သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် ANNI ဝေဖန်


A migrant looks at shacks burning during the dismantling of half of the "Jungle" migrant camp in the French northern port city of Calais. Clashes broke out between riot police and migrants as bulldozers moved into the grim shantytown on the edge of Calais known as the "Jungle" to start destroying hundreds of makeshift shelters.
A migrant looks at shacks burning during the dismantling of half of the "Jungle" migrant camp in the French northern port city of Calais. Clashes broke out between riot police and migrants as bulldozers moved into the grim shantytown on the edge of Calais known as the "Jungle" to start destroying hundreds of makeshift shelters.

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက်မှု မရှိကြောင်း အာရှ လူအခွင့်အရေးဆောင်ရွက်သူများအဖွဲ့ (ANNI) က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခဒေသတွေအတွင်း လိင် အကြမ်းဖက်မှုတွေနဲ့ သတင်းမီဒီယာဖိနှိပ်မှုတွေအပြင် အလုပ်သမား အခွင့်အရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေသေးတာတွေ ကို ထောက်ပြခဲ့ပါတယ်။

တဆက်တည်းမှာပဲ ယခင်အမျိုးသား လူ့အခွင့်အရေးကော်မရှင် ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သစ်ကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးလိုက်ကြောင်း ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။ လူ့အခွင့်အရေးကော်မရှင် အပေါ်ဝေဖန်ချက်တွေနဲ့ အသစ်ဖွဲ့စည်းတဲ့ လူ့အခွင့်အရေးကော်မရှင်အကြောင်း ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

"သမ္မတ၏ ဘက်တော်သားများသာ ဖြစ်သည်" လို့ ခေါင်းစီးတပ်ထားတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး အားနည်းချက်တွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့ အကြောင်း (ANNI) အာရှ လူ့အခွင့်အရေးဆောင်ရွက်သူများအဖွဲ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ANNI အပါအဝင် မြန်မာအရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma partnership) နဲ့ Equality Myanmar လို့ခေါ်တဲ့ ညီမျှခြင်းမြန်မာတို့မှ ပူးပေါင်း ထုတ်ဝေတဲ့ အခု အစီရင်ခံစာဟာ ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်နဲ့ ၂၀၁၄ ပထမနှစ်ဝက်အတွင်း အဖြစ်အပျက်တွေကို မူတည်ပြီး ထုတ်ပြန်ဖော်ပြ ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေရာ စိုးရိမ်ရဆုံး နယ်မြေနှစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းဖော်ထုတ်မှုတွေ မရှိခဲ့ဘူးလို့လည်း ဖော်ပြ ထားပါတယ်။

" လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဟိုးအရင် ဗိုလ်ချုပ်သန်းရွှေ လက်ထက်မှာ တုန်းက အခြေအနေတွေအတိုင်း ဆက်ဖြစ်နေတာ တွေ့ရတဲ့အပြင် သမ္မတ ဦးသိန်းစိန် လက်ထက်နောက်ပိုင်းမှာလည်း တခြားသော ပုံသဏ္ဍာန်မျိုးစုံနဲ့ ပုံစံအသစ်တွေနဲ့ ထပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတာ ကျမတို့တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် အားလုံးသိပြီးသားပါပဲ။ မီဒီယာတွေကို ကျမတို့ အထူးတောင် ပြောပြစရာ မလိုပါဘူး။ မီဒီယာတွေကနေပဲ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည်သူတွေနဲ့ နိုင်ငံတကာ သိအောင် ဖော်ထုတ်ပြီးတော့မှ တင်ပြလာတာတွေ အများကြီးပါ။ အခုအချိန်မှာ မီဒီယာတွေရဲ့အခန်းကဏ္ဍဟာ အရေးကြီးဆုံးပါပဲ။"

ဒေါ်ခင်ဥမ္မာ
ဒေါ်ခင်ဥမ္မာ

လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ မြန်မာအရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma partnership) ရဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာပြောသွားတာပါ။

