သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ NLD


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောလိုက်တဲ့ တစ်နေ့ထဲမှာပဲ နောက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟို ကော်မတီ အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိစ္စကို ချိတ်ဆက်မထားတဲ့ သဘောမျိုးတော့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လုပ်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲတွေမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေအပေါ် သတင်းဌာနတွေရဲ့ ရေးသား ဖော်ပြချက်တွေထဲမှာ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်မယ် ဆိုတာမျိုး ရေးသားကြတာနဲ့ပတ်သက်ပြီး NLD ဘက်က ပြန်လည်ရှင်းလင်းခဲ့ပါ တယ်။

“တကယ်တန်းပြောလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဝင်ဘူးလို့ ပြောတဲ့အဓိပ္ပာယ်မဟုတ်ဘူး။ ဒါပေမယ့်လို့ သဘောတရားအရ ဒီလိုအခြေအနေမျိုးကြီးဟာ ရွေးကောက်ပွဲဝင်စရာမရှိဘူး-ဒီလို အိုင်ဒီယာကို ပြောတာပါ။ မဝင်ဘူးလို့ ပြောတာမဟုတ်ဘူး။ ကျနော် ဒိထက်ပိုပြီးတိကျအောင် ပြောစေချင်ရင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ကိုဝင်မယ်။”

ဒီဇင်ဘာလ ၂၈ ရက် စနေနေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ သီရိခန်းမမှာလုပ်ခဲ့တဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောသွားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲ အသံဖိုင်အပြည့်အစုံကို NLD သတင်းပြန်ကြားရေးဌာနက အီးမေး ကနေတစ်ဆင့် ပေးပို့တာကို ဗွီအိုအေက ရခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို NLD အပါအဝင် နိုင်ငံရေးပါတီ အသီးသီးက အားစိုက် လုပ်ဆောင်နေကြပြီး သူတို့ ကောက်ယူစုဆောင်းထားတဲ့ သဘောထားတွေကို ဒီနှစ်ကုန်မှာ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဆီ ပေးပို့ ကြမှာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပုသိမ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပေးရင် မဝင်ဘူး လို့ ပြောတာ မဟုတ်ပါဘူး။ မပြင်ပေးဘဲနဲ့ တဘက်က တဘက်စောင်းနင်းလုပ်ထားပြီးတော့မှ တန်းတူညီမျှ တဲ့အခွင့်အရေးမပေးဘဲနဲ့ ဝင်တဲ့ပုဂ္ဂိုလ်တွေကသာ သိက္ခာပိုင်းအရ ဒီလို မပြင်ပေး ရင် မဝင်သင့်ဘူးလို့ ပြောတာပါ။”

မေး။ ။ ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ရွေးကောက်ပွဲဝင်မယ်လို့ ပြောပါသလားခင်ဗျာ။

“အဲဒီလိုတော့ ကျနော်တို့ ပြောခဲ့တာ မရှိပါဘူးဗျ။ အဲဒီလို ပြောခဲ့တာကတော့ အခုထိ ကျနော်တို့ဥက္ကဋ္ဌ ဘယ်မှာမှ ပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးတံခါးပိတ်ဝါဒ မကျင့်သုံးဘူးလို့ ပြောခဲ့တာတော့ ရှိပါတယ်။”

မေး။ ။ ဟုတ်ကဲ့၊ ဆရာတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားပြီးပါပြီလား ခင်ဗျာ။

“အဲဒီလိုလည်း ကျနော်တို့က CEC အစည်းအဝေးတို့ CC အစည်းအဝေးတို့မှာ အဲဒီလို ဆုံးဖြတ်ထားတာတော့ မရှိဘူး။”

မေး။ ။ ပြီးခဲ့တဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဆရာဦးဉာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်လို့ ပြောသွားတာ ကျနော် ကြားလိုက်ရပါတယ်။ ဆရာကရော ဘယ်လို ပြောချင်ပါသလဲ။

“ဦးဉာဏ်ဝင်းက ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ပြောတာပါဗျ။ ကျနော်ပြောတာက တန့က CEC အစည်းအဝေးနဲ့ ဒီနေ့ CC အစည်းအဝေးမှာတော့ ဒီဆုံးဖြတ်ချက် မပါဘူးလို့ ပြောတာပါ။”

မေး။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် ဆရာ့အနေနဲ့ အခု ကျနော်နဲ့ပြောနေတဲ့အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူးဆိုတာ ယတိပြတ် မပြောနိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်လားခင်ဗျာ။

“ယတိပြတ်မပြောနိုင်သေးဘူးလို့ ကျနော် ပြောတာတော့မဟုတ်ပါဘူး။ ကျနော်ပြောတာက ကျနော်တို့ခေါင်းဆောင်က နိုင်ငံရေးတံခါးပိတ်ဝါဒ မကျင့်သုံးဘူးဘဲ ပြောထားတာ။ ဒီပြောတဲ့စကားတွေကိုပဲ ကျနော်ပြောထားတာပဲရှိတယ်။ နောက် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့အားလုံး လိုက်နာကြမှာပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ NLD ရဲ့ အကြံပြုစာတမ်းကို ပူးပေါင်းကော်မတီထံ တနင်္ဂနွေနေ့မှာ တင်သွင်းမှာဖြစ်ပြီး အခြေခံဥပဒေမှာပြင်ဆင်ရမယ့် အချက်ပေါင်း ၁၆၈ ချက်ကို NLD ကအကြံပြုထားတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“အခြေခံမူမှာ (၉) ချက်။ နောက်တခါ အခန်း (၃) မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အခန်းမှာ (၂၃) ချက်၊ အခန်း (၄) ဥပဒေပြုရေးက (၁၈) ချက်၊ အခန်း (၅) ၊ အုပ်ချုပ်ရေးက (၅၄) ချက်၊ အခန်း (၆) တရားစီရင်ရေးက (၃၂) ချက်၊ အခန်း (၇) တပ်မတော်ကဏ္ဍက (၂) ချက်၊ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များမှာ (၃) ချက်၊ အခန်း (၉) ရွေးကောက် တင်မြှောက်ခြင်းက (၁၀) ချက်။ အခန်း (၁၀) နိုင်ငံရေးပါတီများအခန်းက (၃) ချက်၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များက (၄) ချက်၊ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက (၂) ချက်၊ အခန်း (၁၃) နိုင်ငံတော်အလံ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်က (၁) ချက်၊ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များက (၆) ချက်၊ အခန်း (၁၅) အထွေထွေ ပြဌာန်းချက်က (၁) ချက် စုစုပေါင်း (၁၆၈) ချက်ပါဗျ။”

သူတို့အကြံပြုထားတဲ့ အချက်ပေါင်း ၁၆၈ ချက်ထဲက ရာခိုင်နှုန်း ဘယ်လောက်ထိ အောင်အောင်မြင်မြင် ပြင်ဆင်နိုင်မယ် ဆိုတာကို NLD အနေနဲ့ ခန့်မှန်း ထားတာမျိုး မရှိဘဲ တစ်ဘက်မှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လိုချင်တဲ့လူ ရာခိုင်နှုန်း ဘယ်လောက် ရှိသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ NLD ဘက်က ပန်ကြားထားတဲ့အပေါ်မှာတော့ အခုထိ တရားဝင် အကြောင်းပြန်ကြား တာမျိုး မရှိသေးပေမဲ့ သူတို့ ဘက်က ဆက်ကြိုးစားသွားမယ်လို့ ဦးဝင်းမြင့် က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မှု ရှိကောင်း ရှိမှာဖြစ်ပေမဲ့ တရားမျှတမှုအတွက်တော့ သံသယရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။
XS
SM
MD
LG