သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသဆိုင်ရာမှာ မြန်မာ့အခန်းကဏ္ဍ တိုးပွားလာပုံ


ဒေသဆိုင်ရာမှာ မြန်မာနိုင်ငံပါဝင်တဲ့အခန်းကဏ္ဍ တိုးပွားလာပုံကို ရေးသားထားတဲ့ ပညာရှင် (၆) ဦးရဲ့ သုတေသနစာတမ်းတွေကို စုပေါင်းပြီး Myanmar's Growing Regional Role ဆိုတဲ့ အမည်နဲ့ လွန်ခဲ့တဲ့ မတ်လက စာအုပ်ထုတ်ပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် Seattle မြို့ အခြေစိုက် National Bureau of Asian Research က ထုတ်ဝေတာ ဖြစ်ပါတယ်။ ဒီ စာအုပ်ကိုရေးတဲ့ သုတေသီတစုဟာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာပြည်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့ မြန်မာအစိုးရရဲ့ ဒေသဆိုင်ရာ အခန်းကဏ္ဍကို သုံးသပ်ထားပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်အာဏာမသိမ်းမီက ဗမာအစိုးရဟာ အရှေ့တောင်အာရှနဲ့ ဖွံ့ဖြိုးစနိုင်ငံအုပ်စုမှာ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုမှာလည်း မြန်မာဟာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ အဲဒီကာလမှာ ဦးသန့်ကို မြန်မာ့ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရတက်လာတဲ့အခါ ယခင်လှုပ်ရှားမှုတွေ နိဂုံးချုပ်ပြီး အထီးကျန်တကိုယ်တော်လမ်းစဉ် ကျင့်သုံးပါတယ်။ အခုမှ ပုံမှန်အစိုးရဖွဲ့စည်းပြီး အာဆီယံဥက္ကဋ္ဌ ဖြစ်လာလို့ ဒေသဆိုင်ရာမှာ လွန်ခဲ့တဲ့ အနှစ် (၅၀) ကျော်ကလို တက်တက်ကြွကြွ ပါဝင်နိုင်မလားဆိုတာကို သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်တာနဲ့ လိုက်လျောညီထွေ နိုင်ငံခြားရေးမှာလည်း ပြောင်းလဲလာပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အထီးကျန်အာဏာရှင်စနစ် ကျင့်သုံးတာကြောင့် နိုင်ငံခြားရေးမှာ ကျွမ်းကျင်တဲ့အတတ်ပညာရှင် နည်းပါးသွားရတယ်လို့ ဆိုပါတယ်။ အနောက်တိုင်းက ဒဏ်ခတ်စဉ်မှာ အာဆီယံနဲ့ တရုတ် အရိပ်အာဝါသကို ခိုလှုံခဲ့ရတဲ့ ဗမာအစိုးရဟာ ၂၀၁၁ နောက်ပိုင်းမှာ ပြုပြင်ရေးလုပ်လာတဲ့အတွက် နိုင်ငံတကာဆက်ဆံရေးမှာ ပြန်လည်ဝင်ဆံ့လာပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားအကူအညီ အထောက်အပံ့တွေရဖို့ ကြိုးစားနေပေမယ့် ပြည်တွင်းပဋိပက္ခတွေကြောင့် နိုင်ငံခြားဆက်ဆံရေးမှာ အခက်အခဲရှိနိုင်ပါတယ်။ ဥပမာ မွတ်စလင်ကိစ္စကို မဖြေရှင်းနိုင်ရင် နိုင်ငံခြားရေးမှာ ပြဿနာဖြစ်နိုင်တယ်လို့ အမေရိကန်သံမှူးဟောင်း Priscilla Clapp က သုံးသပ်ပါတယ်။

