သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအရေး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆွေးနွေး


လွှတ်တော်တွင်း ပုံမှန်အစည်းအဝေးတွင် စကားပြောနေသည့် NLD ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၂။)
လွှတ်တော်တွင်း ပုံမှန်အစည်းအဝေးတွင် စကားပြောနေသည့် NLD ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၂။)
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးမှု ဥပဒေပြဌာန်းပေးဖို့ လက်ရှိ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ အဆိုကို လွှတ်တော်တက်ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့မှာ ထောက်ခံဆွေးနွေးခဲ့ပါတယ်။ တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီး ထောက်ခံခြင်းဖြစ်တယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်၊ တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ဥပဒေပြဌာန်းပြီး ကာကွယ်ပေးဖို့တွေ ပါဝင်တဲ့ အဆိုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုအကြောင်း မနန္ဒာချမ်းက တင်ပြပါမယ်ရှင်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ်အနေနဲ့ ဇူလိုင်လ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာ တိုင်းရင်းသားတွေရဲ့ အခွင့် အရေးနဲ့ ပတ်သက်တဲ့အဆိုကို ထောက်ခံဆွေးနွေး သွားခဲ့ တာပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကွတ်ခိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က တင်သွင်းခဲ့တဲ့ “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရေး ပြဌာန်းပေးဖို့” ဆိုတဲ့ ဒီ အဆိုမှာ အဓိကကတော့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင်နဲ့ တိုင်းရင်းသားတွေရဲ့ စာပေ ယဉ်ကျေးမှုတွေ တည်တံ့ခိုင်မြဲအောင် သီးခြား ဥပဒေပြဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေး ဖို့ တောင်းဆို ထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားဒေသတွေမှာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်မီး တောက်လောင်နေရ တာဖြစ်တယ်ဆိုတာနဲ့ပတ်သက်လို့ ထောက်ပြခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာဟာ မရှိခဲ့သေးပါဘူး။ ဒါ့ကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ခြင်းဆိုတာ ဘာသာစကား၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းနဲ့ များစွာပိုပြီးတော့ ကျယ်ပြန့်နက်နဲတယ်ဆိုတာကို ကျမတို့ ဆိုနိုင်ပါ တယ်။ ဒါကို ထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီ မျှရေး၊ အပြန်အလှန်လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စုကြီး ပေါ်ထွန်းလာရေးအတွက် ကျမတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ် သလို ပြုပြင်ခြင်း၊ လိုအပ်သလို ပြဌာန်းခြင်းတို့ကို ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းခြင်းနဲ့ ဦးတီခွန်မြတ်ရဲ့အဆိုကို ကျမအနေနဲ့ ထောက်ခံပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်အလိုက် ဆင်းရဲမွဲတေမှုအခြေအနေတွေကို အာရှဖွံ့ဖြိုးမှု အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ရာခိုင်နှုန်းတွေနဲ့ ထောက်ပြခဲ့ပါတယ်။ အခုလို လွှတ်တော်ထဲမှာ ဆွေးနွေး ခဲ့ကြတဲ့ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဆိုကို ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ပါတီကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်တွင်းမှာရှိကြတဲ့ တိုင်းရင်းသား ကိုယ်စား လှယ်တွေ အားလုံးက ထောက်ခံကြတယ် လို့လည်း ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က အခုလို ပြောပြပါတယ်။

“အကုန်လုံးက လိုလိုလားလားပဲ ထောက်ခံပါတယ်။ ဦးတီခွန်မြတ် တင်ကတည်းကကို ကျနော်တို့က လည်း ဒီအဆိုကို မြန်မာပြည်သားရယ်လို့လည်း မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလည်း ဖြစ်တာမို့ တိုင်းရင်းသားတွေအကုန်လုံးက တက်တက်ကြွကြွနဲ့ ထောက်ခံကြ တာပါ။ NLD ကလည်းပါဝင်ပြီးတော့ ထောက်ခံပေးပါတယ်။ ဆိုတော့ ကျနော်တို့အတွက် ပိုပြီးတော့ အားရှိတာပေါ့ဗျာ။”

ဒါပေမဲ့ ဒီအဆိုကို ဆွေးနွေးကြချိန်မှာ NLD ပါတီ ကိုယ်စားလှယ်တချို့ရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌက သတိပေးခဲ့ရတယ်လို့လည်း ဦးဖေသန်း က ပြောပြပါတယ်။

“ဦးအုန်းကြိုင် ပြောတဲ့အထဲမှာပေါ့နော်၊ ခေတ်အဆက်ဆက်မှာ ခေါင်းဆောင်ကောင်းလို့ရှိရင် တိုင်းရင်းသားတွေ အကုန်လုံး စည်းစည်းလုံးလုံး ရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်တယ်၊ ဗိုလ်ချုပ်ကို တနိုင်ငံလုံးက အမျိုးသားခေါင်းဆောင်အဖြစ် ဖော်ထုတ်ခဲ့တယ်။ ဒီကနေ့မှာဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်နေပြီ၊ လွှတ်တော်က သူ့ကို တာဝန်ပေးဖို့၊ အသုံးချဖို့ လိုပါတယ်။ အဲလိုမျိုး ဆွေးနွေးသွားတာရှိတယ်။

အဲဒီကျတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဲလိုအဆိုတွေကို ဆွေးနွေးတဲ့အခါမှာ ပုဂ္ဂိုလ် တဦး တယောက်ရဲ့ အကျင့်စာရိတ္တနဲ့ အပြုအမူနဲ့ ပတ်သက်ပြီးတော့ မဆွေးနွေးရဆိုတဲ့ အချက် ကို ထောက်ပြတယ်၊ အဆိုများကို ဆွေးနွေးရာမှာ အဆိုနဲ့သာ သက်ဆိုင်စေရမည် ဟု ပြောပြီးတော့ ဦးအုန်းကြိုင်ကို အဲလို မပြောဖို့ သတိ ပေးတယ်။ ပုဗ္ဗရသီရိက ဦးမင်းသူက ဆွေးနွေးတဲ့အခါမှာ လည်း လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေက တိုင်းရင်းသားဒေသတွေမှာ လွတ်လပ် စွာ ဆွေးနွေးတင်ပြခွင့်မရှိဘူးဆိုတာကို အဲဒါကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကန့်ကွက်တယ်၊ ပြီးတော့ ဦးမင်းသူကိုလည်း သတိပေးတယ်ပေါ့ဗျာ။”

လွှတ်တော်တွင်းမှာ တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေးနဲ့ပတ်သက်ပြီး အခုလို ထောက် ခံဆွေးနွေးနေကြပေမဲ့လို့ - ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ တိုင်းရင်းသားအခွင့်အရေးဆိုတာ စာပေယဉ်ကျေးမှု ဖော်ထုတ်ခွင့် ရရုံနဲ့ မလုံ လောက်ဘဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပေးမှသာ အဓိပ္ပာယ်ပြည့်ဝမယ် လို့ ပြောကြားခဲ့ပါတယ်ရှင်။
XS
SM
MD
LG