သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးအမှု မှန်မှန်ကန်ကန်ဖော်ထုတ်ရေး CPJ တိုက်တွန်း


စစ်တပ်လက်ချက်နဲ့ ကွယ်လွန်သွားသူ အလွတ်တန်းသတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်အတွက် တရားမျှတမှုတောင်းဆိုနေသူများ။
စစ်တပ်လက်ချက်နဲ့ ကွယ်လွန်သွားသူ အလွတ်တန်းသတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်အတွက် တရားမျှတမှုတောင်းဆိုနေသူများ။

မြန်မာစစ်တပ်လက်ထဲမှာ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးသွားတဲ့အမှုနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ပေးဖို့ CPJ ခေါ် သတင်းထောက်များအကာအကွယ်ပေးရေးကော်မတီက တောင်းဆိုလိုက်ပါ တယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းမှာလည်း တိုးတက်မှုတွေရှိတယ်ဆိုတာ ပြသဖို့လိုအပ်တယ်လို့ CPJ ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးထားချိန်မှာ ပစ်သတ်ခဲ့တဲ့လုပ်ရပ်ကို နယူးရောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီက ရှုတ်ချလိုက်ပြီး ဖုံးကွယ်မှုတွေရှိနေတဲ့အမှုကို အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ CPJ ရဲ့ အရှေ့အာရှရေးရာတာဝန်ခံ Bob Dietz ကအခုလို ပြောပါတယ်။

“ကိုပါကြီးသေဆုံးပြီးနောက် သုံးပတ်ကြာမှ စစ်တပ်က သတင်းထုတ်ပြန်တဲ့အပေါ်မှာ ကျနော်တို့ သံသယရှိပါတယ်။ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စစ်တပ်က ပစ်သတ်ခဲ့တဲ့အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ လိုပါတယ်။ ကိုပါကြီးကိုသတ်မှု၊ မတရားညှင်းပမ်းနှိပ်စက်မှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ စစ်သားတွေ တာဝန်ရှိပါတယ်။ သူတို့အားလုံးကို ဥပဒေကြောင်းအရ တရားစွဲရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ စစ်တပ်လက်ထဲကနေ ဒီအမှုကို အရပ်ဖက်တရားရုံးကို တင်ရမှာဖြစ်ပါတယ်။”

ကိုပါကြီးရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေက တောင်းဆို ထားပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းကလည်း တာဝန်ရှိသူတွေဘက်က စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ ကိုပါကြီးကိုပစ်သတ်ခဲ့မှုကို စစ်တပ်က သတင်းကြေညာချက်ထုတ်ပြန်ရုံနဲ့ မြန်မာပြည်သူတွေက ကျေနပ်မနေဘူးဆိုတာ အထင်အရှားတွေ့ရပြီး တရားဥပဒေစိုးမိုးမှုရှိကြောင်း မြန်မာအစိုးရက ပြဖို့ လိုနေတယ်လို့ Bob Deitz က ပြောပါတယ်။

“အခုအဖြစ်အပျက်ဟာ အရင် မြန်မာစစ်အစိုးရလက်ထက်မှာ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးရှိနေတဲ့ အရပ်သားအစိုးရ အုပ်ချုပ်ရေးလက်ထက်မှာ ဖြစ်နေတာကြောင့် ကိုပါကြီးကို စစ်တပ်ကပစ်သတ်ခဲ့တဲ့အမှုကို ထင်သာမြင်သာဖြစ်အောင် စုံစမ်းစစ်ဆေးမှုတွေလုပ်ရမှာဖြစ်ပါတယ်။”

အောက်တိုဘာလ (၂၄) ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုပါကြီးဟာ အောက်တိုဘာလ ၄ ရက်နေ့ညက အစောင့်တပ်သားတဦးဆီကနေ သေနတ်လုဖို့ ကြိုးစားတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

CPJ ရဲ့စစ်တမ်းကောက်ယူမှုတွေအရ မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ သတင်းသမားအရေအတွက် သုံးဦးရှိတယ်လို့ဆိုပါတယ်။ ၂၀၀၇ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူနေတဲ့ ဂျပန်သတင်းထောက် Kenji Nagai ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး ၁၉၉၉ ခုနှစ်က ကြေးမုံသတင်းစာရဲ့ သတင်းသမား ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ဦးလှဟန်နဲ့ ဦးသာဝင်းတို့ကို ထောက်လှမ်းရေးတွေက စစ်ကြောရေးကာလမှာ ညှင်းပမ်းနှိပ်စက်ပြီး သတ်ခဲ့တယ်လို့ CPJ ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG