သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဂုံမြို့သစ်အရှေ့ပိုင်း လယ်မြေဧကထောင်ချီ ရေမြုပ်


ဒဂုံမြို့သစ်အရှေ့ပိုင်း ရေကြီးမှုဖြစ်နေစဉ် (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၆ သြဂုတ် ၂၀၁၃။
ဒဂုံမြို့သစ်အရှေ့ပိုင်း ရေကြီးမှုဖြစ်နေစဉ် (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၆ သြဂုတ် ၂၀၁၃။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ပြည်နယ်အတိုင်း အတော်များများမှာ ရေလွမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် နေရာ အတော်များများမှာ စပါးစိုက်ခင်းတွေ ရေမြုပ်ပြီး ပျက်ဆီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ရန်ကုန်တိုင်းအတွင်းက ဒဂုံမြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ မလက်ကျေးရွာအုပ်စုမှာလည်း စပါးစိုက်ခင်း ဧကပေါင်း ထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးမယ့်အရေးနဲ့ လယ်သမားတွေ ရင်ဆိုင်နေရတာပါ။ အပြည့်အစုံကိုတော့ အဲဒီဒေသကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနေရာ အတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သလိုပဲ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက မြို့နယ် အတော်များများမှာလည်း အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရက်ဆက် ဆိုသလို ဖြစ်ပွားခဲ့တာပါ။ ဒီအထဲက ဒဂုံမြို့သစ် အရှေ့ပိုင်းက မလက်ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတွေ ရေလျှံတဲ့အခြေအနေကိုတော့ ရွာခံ ကိုညွန့်ဝေက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အုပ်စုလိုက်ဆိုရင်တော့ ကျေးရွာအုပ်စုက ၄ ရွာရှိတာပေါ့။ ဂျိုချောင်း၊ ကြာနီခံ၊ မလက်ရှေ့၊ အဝိုင်းရှေ့ ၄ ရွာရှိတယ်။ အဲ့ဒီ ၄ ရွာရှိတဲ့အနက်မှ အခု ထောင်တလုတ်ဆိုရင် ၅ ရွာပေ့ါ ဒါ ကျနော်တို့ ဒီအုပ်စုထဲမှာဆိုရင်တော့ ၄ ရွာပေါ့။ ထောင်တလုတ်ကျေးရွာပါ အခု နစ်နေတာကိုး။ နောက် ကျနော်တို့ ဒီဘက်ကဆိုရင် ရေကျော်တို့ မလက် အနောက်တို့ ဘာတို့ပါ နစ်နေတာကိုး။ လှည်းကူးပိုင်ရွာတွေပါ အကုန်နစ်တယ်။ ကျနော်တို့ ဒီအုပ်စုပိုင် ၄ ရွာရဲ့ လယ်မြေဧကက ၃၃၀၀ ပေါ့နော်။ အခုနှစ် မိုးသည်းစမှာ။ ဒါပေမဲ့ ကျနော်တို့ ထက်ဝက်ခန့်ကျော်လောက် နစ်ပြီလို့ ထင်တယ်။ ဧက ၁၈၀၀ ကျော်လောက်တော့ မြုပ်နေပြီလို့ ကျနော် ထင်တယ်ပေါ့နော်။ ခန့်မှန်းလို့ရတယ်။”

အခုလို လယ်ကွင်းတွေ ရေမြုပ်ကုန်ပြီး မိုးစပါးအကုန်လုံး ပျက်စီးဖို့ သေချာသလောက် ဖြစ်နေတဲ့အတွက် ချေးထားတဲ့ငွေတွေ အချိန်မှီ ပြန်ဆပ်နိုင်ဖို့အတွက် လယ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ နောက်လယ်သမားတဦးဖြစ်တဲ့ ကိုဝင်းဌေးက ပြောပါတယ်။

