သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် မြန်မာအပြည့်မရသေး


ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေကို ဖိနှိပ်မှုတွေ လျော့ပါး လာနေတယ် လို့ နိုင်ငံတကာ စာနယ်ဇင်းသမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJက အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါ တယ်။ ဒါပေမဲ့ မြန်မာ့သတင်းမီဒီယာ လောကမှာတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေ ရှိနေဆဲပဲလို့ ပြည်တွင်း သတင်း သမားတွေက သုံးသပ်ကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်ရှင်။

ကမ္ဘာတဝှန်း စာနယ်ဇင်းသမားတွေအပေါ်မှာ ဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲပဲ ဖြစ်ပေမဲ့ မြန် မာနိုင်ငံရဲ့ အရပ်သား အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာ့ စာနယ်ဇင်း အခြေအနေကတော့ တိုးတက်မှု အနေအထားတချို့ကို တွေ့မြင်နေရတယ်လို့ သတင်းလွတ်လပ် ခွင့် စောင့်ကြည့်အကဲခတ်အဖွဲ့ CPJက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် စစ်အုပ်ချုပ်မှုလက်အောက်ကနေ အရပ်သားအစိုးရ တရပ်အဖြစ် အသွင်ကူး ပြောင်းလာခဲ့တဲ့အချိန် ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အစိုးရကနေ နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာကြောင့် အဖမ်းဆီးခံထားရတဲ့ စာနယ်ဇင်းသမား ၁၂ ယောက်ထက် မနည်း လွတ်မြောက်လာခဲ့ကြပါတယ်။

၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမားတွေကို ဖမ်းဆီး မထားတဲ့ နိုင်ငံ တခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်လို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်း သမား ကာကွယ် စောင့် ရှောက်ရေး ကော်မတီ (CPJ) ရဲ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ မှာ ဖော်ပြပါရှိခဲ့ပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေကို ဖမ်းဆီးမှုတွေမရှိပေမဲ့လို့ အရပ်သားအစိုးရ လက်ထက်မှာ ပြည်တွင်း စာနယ်ဇင်းသမားတွေနဲ့ ဝန်ကြီးဌာနတချို့အကြား သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုတွေ တွေ့လာရသလို သတင်းအချက်အလက် ရယူမှုတွေနဲ့ သတင်း အချက်အလက်ဆိုင်ရာ ဖော်ပြခွင့်တွေမှာတော့ သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ မရသေးပါဘူး လို့ ပြည်တွင်းသတင်းသမားတစ်ဦးဖြစ်တဲ့ မြန်မာ့ ဂျာနယ်လစ် ကွန်ယက်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံလိုတော့ အပြည့်အဝလွတ်လပ်ခွင့် မရှိသေးပါဘူး။ တချို့သတင်းသမားတွေ သတင်း လုပ်တဲ့ နေရာမှာ သတင်းလွတ်လပ်ခွင့် မရှိတာပေါ့နော်။ စိစစ်ရေးတွေ မရှိတော့ဘူးဆိုပေမဲ့ တချို့အကြောင်းတွေ ကျတော့ တချို့ကိစ္စတွေကို တကယ်ကို လေးလေး နက်နက် ဝေဖန် ဆန်း စစ်ပြီး ဖော်ပြဖို့ ခက်ခဲနေတဲ့ ဟာတွေလည်း ရှိပါသေးတယ်။

ဒါ့အပြင် ဝန်ကြီးဌာနတွေနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ပြည် တွင်း သတင်းထောက်တွေအပေါ်မှာ ကန့်သတ်ချက်တွေ ရှိနေဆဲပဲ ဖြစ်တယ်လို့လည်း မြန်မာ ဂျာနယ်လစ် ကွန်ယက် အဖွဲ့က ဦးမြင့်ကျော်က ပြောပါတယ်။

“ဥပမာ - မကွေးမှာဆိုရင် သတင်းထောက်ကို တရားစွဲထားတယ်ပေါ့နော်။ ပညာရေးမှူးရုံးထဲသွားပြီး သတင်းယူ တယ်။ ဟိုက သူတို့ကို ခွင့်မတောင်းခင် ဗွီဒီယိုရိုက်တယ်၊ ဓာတ်ပုံ ရိုက်တယ်ဆိုပြီးတော့ အဲဒီမှာ တရားစွဲထားတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ဆိုတော့- အဲဒီဟာတွေကလည်း တချို့ မြန် မာပြည်ထဲမှာတောင်မှပဲ ပြည်နယ် တခုနဲ့တခု နေရာ ဒေသတခုနဲ့တခု အုပ်ချုပ်ရေး ဌာနပိုင်းကို မူတည်ပြီးတော့ လွတ်လပ်ခွင့်တွေက မတူပါဘူး။ မကွေးဆိုရင် တော်တော်လေး လုပ်ရကိုင်ရတာ ကျပ်တည်းတယ်လို့ နာမည်ကြီးတယ်ပေါ့နော်။”

