သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော


DASSK received Václav Havel Prize for Creative Dissent in San Francisco.
DASSK received Václav Havel Prize for Creative Dissent in San Francisco.
အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘဝနဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ဝိုင်းဝန်း ကူညီကြဖို့ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက်တာဖစ်ပါတယ်။ အပြည့်စုံကို မမိုးဖြူက တင်ပြထားပါတယ်။

မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ်ချုပ် နဲ့ အကျဉ်းစံဘ၀ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်းအတွက် ခရီးရှည်၊ “The Long Road to Freedom” အမည်ပေးထားတဲ့ အခမ်းအနားမှာ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် နေနိုင်တဲ့သူဟာ အမြဲတမ်း လွတ်လပ်နေနိုင်ပါတယ် လို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လူမှုအဆောက်အအုံ၊ အဖွဲ့အစည်းကြီးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့သူတွေ အတွက်တော့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားတဲ့ခရီးက ရှည်ပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ် ရှေ့ဆောင် လမ်းပြခဲ့သလိုပဲ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ရာမှာ အမှန်တရားနဲ့ နေထိုင်မှုကနေ စတင်ကြရပါတယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေကိုလည်း ဖိနှိပ်မှုတွေ လက်အောက်ကနေ လွတ်မြောက်အောင် အမှန်တရားနဲ့ နေထိုင်ဖို့ လူမှု အဖွဲ့အစည်းကြီး တွေကနေ စွမ်းဆောင်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အတွက်တော့ အဲဒီခရီးရှည်ကြီးကို အခု စရတော့မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အခု မတူခြားနားပြီးတော့ ရှည်လျားတဲ့ခရီးကို ကျမတို့ လျှောက်လှမ်းရတော့မှာ မိုလို့ ခါတိုင်းထက်ပိုပြီးတော့ ကျမတို့ မိတ်ဆွေကောင်းတွေ အများကြီး လိုပါတယ်။ အရင် လျှောက်ခဲ့ရတဲ့လမ်းက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့ရတာပါ။ အခု လျှောက်ရမယ့်လမ်းကတော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ လူ့အဖွဲ့အစည်းကြီးတွေ တည်ဆောက်ရမယ့် ခရီးပါ။ ဒါကြောင့် မိတ်ဆွေကောင်းတွေ ပိုပြီးတော့ လိုအပ်တာပါ။”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဒီချိုးဖောက်မှုတွေကို လူ့အဖွဲ့အစည်းက အလေးထား အာရုံစိုက်အောင် လုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ ရှုမြင် ဆောင်ရွက်ချက်တွေနဲ့ မလုံလောက်တော့ဘူး လို့ ထောက်ပြ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် ပညာဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ စွမ်းရည်ခွန်အားတွေ ရှိဖို့လိုတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေး တင်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးမှုရှိအောင် ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ဘာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးလဲ ဆိုတာကို နားလည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ သူတို့လုပ်ရပ်တွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေက သူတို့ အပါအဝင် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ် ဆိုတာကို မသိတာလား။ ဒါကို ဖော်ထုတ် အသိပေးဖို့ လိုပါတယ်။ အာဏာရှင်စစ်တပ်တွေ သူ့လူမျိုး သူ့တိုင်းပြည် အပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ် ဆိုတာ ကြားခဲ့ကြရပြီးပါပြီ။ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမန်ပြည်သူ၊ သာမန်စစ်သားတယောက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်မိအောင် ထိန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း မွေးရာပါ အသိစိတ်၊ စာနာစိတ်တွေနဲ့ မကျူးလွန်မိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဒါကို သူတို့ နားလည်နိုင်အောင် ကျမတို့ ကူညီနိုင်မှာပါ။”

လွတ်မြောက်ရေး ခရီးလမ်းအတွက် အမုန်းနဲ့ အကြမ်းဖက်မှုတွေ ကင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီခရီးရှည်ကြီးကို အမုန်းနဲ့ အကြမ်းဖက်မှုတွေ မရှိဘဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လေးစားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ကိုယ် လိုချင်တဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းသုံးပြီး အရယူယူ၊ အောင်မြင်မှုရရင် ပြီးတာပဲလို့ ယူဆသူတွေ ရှိပါတယ်။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။ နည်းလမ်းမမှန်ရင် နောက်ဆုံးမှာ ရတဲ့ အောင်မြင်မှု ဆိုတာကလည်း မှန်ကန်မှု မရှိနိုင်ပါဘူး။ လွတ်လပ်မှုအတွက် အမုန်းနဲ့ အကြမ်းဖက်မှု နည်းတွေ သုံးပြီး လျှောက်လှမ်းမယ် ဆိုရင်တော့ ခရီးဆုံးမှာ ရမယ့်ရလဒ်က လွတ်လပ်မှု ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမုန်း၊ ကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကိုပဲ ရောက်မှာပါ။”

ဒါကြောင့် ကိုယ့်ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ရတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေအတွက် နည်းလာတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့် ရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကူညီနိုင်အောင် ပြောဆိုသွားပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ တက်ရောက် ဆွေးနွေးကြတဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြု ပေးအပ်တဲ့ Václav Havel Prize for Creative Dissent ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
XS
SM
MD
LG