ဒါကြောင့်မို့လို့ အခုချက်ခြင်းတော့ ဘာမှ မပြောနိုင်သေးဘူး၊ ကြိုစားတုန်းပါ။ အချိန်က နည်းနေတယ်။ သွားရေးလာရေးနဲ့ အချိန်က နည်းနေတယ်။ အဲဒါကြောင့်တောင်းတာလေ။ အားလုံး ပြည့်စုံအောင် ကြိုးစားပြီးတော့ လုပ်နေပါတယ်။”

လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်ကတော့ လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းမှုတွေကို သတ်မှတ်ရက်နဲ့အညီ တင်သွင်းနိုင်ဖို့အသင့်ရှိနေပြီး လက်ရှိလွှတ်တော်တွေမှာ ထမ်းဆောင်နေဆဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒီတကြိမ်သက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ အကြီးအကဲတဦးဖြစ်တဲ့ ကွယ်လွန်သူဦးအောင်သောင်းရဲ့မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီ မြင်းခြံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က ပါတီဘက်က ဝင်ရောက်အရွေးခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနေအထားနဲ့ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။

“ကျနော်က နဂိုရ်က မြင်းခြံကနေပြီးတော့ ပြိုင်ဖို့လုပ်ထားတာ၊ ကျနော့်မူလနေရာက မြင်းခြံမြို့နယ်ပေါ့လေ။ ဒါပေမယ့်လို့ ကျနော်က ဇာတိသားက တောင်သာ၊ လက်ဝဲတောင်သာ- အဘဦးအောင်သောင်း အခုလို ဖြစ်တဲ့အခါကျတော့ ပါတီကနေပြီးတော့ ကျနော့်ကို တောင်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းမယ်လို့ နှုတ်အားဖြင့်တော့ ခေါ်ပြောပြီးပြီ။ တရားဝင်တော့ စာမထွက်သေးဘူးဗျ။ အဲဒီတော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကိုယ်တတ်နိုင်တဲ့ capacity ရှိသလောက်တော့ ကြိုးစားပြီးတော့ အရင်လည်း ကျနော်တို့က ငါးနှစ်ဆောင်ရွက်ခဲ့ပြီးပြီ။ နောင် ၅ နှစ်လည်း ပါတီအကျိုးတင်မကပါဘူး၊ ကျနော်တို့က နိုင်ငံတော်အကျိုးကို အဓိကထားပြီးတော့ အထူးသဖြင့် ကျနော်တို့ လွှတ်တော်အမတ်ဆိုတာကတော့ ဥပဒေပြုရေးက - legislation က အဓိကပဲလေ။ ဒေသဖွံ့ဖြိုးရေးကတော့ ဒုတိယပေါ့၊ ဒါတွေ ကျနော်တို့ တတ်နိုင်သမျှတော့ ဆောင်ရွက်သွားမှာပါ။”

ဇူလိုင်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၂၆ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ (၇) ပါတီနဲ့ တသီးပုဂ္ဂလ ပါတီတခုက လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းထဲမှ တင်သွင်းထားတဲ့စာရင်းအရကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၃) ဦး၊ တိုင်းဒေသကြီး ပြည်နယ်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၉) ဦး စုစုပေါင်း (၄၆)ဦးအထိတင်သွင်းခဲ့ကြပြီးဖြစ်ပါတယ်။

XS
SM
MD
LG