အာဆီယံရုံးချုပ် အမှုထမ်းဟောင်းနဲ့ စင်္ကာပူနန်ယန် တက္ကသိုလ်ပါမောက္ခ Mely Calballero-Anthony ကတော့ အာဆီယံလူမမာ ဖြစ်ခဲ့တဲ့ မြန်မာဟာ အာဆီယံဥက္ကဋ္ဌနေရာနဲ့ ထိုက်တန်တယ်ဆိုတာကို ပြသဖို့ လိုတယ်လို့ ဆိုပါတယ်။ ပြည်တွင်းပြုပြင်ရေးလုပ်ငန်းတွေ အခြေမခိုင်သေးခင် အာဆီယံဥက္ကဋ္ဌ လုပ်တာမို့ မြန်မာရဲ့ ပြည်တွင်းပြည်ပအောင်မြင်မှုဟာ အာဆီယံအတွက် အလွန်အရေးကြီးနေတယ်လို့ ဆိုပါတယ်။ မြန်မာရဲ့ နိုင်ငံခြားရေးလမ်းစဉ်ဟာ ပြည်တွင်းပြည်ပအခြေအနေနဲ့ ခေါင်းဆောင်ပိုင်းရဲ့ စိတ်နေသဘောထားကို ရောင်ပြန်ဟပ်နေတယ်လို့ Australia နိုင်ငံ New South Wales တက္ကသိုလ်ကထိက Morten Pederson က ဆိုပါတယ်။ အာဆီယံဥက္ကဋ္ဌအလုပ်မှာ စမ်းတဝါးဝါးဖြစ်ဖို့ အလားအလာမရှိဘူးလို့ သုံးသပ်ပါတယ်။ မြန်မာဥက္ကဋ္ဌဖြစ်လိုတဲ့အတွက် အာဆီယံအသင်းမှာ စည်းလုံးညီညွှတ်မှု ပိုရှိလာမယ်လို့ ဆိုပါတယ်။

National Bureau of Asian Research က ဒု-ဥက္ကဋ္ဌ Abraham Denmark ကတော့ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို သုံးသပ်ပါတယ်။ တရုတ်ကိုချည်း အားကိုးနေခဲ့ရတဲ့အဖြစ်ကို ရပ်ဆိုင်းချင်လို့ မြန်မာဟာ အိန္ဒိယ နဲ့ ဂျပန်ကို လက်တွဲဖို့ ကြိုးစားသလို၊ အိန္ဒိယနဲ့ ဂျပန်ကလည်း တရုတ်သြဇာကြီးထွားလာမှာကို ဟန့်တားလိုကြပါတယ်။ မြန်မာနဲ့ နိုင်ငံကြီးတွေ ဆက်ဆံရေး အဆင်ပြေလေလေ မြန်မာအလိုဆန္ဒကို လိုက်လျောဖို့ တရုတ်ဖက်က ကြိုးစားလေလေ ဖြစ်လာနိုင်ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ မြန်မာ့နိုင်ငံခြားဆက်ဆံရေးမှာ အများကြီး အကျိုးသက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာမှုကြောင့် ပြောင်းလဲလာမယ့် မြန်မာ့နိုင်ငံခြားဆက်ဆံရေး အခြေအနေကို NBAR ဒု-ဥက္ကဋ္ဌ Meredith Miller က သုံးသပ်ထားပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာတတ်ပေမယ့် အောင်မြင်မယ်ဆိုရင် အာဆီယံအသင်းအတွက် တတပ်တအားပဲလို့ ဆိုပါတယ်။ နိုင်ငံခြားစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်လေလေ၊ မြန်မာဟာ အရေးပါလေလေ ဖြစ်လာမယ်လို့ Meredith Miller က သုံးသပ်ပါတယ်။ အခုတော့ နောက်ဆုံးက လိုက်နေရပါတယ်။ တရုတ်ကြီးစိုးတဲ့ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယားဟာ အာဆီယံရဲ့ ရည်ရွယ်ချက်ကို နောက်ပြန်ဆွဲနိုင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က နိုင်ငံသားတဦးရဲ့ အသားတင်ထုတ်လုပ်မှုမှာ မြန်မာဒေါ်လာ ၁၅၀၀၊ ကမ္ဘောဒီးယား ၂၆၀၀၊ လာအို ၃၃၀၀၊ ထိုင်း ၁၁၀၀၀ တို့ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ အာဆီယံအသိုက်အဝန်း အကောင်အထည်ပေါ်လို့ ဈေးကွက်တခုတည်းဖြစ်လာရင် မြန်မာဟာ ထိုင်း နဲ့ ဗိယက်နမ်ကို ပြိုင်ဆိုင်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဟာ မြန်မာ့အတွက်သာမကဘဲ ဒေသဆိုင်ရာ နိုင်ငံတွေအတွက်ရောက်၊ အမေရိကန်အတွက်ရော အရေးကြီးတယ်လို့ နိုင်ငံခြားရေးဌာနဝန်ထမ်းဟောင်း Catharin Dalpino က မြင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် (၂၀) က အမေရိကန်ရဲ့ မြန်မာ့ရေးရာလမ်းစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အခြားခေါင်းဆောင်တွေလည်း အာရုံစိုက်ဖို့ အချိန်တန်ပြီးဖြစ်ကြောင်း Catharin Dalpino က တင်ပြထားပါတယ်။

XS
SM
MD
LG