သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမှာ NLD အတွက် ရဲရဲဝံ့ဝံ့ မဲပေးကြဖို့ ဒေါ်စုတိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ခြိမ်းခြောက်မှုတွေ ရှိရင်လည်း မကြောက်ဘဲ NLD ပါတီအတွက် ရဲရဲဝံ့ဝံ့ မဲပေးကြဖို့ အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အဲဒီလို မဲဆွယ် စည်းရုံးတဲ့နေရာမှာ NLD ပါတီကို လူတချို့က ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နေပြည်တော် မြို့တော် အနီးတဝိုက်က ကျေးရွာတွေကို တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ပါတီအတွက် မဲဆွယ် စည်းရုံးရေး ဟောပြောစဉ် မဲပေးတဲ့နေရာမှာ အကြောက်တရားမရှိဘဲ NLD ပါတီကို မဲပေးကြဖို့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံး ပြောဆိုသွားတာ ဖြစ်ပါတယ်။

“ကြောက်စရာလည်းမလိုပါဘူး၊ ရွေးကောက်ပွဲနေ့မှာဆိုရင် ကိုယ်က ဘယ်ပုံးထဲ… ဘယ်သူ့အတွက်ထည့်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး၊ ဘယ်လိုပဲခြိမ်းခြောက်ခြိမ်းခြောက်။ နောက်တစ်ခုလည်းရှိတယ်- ဒီလောက်တောင် ခြိမ်းခြောက်အုံးဟဲ့-ဆိုပြီး NLD ကိုပဲ မဲထည့်ရမှာပဲ။ ကိုယ့်ရဲ့ရှေ့ ဘဝတလျှောက်အတွက် ရင်းနှီးတာဖြစ်ပါတယ်-ဆိုပြီးတော့ မဲပေးဖို့ ဆော်သြပါ-လို့။”

ရွေးကောက်ပွဲအတွက် ပါတီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း တိုင်းပြည်မှာလိုအပ်နေတဲ့ တကယ့် ပြောင်းလဲရေးအတွက် မဲပေးကြဖို့အပါအဝင် ပါတီစတင်တည်ထောင်တဲ့ ၁၉၈၈ ခုနှစ်ကစပြီး NLD အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ခြင်းမရှိဘဲ ရပ်တည် လုပ်ဆောင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ရဲ့ဆောင်ပုဒ်က ‘ပြောင်းလဲချိန်တန်ပြီ’ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့- ။ ကျမတို့က တကယ့် ပြောင်းလဲမှုကို လိုချင်တာပါ။ အပေါ်ယံကြောပြောင်းလဲမှု မဟုတ်ပါဘူး။ ဒီဆီ- ဒီဆီ ပဲ၊ ပုလင်းအသစ်ထဲထည့်လိုက်လို့ ဆီအသစ်ဖြစ်မသွားပါဘူး။ ထမင်းသိုးကို အိုးအသစ်ထဲထည့်လိုက်လို့လည်း ထမင်းသိုးက မကောင်းမသွားပါဘူး။ ထမင်းသိုးက ထမင်းသိုးပဲ၊ အိုးအသစ်က အိုးအသစ်ပဲ။ အဲဒီတော့ ကျမတို့ဟာ တကယ့် စစ်မှန်တဲ့ ပြောင်းလဲမှု ဖြစ်ဖို့လိုပြီ။ ဒီလိုစစ်မှန်တဲ့ပြောင်းလဲမှုကို ကျမတို့ NLD က- ဘာဖြစ်လို့ ကျမတို့ NLD ကို မဲပေးပါ၊ ကျမတို့လုပ်ပေးပါမယ်လို့ ပြောရဲသလဲဆိုရင် ကျမတို့ သမိုင်းကြောင်းတွေကို ပြန်စိစစ်ကြည့်ပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၁၉၈၈ ခုနှစ်ကတည်းက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၁၉၈၈ ခုနှစ်ကနေပြီးတော့ ဒီနှစ် တိုင်အောင် ကျမတို့ တခါမှ ဒီမိုကရေစီလမ်းကြောင်းကနေပြီးတော့ မသွေဖည်ခဲ့ပါဘူးဆိုတာ ကျမတို့ ရဲရဲရင့်ရင့်ပြောနိုင်ပါတယ်။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ တရားဝင် စတင်ဖို့ အချိန်မရောက်သေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးပြောဆိုထားတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်က ခုလို NLD ပါတီကို မဲပေးကြဖို့ ပြောသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ မဲဆွယ်စည်းရုံးတာမဟုတ်ဘဲ ရွေးကောက်ပွဲ အသိပညာပေးလုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရက်ကွက်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်အတွင်းမှာပဲ NLD ပါတီကို ဆန္ဒပြသူတချို့လည်း ရှိခဲ့ပါတယ်။

NLD ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သူ နေပြည်တော်၊ တပ်ကုန်းဒေသခံတဦးဖြစ်တဲ့ ဦးစန်းလွင်ကတော့ - အမျိုးဘာသာ သာသနာကို NLD ပါတီက နှောင့်ယှက် ဖျက်ဆီးနေတာကြောင့် ခုလို ဆန္ဒပြရတာလို့ ပြောပါတယ်။

“အမျိုးကိုဖျက်တဲ့ပါတီမို့လို့ မလိုချင်လို့ ဆန္ဒပြတာ။ ဒါပါပဲ။ နောက်တခါ ငြိမ်းချမ်းရေးကို ကနေ့ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရကနေပြီးတော့ လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်နေတယ်။ NLD ပါတီက။ အဲဒါကို မလိုချင်လို့ အဲဒီပါတီကို ကန့်ကွက်တယ်။ နောက်တခါ အမျိုး၊ ဘာသာ၊ သာသနာ …ယူတဲ့ ဥပဒေလေးမျိုးကို NLD ပါတီအားလုံးက ကန့်ကွက်လို့ အဲဒီပါတီကို ဗမာပြည်မှာ မရှိတဲ့အထိကို ကန့်ကွက်နေတာ။ ဒါပဲ။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ NLD ပါတီ ကတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ထက်ပိုပြီး အမတ်နေရာ အများအပြားနဲ့ လွှတ်တော်မှာ နေရာအများစုကို အနိုင်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။]

ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းရဲ့ အမည်စာရင်းစိစစ်တာတွေ သြဂုတ်လ ၃၁ ရက်နေ့က ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် လာမယ့် ရက်ပိုင်းအတွင်း ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ကြေညာနိုင်မယ်လို့ မျှော်လင့်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ဖို့ သတ်မှတ်ပေးထားပေမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းပြီး ပယ်ချခံရတဲ့သူတွေက (၇) ရက်အတွင်း အယူခံ ပြန်ဝင်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပြန်တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို သတ်မှတ်ရက်မှာ တရားဝင် စတင်နိုင်မလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး ခင်ဗျား။

XS
SM
MD
LG