သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် နဲ့ လယ်သမားတွေ တရားစွဲခံရ


မြန်မာ့ လယ်ယာလုပ်ငန်းခွင်။
မြန်မာ့ လယ်ယာလုပ်ငန်းခွင်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မြစ်ဝရေကြီးကွင်းဒေသက လယ်သမားတွေပိုင်တဲ့ လယ်မြေတွေကို ပြန်ရရေး ကြိုးစားကြတဲ့ တောင်သူတွေနဲ့ လယ်သမားသတင်းကို ရယူခဲ့တဲ့ သတင်းထောက်ကိုလည်း ပုဒ်မ ၄၄၇ ၊ ပုဒ်မ ၄၂၇တို့နဲ့ တရားစွဲဆို ထားပါတယ်။ အောက်တိုဘာလ ၈ရက်နေ့ကတော့ သတင်းထောက် ဘက်က သက်သေအထောက်အထားတွေနဲ့ တင်ပြပေမဲ့ တရားလိုပြရှေ့နေတွေက ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ထဲမှာရှိတဲ့ မြစ်ဝရေကြီးကွင်းဒေသက ကရင်လယ်သမားတွေ ပိုင်တဲ့မြေကို အဲဒီဒေသမှာရှိတဲ့ ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားတာပါ။ လယ်သမားတွေကတော့ သူတိုရဲ့ ဘိုးဘွားပိုင်တွေ ကို ပြန်လုပ်ကိုင် စားသောက်တဲ့အခါမှာ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ စတဲ့ ပိုင်နက် ကျုးလွန်မူ အကျိုးဖျက်ဆီးမူတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။

ဒီထဲမှာလယ်သမား၁၀ဦးကို ပန်းတနော်တရားရုံးမှာ အောက်တိုဘာလ၈ရက်နေ့က တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။ ဒီထဲမှာလယ်သမားတွေရဲ့ သတင်းကို လိုက်ခဲ့တဲ့ နယ်မြေခံ သတင်းထောက်တဦးကိုလည်း လယ်သမားတွေနည်းတူ ကုမ္ပဏီက တရားစွဲဆိုထားပါတယ် ။

ဒီအမူနဲ့ ပတ်သက်လို့သတင်းထောက်ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ တင်ပြခဲ့ပေမဲ့ ပယ်ချခံရတယ်လို့ လယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေ တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ရဲမြင့်ဌေး က ဆိုပါတယ်။

" သတင်းထောက်အမည်က The Call ဂျာနယ် ခွန်းဆင့်သံက သတင်းထောက် ကျော်သူရ။ သတင်းထောက်ဖြစ်တဲ့အကြောင်း The Call က ထောက်ခံစာရော၊ သတင်းထောက်ကဒ်ပြားရော သူတို့အပိုင်ပေ့ါနော် ရဲစခန်းရော၊ ရပ်ကွက်ကျေးရွာဥက္ကဋ္ဌတွေရော အကြောင်းကြားထားတာဖြစ်တယ်။ အဲ့တာကြောင့် သတင်းလာယူတာဖြစ်တယ်။ ပိုင်နက်ကျူးလွန်မှုလည်း မလုပ်ဘူး။ အကျိုးဖျက်ဆီး တာလည်း မလုပ်ဘူး။ သူဟာ သတင်းထောက်တဦးသာဖြစ်တဲ့အတွက် အန်တီတို့ အနေနဲ့က ဥပဒေပိုင်းအရ ပြစ်မှု မမြောက်တဲ့အတွက် ပုဒ်မ ၄၄၇ နဲ့ ၄၂၇ ကို ပယ်ဖျက်ပေးဖို့ဆိုပြီး အန်တီက လျောက်လဲချက်ပေးတယ်လေ။

လျောက်လဲချက်ပေးတာကို ဒီနေ့ အမိန့်ချတော့ သူတို့အနေနဲ့က ကြားဖြတ် အမိန့်ချပေးဖို့ တောင်းဆိုတဲ့အခါကျတော့ ဒီဥစ္စာဟာ ဥပဒေအရ မခိုင်လုံဘူးဆိုတဲ့သဘောပေါ့။ ဒီဟာက စွဲထားတဲ့အချိန်မှာလည်း တရားလိုနဲ့ တရားလိုပြပဲ စစ်ပြီး နောက်ပိုင်းမှာ ဆက်ပြီးတော့ တရားလိုပြသက်သေတွေကို စစ်ဆေးမေးမြန်းနိုင်ခွင့် အခွင့်အရေးလည်းရှိတဲ့အတွက် သူတို့အနေနဲ့ ဥပဒေအကျိုူးဆောင်အနေနဲ့ ကန့်ကွက်တယ်ဆိုပြီး သူတို့က အမိန့်ချလိုက်တယ်။ မကျေနပ်ရင်တော့ အယူခံပေါ့နော်။ မအူပင်မြို့နယ် ခရိုင်တရားရုံးကို တက်လို့ရတယ်ပေါ့။ သူတို့ကတော့ မပယ်ချက်ပေးနိုင်ဘူး ဆိုတဲ့အကြောင်း။"

ကုမ္ပဏီတွေကို မြေလွတ်မြေရိုင်းတွေ ချပေးပေမဲ့ လယ်သမားတွေ ပိုင်တဲ့မြေတွေကိုပါ သိမ်းယူပြီး လယ်သမားတွေ ထွန်ယက်စိုက်ပျိုးတဲ့အခါမှာ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှု ပိုင်နက်ကျုးလွန်မှုတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ် တယ်လို့လည်း ရှေ့နေ ဒေါ်ခင်ရဲမြင့်ဌေးက ဆိုပါတယ်။

"သူတို့ကို အထက်က ဗဟိုက ပေးလိုက်တဲ့ဟာက မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိုသာ လုပ်ပိုင်ခွင့် ပေးတာ အဲ့ဒီ့လက်သမားတွေ မြေ မပါဘူး။ အဲ့တာကို သူတို့က ပါတယ်ဆိုပြီး လုပ်ခဲ့တယ်။ မူလပိုင်ရှင် လယ်သမားက သူ့ပိုင်နက်နယ်မြေကို သူထွန်ယက်တဲ့အခါမှာ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ တို့နဲ့ စွဲတာ။ "

ပန်းတနော်က ကရင်လယ်သမားတွေဟာ သူတို့ ပိုင်နယ်မြေတွေကို သိမ်းယူခံရတဲ့ အပြင် ဒဏ်ကြေးဆောင်ရတာ ထောင်ချခံရတာတွေ တရားစွဲဆိုခံရတာတွေနဲ့ အမူတွေကို ဆက်တိုက် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG