သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာတွေ အကြမ်းဖက်မှု ရပ်ကြဖို့ ဒလိုင်းလားမား တိုက်တွန်း


တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား (ဂျူလိုင် ၆၊ ၂၀၁၄)
တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား (ဂျူလိုင် ၆၊ ၂၀၁၄)

တိဗက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လားမားက Dalai Lama သူ့ရဲ့ ၇၉ နှစ်မြောက် မွေးနေ့ အခါသမယမှာ ထောင်သောင်းချီတဲ့ သူ့အပေါ် လေးစား ယုံကြည် ကိုးကွယ်သူတွေကို သြဝါဒစကားပြောဆိုရင်းနဲ့ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်ဆလင်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ရပ်တန့်ကြပါလို့ မေတ္တာရပ်ခံသွားပါတယ်။

ဒီ နှစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင်တွေက အများစုနေထိုင်ကြပြီး ဘာသာရေးကိုးကွယ်မှုအရ လူနည်းစုဖြစ်တဲ့ မွတ်ဆလင်တွေအပေါ် တိုက်ခိုက် နေကြတာမျိုးဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘုန်းတော်ကြီး ဒလိုင်လားမားက မိန့်ကြားခဲ့တဲ့အကြောင်း AFP သတင်းမှာ ရေးသားဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာကျင်းပတဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ မွေးနေ့ပွဲကို ဧည့်ပရိသတ် မြောက်များစွာ တက်ရောက်ခဲ့ကြပြီး အဲဒီထဲမှာ ဟောလိဝုဒ်က ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗုဒ္ဓဘာသာဝင် ရစ်ချတ် ဂီယာ Richard Gere လည်း ပါဝင်ပါတယ်။

အဲဒီတိုင်းပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ခုလို ရာဇဝတ်မှုမျိုးတွေ မကျူးလွန်ခင်မှာ ဗုဒ္ဓရဲ့ပုံရိပ်လွှာကို အာရုံပြု နှလုံးသွင်းကြဖို့ သူ့အနေနဲ့ တောင်းဆိုချင်တယ်လို့ ဘုန်းတော်ကြီးက မိန့်ကြားသွားပါတယ်။

ဟိမဝန္တာ တောင်တန်းပေါ်က လဲ (Leh) မြို့ မှာ သြဝါဒ စကားပြောကြားစဉ် ဘုန်းတော်ကြီး ဒလိုင်လားမားက ဗုဒ္ဓက တရားတော်မှာ မေတ္တာနဲ့ ကြင်နာမှုကို ဟောကြားခဲ့ကြောင်း အခုချိန်မှာ ဗုဒ္ဓသာရှိနေမယ်ဆိုရင် တိုက်ခိုက်ခံရတဲ့ မွတ်ဆလင်တွေဘက်က အကာကွယ်ပေးလိမ့်မှာ ဖြစ်တယ်လို့ ဟောကြားသွားပါတယ်။

ဒီရက်ပိုင်း အတွင်း ဘာသာရေးဆန်တဲ့ ဆူပူ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူအသေအပျောက် ရှိခဲ့တဲ့ မန္တလေးမြို့မှာတော့ မနေ့က အခြေအနေတွေ တည်ငြိမ်နေပြီး ညမထွက်ရအမိန့် မလိုက်နာသူ တချို့ကိုတော့ ဖမ်းဆီးထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

တဖက်မှာလည်း မန္တလေးအခြေအနေကို ရေရှည် ထိန်းသိမ်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေက မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပြီး မတူညီတဲ့ ယုံကြည်မှုတွေကို အပြန်အလှန် လေးစားလာကြစေဖို့ အပါအဝင် ရေရှည်လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြတယ်လို့ မန္တလေးမြို့ ငြိမ်းချမ်းရေးထိမ်းသိန်းရေး ကော်မတီက ပြောပါတယ်။

XS
SM
MD
LG