သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်းဖြိုခွဲ


မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့ရှိ ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ် စခန်း၊ ကျော်ရွာသပိတ်စခန်းတွေကို နံနက်သုံးနာရီမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

အဲဒီလို ဖြိုခွဲရာမှာ အသုံးပြုတဲ့ မီးလောင်ဗုံးထိမှန်ခဲ့တာကြောင့် သံဃာတချို့ သင်္ကန်းတွေနဲ့ အရေပြားတွေမှာ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ မနီးမဝေးမှာရှိတဲ့ ရွာရှေ နဲ့ ဖောင်းကားရွာတွေအထိ ထွက်ပြေး ဆုတ်ခွာသွားကြရပါတယ်။

အကြမ်းဖက်နှိမ်နင်းခံထားရတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ကိုယ်တိုင်ရောက် ရှိနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲဆိုတာ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတဲ့အခါ ကိုသိန်းထိုက်ဦးက အခုလို စပြီးပြောပါတယ်။

ဦး။ ။ အခင်းဖြစ်ပွားတဲ့နေရာက မျက်မြင်သက်သေတွေ၊ ဒဏ်ရာရတဲ့သူတွေနဲ့ မကြာခင် အချိန် အထိ ကိုယ်တွေ့ စကား ပြောဆိုခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားရွာအလယ်တိုက်က ဒက္ခိဏရာမ ကျောင်းတိုက်မှာဆိုလို့ရှိရင် သံဃာတော်တွေရော၊ လူတွေရော စုစုပေါင်း ၂၀၀ လောက် ရှိတယ်။ အဲဒီထဲမှာ သံဃာတော် နှစ်ပါးက တော်တော်လေးကို ထိခိုက်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရ ထားပါတယ်။ ဒိပြင်ထိခိုက်ထားတဲ့ သံဃာက ၁၅ ပါးလောက်ရှိတယ်။ အမျိုးသမီးတယောက် ဆိုလို့ရှိရင် မျက်နှာတွေရော၊ ခြေထောက်တွေရော မီးလောင်ဗုံးထိပြီး မီးလောင်ထားပါတယ်။

ဒါပေမဲ့ ကျနော်နဲ့စကားပြောနေတုန်းပဲ - “ကျမတို့ကို ဝိုင်းထားပြီ၊ ဝိုင်းထားပြီ”…ဆိုပြီးတော့ ဖုန်းတွေပြတ် သွားတယ်ဆိုတော့ သူတို့ကို လုံခြုံရေးတပ်တွေက ထပ်ပြီးတော့ ဝိုင်းထားတဲ့ အခြေအနေ- အခု လူဘယ်နှစ်ယောက် အဖမ်းခံရတယ်ဆိုတာတော့ တိတိကျကျ ကျနော်တို့ မသိသေးပါဘူး။ ဖုန်းတွေကလည်း ဆက်လို့ သိပ်ခက်နေပါတယ်။ အခြေအနေကတော့ ည (၃) နာရီလောက်မှာ မီးသတ်ပိုက်တွေနဲ့ ပထမထိုးတယ်၊ နောက်မှ မီးလောင်ဗုံးတွေနဲ့ပစ်ပြီး- အင်အားသုံးပြီးတော့ သပိတ်စခန်းတွေကို ဖြိုခွင်းလိုက်တယ်လို့ပဲ ပြောရမှာပါခင်ဗျ။

အခု ပျောက်ဆုံးနေတဲ့ သံဃာတော်တွေ ရှိတယ်ဆိုပေမဲ့ ဆေးကုသခွင့်ရဖို့အတွက် လမ်းတွေမှာ အပိတ်ခံထားရတာရော၊ လူတွေက တော်တော်လေး ဝိုင်းပြီး ကြိုးစားနေကြတာကို သိရပါတယ်။ ဒါကလည်း လမ်းတွေ ပိတ်ထားတယ်ဆိုတော့ မျက်မြင်သက်သေအနေနဲ့ ကျနော်ကိုယ်တိုင် တွေ့ရတာ မဟုတ်ဘဲနဲ့ တယ်လီဖုန်းတွေနဲ့ ပြောဆိုကြည့်သလောက်ပဲ သိရတဲ့အနေအထားမျိုးပါခင်ဗျ။ ဖြစ်ပွား တဲ့နေရာကိုလည်း သွားဖို့ တော်တော်ခက်ပါတယ်ခင်ဗျ။

ထိုက်။ ။ ဟုတ်ကဲ့။ အဲဒီတော့ ကျန်တဲ့ စခန်းတွေအနေအထားကရော စခန်းတွေ အခြေအနေ ဘယ်လို ရှိပါသလဲရှင့်။

ဦး။ ။ စခန်းတွေအားလုံးကို ဝင်ပြီးတော့ သိမ်းလိုက်တာပါ။ သပိတ်စခန်းတွေ တော်တော်များများ ကတော့ ကိုယ်နဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးကြတယ်၊ အထူးသဖြင့် လူစုကွဲပြီးတော့ - ညတုန်းက ကျနော် သပိတ်စခန်းတွေကို ရောက်တဲ့အချိန်မှာ အများစုက သံဃာတော်တွေ၊ သံဃာတော်တွေ ဆိုတာကလည်း မုံရွာမြို့ခံသံဃာတော်တွေထက် ပခုက္ကူက သံဃာတော်တွေလည်းရှိတယ်။ မန္တလေး ဘက်က သံဃာတော်တွေလည်း ရှိပါတယ်။ အဲဒီတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီးတော့ လူစုခွဲတဲ့အချိန်မှာ ဒီသံဃာတော်တွေက ရောက်တဲ့နေရာကို ပြေးနေရလို့လည်း တယောက်နဲ့ တယောက်- တပါးနဲ့တပါး ပြန်ပြီးတော့ မစုနိုင်ကြသေးတဲ့ အနေအထားမျိုးလို့ ပြောကြပါတယ်ခင်ဗျ။

ထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ သပိတ်စခန်းတွေဆီ လာဖို့ရှိတယ်လို့ သိရပါတယ်။ သူ့ ခရီးစဉ်အခြေအနေကရော ဘယ်လိုများရှိပါသလဲ။

ဦး။ ။ ဒီအတိုင်းဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြေးနီတောင် စီမံကိန်း ရပ် ဆိုင်းရေး တောင်းဆိုနေတဲ့ ဆန္ဒပြဒေသခံတွေ တွေ့ဖို့က တော်တော်လေး အလှမ်းဝေးသွားပြီလို့ ပြော ရမှာပါ ခင်ဗျ။ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း ဒီနယ်မြေနဲ့သိပ် မနီးမဝေးမှာ အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့တယ် ဆိုတော့ ဒါ တကျော့ပြန်လာတဲ့ ဒေသခံပြည်သူတွေရဲ့လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းတဲ့ ပွဲပါပဲ။ အဓိက-ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံလူတွေနဲ့တွေ့ဖို့ ဒီကနေ့ အခြေအနေကတော့ တော်တော်လေး အလှမ်းဝေးသွားတယ်လို့ ပြောရမှာပဲ။ ကျနော် ညက ရောက်တဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဖို့ စင်မြင့်တောင် ထိုးထား တာ တွေ့ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေကတော့ ဖြစ်နိုင်ခြေ တော်တော် နည်းနေပြီလို့ ပြောရမှာပါခင်ဗျ။

ထိုက်။ ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ကိုသိန်းထိုက်ဦးရှင့်။ ဒါကတော့ ကြေးနီတောင်စီမံကိန်း ရပ်တန့်ရေး သပိတ်စခန်းမှာ ကိုယ်တိုင် ရောက်ရှိနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးက တိုက်ရိုက် သတင်းပေးပို့သွားတာဖြစ်ပါတယ်။

အခုဆက်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ပထမဆုံး အကြမ်းဖက် နှိမ်နင်းခံရတဲ့ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့က ပင်မ သပိတ်စခန်း အမှတ် (၁) မှာ အကြမ်းဖက်မှုတွေကြောင့် မီးလောင် ဒဏ်ရာရထားတဲ့ ဆရာတော် ဦးဓမ္မသာရကို ဆက်သွယ်မေးမြန်းတဲ့အခါ ဆရာတော်က အခုလို စပြီး မိန့်ပါတယ်။