“ငွေကြေးကိစ္စနဲ့ကတော့ အခက်အခဲက လယ်သမားတွေက အများကြီး ဖြစ်သွားပြီ။ အများကြီးဖြစ်သွားပြီဆိုတာ ကျနော် အပါအဝင်ပေါ့။ လယ်သမား တော်တော်များများ ကျနော်တို့ တော အပြောဆိုရင်တော့ မျိုးကန်းသွားပြီပေါ့ဗျာ။ ဘာလို့ မျိုးကန်းသွားလဲဆိုတော့ ကျနော်ဆိုရင် ပထမတခါ ဇူလိုင် ၁၉ မှာ ရွာလိုက်တဲ့မိုးက ရေကြီးတော့ ကျဲထားတဲ့အပင်လေးတွေ ပြန်ကျသွားတဲ့အချိန်မှာ ကျနော် ထောင်ထားတဲ့ မျိုးနဲ့ အသည်းအသန် စိုက်တယ်။ စိုက်လည်းပြီးရော ချက်ခြင်းမျိုးက ရေက တက်နစ်လိုက်တော့ စိုက်ပင်တွေပါ အခု အကုန်သေတော့ ကျနော့်မှာ စိုက်ပြီးလည်း မျိုးက စိုက်ပင်က မရှိတော့ဘူး။ မရှိတော့တော့ ဒီတမိုးကတော့ ကျနော်က ဘယ်လိုပဲဖြစ်ဖြစ် လယ်သမားအပြောနဲ့ဆိုရင် တံစဉ် လွတ်ပြီပေါ့ဗျာ။ တံစဉ်လွတ်ပြီဆိုတဲ့အခါကျတော့ ငွေကြေးဓနအနေနဲ့က ကျနော်တို့က လာမယ့်နှစ် နွေစပါးကိုပဲ အားကိုးစိုက်ရတော့မှာဆိုတော့ ဒီဘဏ်စပ်ဖို့ အနေအထားမျိုးကျတော့ နွေစပါးအပေါ် ၇ လပိုင်း၊ ၈ လပိုင်းတို့ထိအောင် ဖြစ်သွားမယ်။”

“တော်တော်လေးကို အခက်အခဲ ဖြစ်သွားမယ်။ လယ်သမားက။ သဘာဝအန္တရာယ် အခန်းတွေကတော့ ကျနော်တို့မှာ တော်တော်လေးကို ဒုက္ခရောက်တယ်ဗျာ။ လူနေဖို့ရော၊ စားဖို့ရော။ စပါးရှိပြန်တော့လည်း ဆန်စက်တွေ အကုန်ရေနစ်တော့ စက်က လည်ပတ်လို့ မရတော့ မကြိတ်ရဘူး။ မကြိတ်ရတဲ့အခါကျတော့ ဒီ ဆန်မှာကအစ တော်တော်လေးကို အခက်အခဲ ဖြစ်ရတယ် ကျေးရွာထဲမှာ။ ရဟန်းသံဃာတွေဆိုရင်လည်း ကျောင်းမှာလာပြီးတော့ကို ကျေးရွာထဲက ဒကာတွေက ချက်ပြုတ်ကပ်ရတယ်ပေါ့။ ဆွမ်းခံ ဘာညာ ဘယ်လိုမှ ထွက်လို့မရတော့။ ရွာထဲမှာ အကုန်လုံးနစ်နေတော့။ လယ်သမားတွေအနေနဲ့ကလည်း အကုန်လုံး တော်တော်များများကို ဆုံးရှုံးသွားပါပြီ။ မျိုးပါ စိုက်စရာမရှိတော့တဲ့ အဆင့်အထိကို ဖြစ်သွားတာ။ ကျနော်တို့ လယ်သမား တော်တော်များများ ဖြစ်သွားတာ။ နိုင်ငံတော်အနေနဲ့ကတော့ ဒီမိုးဘဏ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဆိုင်းငံ့ပေးဖို့ လာမယ့်နှစ်ကို တောင်းတဲ့နေရာမှာ အနည်းဆုံး ၇ လ၊ ၈ လလောက်အထိ နွေစပါးပေါ်တဲ့အချိန်ကျမှ ကျနော်တို့က မိုးဘဏ်ကို ပြန်ပြီး လှည့်ဆပ်ရမယ့် သဘောမျိုးရှိတယ်။ အဲ့ဒါလေးကိုတော့ ကျနော်တို့ တင်ပြချင်ပါတယ်။”

ဒဂုံမြို့သစ်အရှေ့ပိုင်း ကြာနီခံရွာမှာ နှစ်ပေါင်း ၅၀ ကျော်နေလာသူ ရွာသူတဦးကလည်း သူတို့ ရေကြီးပြီး အခက်အခဲတွေ ကြုံတွေ့ရတဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။

“အရင်နှစ်တွေကလည်းဖြစ်တယ်။ နှစ်တိုင်းပဲ”
မေး။ ။ ဒီမှာ မြောင်းတူးတာတွေ ဘာတွေကျတော့ရော။ သေချာမလုပ်ကြဘူးလား။
ဖြေ။ ။ “မြောင်းတွေတော့ တူးနေကြတာပဲ။ မလုံလောက်ဘူး။”
မေး။ ။ ဆိုတော့ အခု ဒီနှစ် ရေကြီးတော့ရော။ အကူအညီပေးဖို့တွေ ဘာတွေ ပိုင်ရာဆိုင်ရာက ရောက်တာတွေရှိလား။
ဖြေ။ ။ “မရှိဘူး။ ဘယ်သူမှ မလာသေးဘူး။”
မေး။ ။ အကူအညီရော ရဖူးလား အခုလိုမျိုးနေလာတာ။ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ ။ “မနှစ်တုန်းကတော့ ရဖူးတယ်။ ကြာပြီ ကျမ အနှစ် ၅၀ ကျော်ပြီ။ အခု ရေနစ်တာဆိုရင် ဆက်တိုက်နစ်နေတာဆိုရင် ၁၀ နှစ်လောက်ရှိပြီ။ စပြီး ရေတွေကြီးနေတာပေါ့နော်။ ကျမတို့ ငယ်စဉ်အခါတုန်းကတော့ ရေမကြီးဘူးပေါ့။ အခု ဆက်တိုက်နစ်နေတာဆိုရင် နှစ်နှစ်ရှိပြီ။ မနှစ်ကနဲ့ ဒီနှစ်။ တရားလွန်နစ်တာ။ ဘာမှ လုပ်လို့ကိုင်လို့မရဘူး။”

အခုလို မိုးများရေကြီးပြီး လယ်ယာစိုက်ပျိုးသူ တောင်သူဦးကြီးတွေ အခက်အခဲ ကြုံနေရသလိုပဲ ရွှေပြည်သာမြို့နယ် ၁၇ ရပ်ကွက်မှာ ထောင်နဲ့ချီပြီးရောက်နေတဲ့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့အကြောင်း ရပ်ကွက်လူကြီးတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ကိုယ်တို့ ၂၃ ရက်နေ့ မနက် ၇ နာရီက စဖွင့်တာ။ ဒုက္ခသည်စုစုပေါင်း အခုဆိုရင် ၂၁၁၈ ဦးပဲရှိတာ။ အခုဆိုရင် ၂၂၄၈ ဦးရှိပြီ။ အဖွဲ့အစည်းကဆိုရင် အကိုတို့ ဒီမှာ ဒီရပ်ကွက်က ဗြဟ္မစိုရ်လက်များ လူမှုရေးအသင်း အဖွဲ့အစည်းပေါ့။ နောက် ဒီကရှိတဲ့ ကြံ့ခိုင်ရေးတို့၊ ဘာတို့ကို အကိုတို့က အကူအညီတောင်းတယ်ပေါ့။ တောင်းပြီး သူတို့ကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ပေးရတာပေါ့။”

ရွှေပြည်သာမြို့နယ်အတွင်းက ဒုက္ခသည်တွေကို လူမှုရေးအသင်း အဖွဲ့တွေက ထမင်းထုတ်ဝေတာနဲ့ တခြား လိုအပ်တဲ့အကူအညီတွေ ပေးနေပေမဲ့လည်း ဒဂုံမြို့သစ်အရှေ့ပိုင်း မလက်ကျေးရွာအုပ်စုက လယ်သမားတွေကတော့ သူတို့ရွာတွေ ရေမြုပ်နေတာ သီတင်းပတ်နဲ့ချီ ရှိတဲ့အထိ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ ဒါဟာ ဒီဒေသမှာတင် ရက် ၃၀ အတွင်း ရေ ၂ ခါ နစ်မြုပ်ခြင်း ဖြစ်တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
XS
SM
MD
LG