သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားသူ သတင်းသမားတွေ ပြန်လွှတ်ဖို့ CPJ တောင်းဆို


Unity သတင်းဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်လေးဦးကို ပြီးခဲ့တဲ့ စနေနေ့က မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ က ဝေဖန်ရှုတ်ချလိုက်ပြီး ဒီလူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းလို့ဆိုပြီး ခုလို သတင်းထောက်တွေကို ဖမ်းဆီးတာဟာ မြန်မာအစိုးရအနေနဲ့ အရင်အာဏာရှင်ခေတ်က လုပ်ခဲ့တာနဲ့ မခြား ပြုမူ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း CPJ က ဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်လက်နက်ပစ္စည်းစက်ရုံကို လျှို့ဝှက် ဓာတု လက်နက် စက်ရုံဆိုပြီး Unity သတင်းဂျာနယ်က ဖော်ပြခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဒီဂျာနယ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆွေနဲ့ သတင်းထောက် ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ကြည့်ရင် မြန်မာအစိုးရဟာ အရင် စစ်အစိုးရလိုပဲ အာဏာရှင်ဆန်ဆန် ပြုမူနေဆဲ ဆိုတာကို ပြနေတယ်လို့ ကမ္ဘာတဝန်း သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ ရဲ့ အာရှရေးရာ တာဝန်ခံတဦး ဖြစ်တဲ့ Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

“သတင်းထောက်တွေ ဖမ်းဆီးခံနေရတာကို ကျနော်တို့ ခုထိ တွေ့နေရတုန်းပဲ။ ဒီလို အခြေအနေမျိုးက လက်ရှိအစိုးရ မတိုင်ခင်ကရှိခဲ့တဲ့ အာဏာရှင် စစ်အစိုးရပုံစံမျိုးကို ပြန်ရောက်နေတာပါ။ ကျနော်တို့ကတော့ မြန်မာအစိုးရဟာ တကယ်တမ်း သိပ် ပြောင်းလဲမှု မရှိသေးဘူးလို့ ထင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ထုတ်ဖော်ရေးသားနေကြတဲ့ သတင်းထောက်တွေ သူတို့ရဲ့ တင်ပြမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရမှာကို စိုးရိမ်နေရတာမျိုး မဖြစ်သင့်တော့ ပါဘူး။ မြန်မာအစိုးရဟာ အခြေအနေ အတော်များများမှာ သူတို့ရဲ့အာဏာကို တော်တော်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတုန်းပဲ ဆိုတာကို တွေ့နိုင်ပါတယ်။”

တိုင်းပြည်အတွက်၊ ကမ္ဘာအတွက် အရေးကြီးတဲ့သတင်းတွေကို ရေးသား ဖော်ပြကြတဲ့ သတင်းထောက်တွေကို တရားလက်လွတ် ဖမ်းဆီးမှုတွေ ဆက်ရှိနေသရွေ့ ဒီမိုကရေစီနိုင်ငံတခုအဖြစ် သတ်မှတ်ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုပြီး အခု ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း CPJ အဖွဲ့က တောင်းဆိုပါတယ်။

“အခုဖမ်းဆီးခံရတဲ့ သတင်းထောက်တွေ အားလုံး ချက်ချင်း ပြန်လွတ်လာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ပြန်လွတ်လာရုံတင် မကပါဘူး။ သူတို့အပေါ် စွဲထားတဲ့ စွဲချက်တွေကိုလည်း ပြန်ရုပ်သိမ်းပေး စေချင်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ မဖြစ်မနေ လုပ်သင့်တာက ဒီအခြေအနေ ဘာကြောင့် ရောက်ခဲ့ရတာလည်း ဆိုတာကို သေချာ စမ်းစစ်ရပါမယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီလို့ ပြောချင်ရင်တော့ ခုလို ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးတွေ၊ အပြုအမူတွေနဲ့တော့ ဆက်သွားလို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း အစိုးရအနေနဲ့ နားလည် ရပါလိမ့်မယ်။”

အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်ကတော့ သတင်းထောက်တွေကို ဥပဒေလမ်းကြောင်းအတိုင်း စစ်ဆေးမေးမြန်း နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပေါက်မြို့က စစ်လက်နက်စက်ရုံကို လျှို့ဝှက် ဓာတုလက်နက်စက်ရုံဆိုပြီး Unity ဂျာနယ်က ရေးသားဖော်ပြခဲ့တာနဲ့ဆက်နွယ်ပြီး နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး အခု ပခုက္ကူထောင်မှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုထားသလို ဂျယ်နယ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ ကျန်တဲ့ သတင်းထောက် သုံးဦးကိုတော့ ဘယ်လို အကြောင်းပြချက်၊ စွဲချက်တွေနဲ့ ဖမ်းဆီးထားတယ် ဆိုတာတော့ မသိရသေးပါဘူး။

ခုလို Unity သတင်းဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာနဲ့ ပတ်သက်လို့ ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း စိုးရိမ် ပူပင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဒီဖြစ်ရပ်ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးလို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။
XS
SM
MD
LG