ဦးဓမ္မသာရ။ ။ ဦးဇင်းတို့ အမှတ်(၁) စခန်းကတော့ သုံးနာရီမတ်တင်းမှာပေါ့။ အဲဒီမှာ ဆုတ်ခွာဖို့ ငါးမိနစ် အချိန်ပေးတယ်။ ဦးဇင်းတို့အားလုံးက တစ်ပါးမှ မထဘူး။ ငါးမိနစ်ပြည့်သွားတော့ မီးသတ်ပိုက် နဲ့ ပက်တယ်။ ရေနဲ့ပက်ပြီးတော့ မီးလောင်ဗုံးတွေနဲ့ပစ်တာပေါ့။

ထိုက်။ ။ ထိခိုက်ဒဏ်ရာရတာတွေရော ရှိပါသေးလားဘုရား။

ဦးဓမ္မသာရ။ ။ ငါးပါးလောက်ရှိတယ်။ ဦးဇင်းတွေရော၊ ကိုရင်လေးတွေရောပေါ့။ ဦးဇင်းတောင်မှ ခန္ဓာကိုယ်သင်္ကန်းစ- သင်ပိုင်တစလုံးက အကုန်လုံး မီးပေါက်တွေချည့်ပဲ၊ မီးလောင်ထားတာ။

ထိုက်။ ။ တင်ပါ့ဘုရား။ အဲဒီတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုရော ဘယ်လို ဆေးကုပေးနေပါလဲ ဘုရား။

ဦးဓမ္မသာရ။ ။ လောလောဆယ်က ဘယ်အဖွဲ့အစည်းနဲ့မှ ချိတ်ဆက်လို့ မရသေးဘူး တကာမကြီး။ တာဝန်ရှိတဲ့သူတွေကတော့ ဖုန်းတွေတော့ ဆက်တော့ ဆက်နေကြတာပါပဲ။

ထိုက်။ ။ အဖမ်းအဆီးရော ရှိပါသလား ဘုရား။

ဦးဓမ္မသာရ။ ။ အဖမ်းအဆီးကတော့ မရှိဘူး။ အကုန်လုံး ပြိုကွဲအောင်လုပ်တဲ့ သဘောပဲ။ စခန်းမှာ မကျန်တော့ဘူး။ စခန်းမှာ ကျန်ခဲ့တာဆိုလို့ ဆိုင်ကယ်လ်လေးစီး၊ မီးစက်တလုံး အဲဒါတွေပဲ ကျန်ခဲ့ တယ်။ ဦးဇင်းတချို့က စခန်းရဲ့ အရှေ့ဘက်က တောင်ပေါ်ကို တက်ပြေးကြတာ ဆယ်ပါးလောက် ရှိတယ်။ ဦးဇင်းတို့က ဖောင်းကာကျောင်းမှာ၊ တောင်ယာကျောင်းမှာ။ ဘုန်းကြီးကျောင်းပေါ့။ လူတွေမှာ- မဖြူဖြူဝင်းကလည်း တကိုယ်လုံး ဒဏ်ရာရတယ်။ လောလောဆယ်ကတော့ ဦးဇင်းတို့ တောင်ပေါ်စခန်းမှာ ဆိုလို့ရှိရင် ကိုရင်၊ ဦးဇင်းငါးပါး၊ ဦးဇင်းအပါအဝင်ဆို ခြောက်ပါးပေါ့။ မဖြူဖြူဝင်းအပါဆို ခုနစ်ဦးပေါ့။

ထိုက်။ ။တင်ပါ့။ အရှင်ဘုရား-အဲဒီတော့ သပိတ်စခန်းတွေက တော်တော်များများ ရှိတယ် ပြောပါ တယ်။ တခြားစခန်းတွေရော ဘယ်လို အခြေအနေရှိပါလဲ ဘုရား။

ဦးဓမ္မသာရ။ ။ ဦးဇင်းတို့ သိမ်ကို ဝင်စီးနေပြီ-တဲ့။

ထိုက်။ ။ ဘယ်မှာလဲ ဘုရား။

ဦးဓမ္မသာရ။ ။ လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်။

ထိုက်။ ။ အဲဒီမှာ မီးသတ်ပိုက်၊ မီးလောင်ဗုံး - ဘာတွေကို သုံးပါသလဲဘုရား။

ဦးဓမ္မသာရ။ ။ အဲဒါတော့ ဦးဇင်းတို့ အောက်ရောက်နေတော့ မသိရသေးဘူး တကာမကြီး။

ထိုက်။ ။ ကျန်တဲ့ ဘယ်စခန်းတွေရော ကြားပါသေးလဲ ဘုရား။

ဦးဓမ္မသာရ။ ။ ဦးဇင်းတို့ သပိတ်စခန်းအားလုံး ခြောက်ခုရှိတာ။ ခြောက်ခုစလုံးက မရှိတော့ဘူး။ ဝမ်ပေါင်စခန်းကြီးက ပင်မ သပိတ်စခန်းလေ။ သူက စအဖြိုခံရတာပဲ။

ထိုက်။ ။ အဲဒီတော့ သပိတ်စခန်း တခုမှ မကျန်တော့ဘူး၊ သိမ်တော်ကိုလည်း ဝင်စီးနေပြီ၊ အဲလိုလား ဘုရား။ ဝင်စီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုရော အစိုးရဘက်ကနေပြီးတော့ လာပြီးတော့ ကုသပေးတာရော ရှိပါသလားဘုရား။

ဦးဓမ္မသာရ။ ။ မရှိဘူး၊ တကာမကြီး။

ထိုက်။ ။ အဲဒီလူတွေ ဘယ်လိုနေကြလဲဘုရား။

ဦးဓမ္မသာရ။ ။ ဦးဇင်းတို့ ဒက္ခိဏရာမကျောင်းပေါ်မှာပဲ ရှိနေတယ် တကာမကြီး။ အားလုံးစုနေတာပါ။

ထိုက်။ ။ ဝင်စီးတဲ့အချိန်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အင်အားကရော ဘယ်လောက်လောက် ရှိပါသလဲဘုရား။

ဦးဓမ္မသာရ။ ။ ဦးဇင်းတို့ဘက်မှာဝင်စီးတာက အယောက် ငါးဆယ်လောက် ရှိတယ်။ အားလုံးက ရဲတွေချည့်ပဲ။

ထိုက်။ ။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီကနေ့ ရောက်လာမယ်လို့ တပြည့်တော် သိထားပါတယ် ဘုရား။ အဲဒီတော့ အဲဒီခရီးစဉ်ကရော ဘယ်လို ရှိပါသလဲဘုရား။

ဦးဓမ္မသာရ။ ။ ဦးဇင်းကတော့ မပြောတတ်သေးဘူး။ ဒီဘက်ကို ညနေသုံးနာရီလောက်မှာ ရောက် မယ်လို့တော့ သတင်းကြားတယ်။

ထိုက်။ ။ ဦးဇင်းတို့က ဒေါ်အောင်ဆန်းစုကြည်လာရင် ဘယ်မှာတွေ့မလဲ ဘုရာ့။

ဦးဓမ္မသာရ။ ။ တွေ့ဖို့ကတော့ အကြီးအကဲတွေကပဲ ပြောပြမှာပဲ။ ဘယ်မှာတွေ့မယ်ဆိုတာ မသိသေးဘူး။

ထိုက်။ ။ အမှတ်(၁) စခန်းမှာ ဦးဇင်းတို့ ဘယ်နှစ်ပါးလောက်များ ပါပါလဲဘုရား။

ဦးဓမ္မသာရ။ ။ အားလုံးပေါင်း အပါးငါးဆယ်ရှိတယ်။ ကျန်တဲ့စခန်းတွေက ဦးဇင်တို့စခန်းထက် ဦးဇင်းအပါးရေများတယ်။ တကာတွေလည်း များတယ်။ အဲဒီမှာဆိုရင် အပါး ၇၀ - ၈၀ လောက် ရှိလိမ့်မယ်။ ဆန္ဒပြအရေအတွက်က ပေါင်းလိုက်ရင်တော့ ၃၀၀ - ၄၀၀ လောက်ရှိမယ်။ ရွာသူရွာသားလေးတွေပေါ့။

ထိုက်။ ။ ကျေးဇူးတင်ပါတယ်ဘုရား။
XS
SM
MD
LG