အရပ်သားအစိုးရလက်ထက် ပြည်တွင်းမီဒီယာသတင်းဌာနတွေမှာတော့ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ နောက် နိုင်ငံတကာသတင်းတွေကို လွတ်လပ်စွာ သတင်းထုတ်ဖော် တင်ပြခွင့်တွေ ရှိလာတယ် လို့လည်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး မီဒီယာလွတ်လပ်ခွင့်ရပြီး လွတ်လပ်စွာ စာပေရေးသားခွင့် ရလာတဲ့အပေါ်မှာ စာနယ်ဇင်းသမားတွေအနေနဲ့လည်း စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ဂရုပြု ရေးသားဖို့ လိုတယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

“အရင် စိစစ်ရေးက ကန့်သတ်ထားတဲ့ အခြေအနေနဲ့ စာရင်တော့ အများကြီး လွတ်လပ်လာပြီ လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီ လွတ်လပ်လာတဲ့အခါမှာ ကျနော်တို့ မီဒီယာသမားတွေက သိလျက်နဲ့ဖြစ်စေ၊ မသိဘဲနဲ့ ဖြစ်စေပေါ့နော်- တစုံတခုကို ထိခိုက်နိုင်တဲ့ဟာမျိုး- တခါတလေ သာမန်လူတယောက်ရဲ့ ခွင့်မပြုဘဲဖြစ်စေ- အဲလို ထိခိုက်နိုင်တဲ့ဟာမျိုးတွေလည်း ကျနော်တို့ သတိထားဖို့လိုတယ်။ အဲဒီဟာတွေအတွက် မီဒီယာ သမားတွေအနေနဲ့ ကျင့်ဝတ်ပေါ့နော်။ အခု စာနယ်ဇင်း ကောင်စီကလည်း ကျင့်ဝတ်ကို ထုတ်ပြန်ထားတာ ရှိတယ်ဆိုတော့ ဘယ်လိုဟာတွေက အဲဒီကျင့်ဝတ်ကို ဖောက်ဖျက်ရာကျတယ်၊ ဘယ်လိုဟာတွေကတော့ ဖောက်ဖျက်ရာမကျဘူး- အဲဒါတွေ အားလုံးသိဖို့ပေါ့နော်။ ဥပမာ ဒီ မီဒီယာတွေမှာ တာဝန်ယူနေတဲ့ တဦးချင်း အပြင်ကို အယ်ဒီတာတို့လို အဲဒီလိုမျိုး တကယ် တာဝန်ယူနိုင်တဲ့သူတွေ သူတို့ သိဖို့ ပိုအရေးကြီးတာပေါ့နော်။

အဲလိုဟာမျိုးတွေကလည်း ကိုယ့်မီဒီယာလောက ကလည်း ကိုယ့်ဖာသာကိုယ် သိအောင် ကြိုးစားရမယ်၊ ကိုယ့်ဘက်ကလည်း ထိန်းသိမ်းစရာရှိတာတွေ ထိန်းသိမ်းရမယ်။ ဒါပေမဲ့ တဘက်မှာ လွတ်လပ်ခွင့် ရှိတာကိုတော့ ကျန်တဲ့ အချက်အလက်တွေနဲ့သွားပြီး ကန့်သတ်တာမျိုးတော့ ဘယ်သူမှ သဘောမတူပါဘူး။ တာဝန်ယူပြီး ရေးသားတာမျိုးတော့ ဖြစ်ရမှာပေါ့နော်။”

အခုလို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေ မီဒီယာလွတ်လပ်ခွင့်တွေ ရှိလာပြီ ဆိုနိုင်ပေမဲ့ ကမ္ဘာနဲ့ တဝှန်း စာနယ်ဇင်းသမားတွေကို ဖမ်းဆီးအရေးယူမှုတွေကတော့ စံချိန်ချိုးလောက်အောင် ကြုံနေ ရတယ်လို့လည်း CPJ ရဲ့ အစီရင်ခံစာသစ်က ဖော်ပြခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာတဝှန်း ဖမ်းဆီး ခံထားရတဲ့ သတင်းသမား ၂၃၂ ယောက် အထိ ရှိလာနေတာကို တွေ့ရတဲ့အတွက် ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကထက် ၅၃ ယောက် ပိုများ လာတယ်လို့ စာနယ်ဇင်းသမား ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြောပါတယ်ရှင်။
XS
SM
MD
LG