သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးမှာ သဒ္ဓါတရားနဲ့ ကရုဏာထားရေး ဒေါ်စု ဟော ပြောမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥရောပ ငါးနိုင်ငံခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥရောပ ငါးနိုင်ငံခရီးစဉ်
ဘယ်လ်ဂျီနိုင်ငံ၊ လူဗဲန်း ကက်သလစ် တက္ကသိုလ်မှာ ကျင်းပမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ဖို့ စာရင်းပေးသွင်းထားတယ်လို့ တက္ကသိုလ် အုပ်ချုပ်ရေးမှူးက ဗွီအိုအေကို ပြောပါတယ်။ စနေနေ့ ဒေသ စံတော်ချိန် မနက်ပိုင်းမှာ "သဒ္ဓါတရားနဲ့ကရုဏာတရား ထားရှိရေး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကိုကျင်းပမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ဥရောပ ငါးနိုင်ငံခရီးစဉ်ကို ဘယ်လ်ဂျီယံနိုင်ငံနဲ့စတင်လိုက်တဲ့အကြောင်း မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဥရောပကော်မရှင်ရဲ့ ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံကို ရောက်ရှိလာမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောက်ရောက်ချင်း မှာပဲ မြို့တော်ဘရပ်ဆဲလ်နဲ့ ၁၂မိုင်ကျော်လောက်ဝေးကွာတဲ့ လူဗဲန်း ကက်သလစ် တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေ၊ ပါမောက္ခတွေ အပါအဝင် ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သူ့ရဲ့ဟောပြောပွဲကို တက်ရောက်ဖို့ ဧည့်ပရိတ်သတ်ပေါင်း တစ်ထောင်ကျော် စာရင်း ပေးသွင်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် အခုလို ပရိသတ်ထောင်ကျော်ပြီးစာရင်းပေးသွင်းထားတာဖြစ်တယ်လို့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ ဆက်ဆံရေးဌာန ညွန်ကြားရေးမှူး Daniel Rahier က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ဒီပွဲဖြစ်မြောက်ဖို့ စီစဉ်ခဲ့ပုံကို အခုလိုပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ de Louvain ကက်သလစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပေါမောက္ခဘွဲ့ကို ၁၉၉၈ခုနှစ်မှာ ချီးမြှင့်ခံထားရပါတယ်။ ဥရောပကော်မရှင်ရဲ့ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံကို လာရောက်တဲ့ အချိန်မှာ ကျနော်တို့တက္ကသိုလ်ကိုလည်း လာရောက်လည်ပတ်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းလာတဲ့အတွက် သူတွေ့ဆုံပွဲကို စနေနေ့မနက်ပိုင်းမှာကျင်းပဖို့ ကျနော်တို့ စီစဉ်ခဲ့တာပါ။ နိုင်ငံရေးမှာ သဒ္ဓါတရားနဲ့ ကရုဏာတရားထားရှိရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ပါတယ်။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်က နှစ်ပေါင်းများစွာကတည်းက အားပေးထောက်ခံလာတာဖြစ်တယ်လို့ Daniel Rahier ကပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ အကျဉ်းကျနေတဲ့ကာလမှာ ကျနော်တို့တက္ကသိုလ်ကနေ သူ့ကို ထောက်ခံအားပေးခဲ့ပါတယ်။"

ဒါ့အပြင် တက္ကသိုလ်တည်ရှိနေတဲ့ မြို့က ဒေသခံတွေရဲ့ ပံ့ပိုးထောက်ခံမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တာပါ။ နောက်တခုက ဒီတွေ့ဆုံပွဲမှာ နိုင်ငံခြား သံတမန်တွေ ပါဝင်ဟောပြောပေးဖို့ ဥရောပသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၂၂)ရက်နေ့ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာရှိတဲ့ ဥရောပ ပါလီမန်မှာ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ဆာခရော့ဆုကို လက်ခံယူမှာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားမတိုင်ခင် ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz နဲ့ တွေ့ဆုံမှာပါ။

ဒါ့အပြင် အခြားပါလီမန်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ ဥရောပပါလီမန် ဥက္ကဋ္ဌရဲ့ ပြောခွင့်ရအမျိုးသမီး Maud Noyon က ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂရဲ့ အခြားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာပါ။ ဒါပေမယ့် ဥရောပပါလီမန်ကို သူလာရောက် လည်ပတ်မယ့် အစီအစဉ်ကလည်း တိုတောင်းပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၅ နှစ်မြောက် ဆာခရော့ ဆုချီးမြှင့်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားမှာ နာမည်ကျော် နိုင်ငံတကာဆုရှင်တွေ ကိုယ်တိုင်တက်ရောက်ဖို့ရှိပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ကတော့ မတက်ရောက်နိုင်တော့ပါဘူး။

ဆုပေးပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွင့်မိန့်ခွန်းပြောဖို့ ရှိပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ ပြုလုပ်မှာပါ။

ဗြိတိန်မှာတော့ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ
မြောက်ပိုင်း အိုင်ယာလန်ကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို လည်း သွားရောက်ပြီး စစ်ပညာလေ့ကျင့် သင်ကြားမှုတွေကို လေ့လာဖို့ ရှိပါတယ်။ Sandhurst တော်ဝင်စစ် တက္ကသိုလ်မှာပဲ ဗိုလ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ခရီးစဉ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို သွားပြီး မြန်မာ့ဒီမိုကရေစီရေးကို တောက်လျှောက် အားပေးထောက်ခံခဲ့တဲ့ မြို့ ၄ မြို့ဆီကို သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပါတယ်။
XS
SM
MD
LG