ရခိုင်ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခဒေသတွေအတွင်း လိင်အကြမ်းဖက်မှုတွေနဲ့ သတင်းမီဒီယာ ဖိနှိပ်မှုတွေရှိခဲ့တာအပြင် နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေသေးတာ၊ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေနဲ့ စီးပွားရေးစီမံကိန်းတွေအတွင်း ဒေသခံတွေရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့တာတွေကို ထောက်ပြဝေဖန်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံသားများရဲ့ မူလအခွင့်အရေးများမြှင့်တင်ရန်နဲ့ ကာကွယ်ရန် အတွက် ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး လူ့အခွင့်အရေးကော်မရှင်သစ်ကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးလိုက်ကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ယခင်အစိုးရရဲ့ သံတမန်ဟောင်းတွေ ပြန်လည် ပါဝင်လာတာအပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ ကော်မရှင်ရွေးကောက်တဲ့စနစ်ကိုတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။

" ဒီလိုမျိုး အစိုးရနဲ့ မကင်းသော အစိုးရမှာ တာဝန်ယူ ပါဝင် လုပ်ဆောင်ခဲ့သော သူမျိုးကို ပါဝင်ခြင်းကိုက ဒီအဖွဲ့ရဲ့ သီးခြားရပ်တည်နိုင်ခြင်းနဲ့ လွတ်လပ်ခွင့်ကို ကျနော်တို့ အများကြီး သံသယရှိစရာဖြစ်နေတယ်။ အဲ့ဒီ့ပူပင်ခဲ့မှုများ ပျောက်ပြီးတော့ အသစ်မှာ လျော့သွားမလားဆိုတဲ့စိုးရိမ်ချက်က ဒီအတိုင်းပဲ ဖြစ်နေခြင်းကိုက ကျနော်တို့အတွက် သိပ်ပြီးတော့ လက်မခံနိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။

နောက်ထပ်တခုကတော့ ဒီလိုမျိုး ကိစ္စတွေ လုပ်ဆောင်တဲ့နေရာမှာ ကျနော်တို့က အမြဲတမ်းအကြံပေးပါတယ်။ ပိုမိုပွင့်လင်းမြင်သာတဲ့အရာဖြစ်ရမယ်။ လူထုအခြေပြုကိစ္စ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိရမယ်လို့ပြောပေမဲ့ အခုကြေညာချက်ထွက်လာမှ အသစ်ထွက်လာတာ ကျနော်တို့ သိတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ဘယ်သူတွေ ပါသင့်တယ်ဆိုတာ အမည်စာရင်း တင်သွင်းတာလည်း လူတိုင်းတင်သွင်းလို့ရပါတယ်။ ဘယ်သူတွေကို ရွေးကောက်ပွဲ စိစစ်ရေးကော်မတီက ရွေးချယ်လိုက်လည်း ကျနော်တို့ သိ လို့ရတယ်။ သမ္မတရဲ့တာဝန်က တင်ပြလာတဲ့ဟာကို လက်မှတ်ထိုးရုံပဲ။ အခုဟာက ကျနော်တို့မှာ ဘာမှ ရွေးချယ်တင်ပြပိုင်ခွင့်လည်း မရှိဘူး။ ဘယ်တုန်းက အစည်းအဝေးခေါ်ပြီး ဘာလုပ်လိုက်မှန်းမသိဘူး။ ဒါမျိုး လုပ်ဆောင်ချက်ကိုက လုပ်ထုံးလုပ်နည်းထဲမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတရပ်ဖြစ်တဲ့ Right to Participation ပါဝင်မှုပိုင်း ဆုံးရှုံးနေတာ တွေ့ရတယ်။"

ဦးအောင်မျိုးမင်း
ဦးအောင်မျိုးမင်း

ညီမျှခြင်းမြန်မာ (Equality myanmar ) ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းပြောသွားတာပါ။

မြန်မာ့လူ့အခွင့်အရေးကော်မရှင်ဟာ လွတ်လပ်မှုမရှိပဲ အစိုးရရဲ့ သြဇာ သက်ရောက်မှုရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ပွားနေရာဒေသတွေအတွင်း လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ငွေကြေးထောက်ပံ့မှုကို အစိုးရကဆုံးဖြတ်တာမျိုးထက် လွှတ်တော်က ဆုံးဖြတ်ဖို့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

အာရှနိုင်ငံပေါင်း (၁၅) နိုင်ငံက အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံ အကြောင်းအရာတွေ ပါဝင်တဲ့ နိုင်ငံတော် အမျိုးသား လူ့အခွင့်အရေးအဆောက်အအုံများ ဖွဲ့စည်းတည်ထောင်ခြင်းနဲ့ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်များ အစီရင်ခံစာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စက်တင်ဘာလ လဆန်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG