သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းလက်နက်ကိုင်တွေ နဲ့ မြန်မာ စစ်တပ်ကြား တင်းမာမှုတွေကြီးထွား


အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက တပ်စခန်းကို အစိုးရတပ်တွေက ထပ်ရုပ်ခိုင်းတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမူရှိနေ။
အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက တပ်စခန်းကို အစိုးရတပ်တွေက ထပ်ရုပ်ခိုင်းတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမူရှိနေ။
အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ရှေ့တန်းတပ်စခန်းတခုကို အစိုးရတပ်ဖက်က ဒီရက်ပိုင်းအတွင်း ထပ်မံရုပ်သိမ်းခိုင်းနေတဲ့အပေါ် လက်မခံရာက စစ်ရေးအရ တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။ ရှမ်းတိုင်းရင်းသား နောက်ထပ် လက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေဟာလည်း ဝတပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စ အချေအတင် ဖြစ်စရာတွေ ကြုံနေရတာပါ။ ရှမ်းပြည်နယ်တွင်းက စစ်ရိပ်စစ်ယောင်သန်းနေတဲ့ အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAဟာ ဒီနှစ် ဇန်နဝါရီလက အပစ်အခတ်ရပ်စဲခဲ့တဲ့အဖွဲ့ဖြစ်ပေမယ့် ဒီရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်က မိုင်းရှုးမြို့နယ်အတွင်းက SSA မြောက်ပိုင်းရဲ့ စခန်းတခုကိုရုတ်သိမ်းခိုင်းတာကြောင့် နှစ်ဖက်အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်နေပါတယ်။ လောလောဆယ်မှာ နှစ်ဘက်တပ်တွေအကြား တင်းမာနေတဲ့အခြေအနေကို ရှမ်းပြည်နယ်အလယ်ပိုင်း ဝမ်ဟိုင်းဒေသမှာ အခြေပြုတဲ့ SSAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလကအခုလိုပြောပါတယ်။

“မိုင်းရူးမြို့နယ် ကျနော်တို့ ဟိုးအရင်ကတည်းက နေထားတဲ့ တာ့ဆန်ပူး ကုတို့ဆိပ်မှာပေါ့ အဲ့ဒီ့မှာမိုင်းရှုးတပ်ကနေ ဖယ်ခိုင်းတယ်။ လွန်ခဲ့တဲ့ လေးငါးရက်လောက်ကပေါ့။ ကျနော်ကတော့ မရုပ်ပေးနိုင်တော့ဘူးလေ။ အခုတော့ သူတို့ တပ်လည်း ရှေ့မတိုးလာသေးဘူးလေ။ နည်းနည်းတော့ အလှမ်းဝေးနေတာပေါ့။ ဒါပေမယ့် သူတို့လည်း တပ်ရင်းနှစ်ရင်းနဲ့ လာတယ်။ သူတို့ရှေ့တိုး
လာရင်တော့ အတင်းဖယ်ခိုင်းရင်တော့ အခြေအနေတော့ သိပ်မကောင်းဘူးပေါ့။”

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း SSA မြောက်ပိုင်းနဲ့ အစိုးရတပ်တွေအကြားမှာတိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အစိုးရတပ်ရဲ့ တောင်းဆိုချက်အတိုင်း SSA မြောက်ပိုင်းကတပ်စခန်း ၂ခု ရုတ်သိမ်းပေးခဲ့ ရပါတယ်။ SSA မြောက်ပိုင်းနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက်မှာ တိုက်ပွဲပေါင်းအကြိမ် ၂၀ကျော် လောက်ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အပစ်အခတ်ရပ်စဲပေမဲ့ အခြေအနေတွေက တိုးတက်မလာဘူးလို့ SSA မြောက်ပိုင်းဘက်ကသုံးသပ်တာလည်း ရှိနေပါတယ်။

“ကျနော်တို့က အစိုးရနဲ့ လက်မှတ်ထိုးတာက တပိုင်းပေါ့နော်။ သူတို့ စစ်တပ်ပိုင်းနဲ့ လုပ်တာက တခြားစီဖြစ်နေတယ်။ မကိုက်ညီဘူးပေါ့နော်။ ဆိုလိုတာက နည်းနည်းပါးပါး ငြိမ်သွားတာကလွဲပြီးတော့ ဘာမှ သိပ်ထူးခြားမလာဘူးပေါ့။ တပ်တွေ ဆက်ဆံရေးကလည်း တစ်ယောက်နဲ့တစ်ယောက် တဘက်နဲ့တဘက် အယုံအကြည်လည်းမရှိကြသေးဘူးပေါ့။”

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ရှမ်းတပ်ဖွဲ့ဌာနချုပ်အနီးက အစိုးရတပ်တွေကို ၅ရက်အတွင်း ရုတ်သိမ်းဖို့ ပါရှိပေမဲ့ အခုချိန်ထိရုတ်သိမ်းတာမရှိကြောင်းလည်း သူကဆက်ပြောပါတယ်။

SSA မြောက်ပိုင်းဖက်ကတော့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက်တော့ ဆက်လက်ပြီး တွေ့ဆုံသွားမှာဖြစ်ကြောင်း ဗိုလ်မှုးစိုင်းလကပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားလို့ စစ်ရပ်စဲရေး လက်မှတ်ထိုးတာ။ အဲ့တာ တွေ့ဆုံဆွေးနွေးဖို့ နောက်တဆင့်တက်ပြီးတော့ ဆွေးနွေးဖို့ကိုလည်း သူတို့အပေါ်ပဲ မူတည်တာပေါ့။ သူတို့ကမ်းလှမ်းလာမယ်ဆိုရင် ကျနော်တို့လည်း နှစ်ဘက်ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။”

ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး အဲဒ့ီနောက်ပိုင်းမှာအနည်းဆုံးတိုက်ပွဲပေါင်းအကြိမ် ၃၀လောက် ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေပေါ်မှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌကြီး ဒုတိယဗိုလ်ချုပ်ကြီး ယွတ်ဆစ်က နိုင်ငံတော် သမ္မတ ဆီကိုစာရေးသားခဲ့ပေမဲ့ အကြောင်းပြန်တာမရှိသေးဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“စာထဲမှာလေ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးတဲ့ နောက်ပိုင်း ပြဿနာ တွေ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ကျနော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ပြန်လည်ပြီးတော့ သုံးသပ်ပေးစေလိုတဲ့ အကြောင်းတွေ ကျနော်တို့ ဥက္ကဌကြီး ကနေ တောင်းဆိုထားတာတွေရှိပါတယ်။ ပါပါတယ်ခင်ဗျ။ အခုထက်ထိတော့ ဘာမှမပြန်ဘူး။”

တချိန်တည်းမှာတော့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီခေါ် ဝတပ်ဖွဲ့တွေနဲ့ နယ်မြေသတ်မှတ်ရေးကိစ္စတွေမှာ မပြေလည်မှုတွေ ရှိနေပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်အတွင်းမှာ ရှမ်းတပ်ဖွဲ့ဝင် တချို့ကိုဝတပ်ဘက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေအတွက် အသက်မွေးကြောင်း အလုပ်အကိုင်တွေရှိဖို့အတွက် တောင်ယာတွေ စိုက်ခင်းတွေကို ကျနော်တို့က ဖန်တီးပေးရမယ့်အချိန်မှာ သူတို့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီးတော့ စစ်ရေးနဲ့ ဖိအားပေးလာတာပါ။ သူတို့ဖမ်းထားတာကတော့ ၁၄ယောက်ရှိပါတယ်။ သေနက်လည်း ၁၄လက်ပါ။ မိုင်းတုံနယ်မြေထဲမှာ လူပ်ရှားနိုင်တဲ့တပ်ဖွဲ့တွေကို ဝိုင်းဖမ်းတာပါ။”

လောလောဆယ်မှာတော့ ဖမ်းဆီးထားသူတွေကို ပြန်မလွှတ်သေးပါဘူး။ အဖမ်းခံထားရတဲ့လူတွေ ပြန်လွှတ်ဖို့ကိုတော့ ဆွေးနွေးဖြေရှင်းသွားမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ နယ်မြေမသတ်မှတ်ရသေးတာနဲ့ ဆက်ဆံရေးရုံးတွေ မဖွင့်ရသေးတာကြောင့် ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဆင့်ပြီးတဆင့် လုပ်ဆောင်ပြီးရင်တော့ ပြဿနာတွေ ပြေလည်သွားမှာဖြစ်တယ်လို့ မနေ့က ပြည်သူ့လွှတ်တော်မှာပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကတော့ အပစ်ရပ်ရေး ဆောင်ရွက်မှုတွေ ဟာ အခန့်မသင့်ရင် အချိန်မရွေး ပျက်ဆီးသွားနိုင်ကြောင်း ဒီလ ၁၂ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG