သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆု ဒေါ်စု လက်ခံယူ


DASSK receives global citizens award by Alantic Council. September 22, 2012.
DASSK receives global citizens award by Alantic Council. September 22, 2012.
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး သူ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ လုပ်သင့်တဲ့အလုပ်တခုကို ရွေးချယ် လုပ်နေတာသာဖြစ်ပြီး ဒါကို စွန့်လွှတ်အနစ်နာ ခံတာလို့ မယူဆတဲ့အကြောင်း ပြောလိုက်ပါတယ်။ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ Atlantic Council အဖွဲ့က ပေးအပ်တဲ့ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆု လက်ခံရယူခဲ့တဲ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောသွားတာပါ။ မနေ့က ဒီ ဂုဏ်ထူးဆောင် ဆုပေးပွဲ အခမ်းအနားအကြောင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အမေရိကန် စံတော်ချိန် ညပိုင်း နယူးယောက်မြို့မှာ အခြေစိုက်တဲ့ Atlantic Council အဖွဲ့က ပေးအပ်တဲ့ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံရယူခဲ့ပါတယ်။ ကမ္ဘာ့အရေး နိုင်ငံတကာမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေကို ပေးအပ်တဲ့ ဒီဆုကို ဒီနှစ်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတဝှမ်းက ပုဂ္ဂိုလ် လေးဦးကို Atlantic Council အဖွဲ့က ပေးအပ်ခဲ့တာပါ။ ဒီ ဂုဏ်ပြုဆု ပေးအပ်တဲ့ အခမ်းအနားကိုတော့ နယူးယောက်မြို့က ထင်ရှားတဲ့ Plaza Hotel ကြီးမှာ ပြုလုပ်ခဲ့တာပါ။မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ချီးမြင့်တာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကိုယ်သူ စွန့်လွှတ် အနစ်နာခံသူ အဖြစ် မယူဆပါဘူးလို့ ဂုဏ်ပြုဆု လက်ခံရယူတဲ့ အခမ်းအနားမှာ ပြောသွားပါတယ်။

“စွန့်လွှတ် အနစ်နာခံမှု မဟုတ်ပါဘူး။ ဒါ ကျမ ကိုယ်တိုင် ရွေးချယ်တဲ့လမ်းပါ။ မှန်တယ်လို့ ယူဆပြီး ဒီလမ်းကို လျှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျမ ကိုယ်တိုင် ရွေးချယ် လျှောက်ခဲ့တဲ့လမ်းမို့ ဒီလမ်းတလျှောက် ကြုံတွေ့ရနိုင်တဲ့ ပြဿနာ အခက်အခဲ အတွက် သနားကြင်နာမှု ရ ရမယ် ဆိုတာမျိုး မဟုတ်သလို ချီးမွမ်းခံရဖို့ အတွက်လည်း မဟုတ်ပါဘူး။ ဒီလမ်းကို လျှောက်ဖို့ ကျမ ရွေးခဲ့တာပါ။ ဒီလမ်းကိုပဲ ကျမ ဆက်ပြီး လျှောက်မှာပါ။ ရှင်တို့ အားလုံး၊ ကျမ တိုင်းပြည်က ပြည်သူ လူထုတွေ အားလုံးအတွက် ကျမ ခုလို ဆောင်ရွက်ဖို့ တာဝန်ရှိလို့ပါပဲ။”

၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့အတွက် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိ အရပ်သား အစိုးရ တက်မလာခင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွေ အပြီးမှာမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီ ဆု ချီးမြင့်ခွင့်ရတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာ ပီတိဖြစ်ရသလို၊ စိတ်လှုပ်ရှား တုန်လှုပ်ရတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ စီစဉ်ညွှန်ကြားရေးမှူး Christine Lagarde က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလနဲ့ ဇူလိုင်လအကြား နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်ကို မြန်မာအစိုးရက ပြန်လည် လွှတ်ပေးခဲ့တာ အပါအဝင် တနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ အရှိန်မြင့် ဆောင်ရွက်လာတာကြောင့် မြန်မာအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ လွှတ်တော်ထဲ ပါဝင် လှုပ်ရှားခွင့်ရခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ကလည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အမြင်တွေ ကောင်းလာအောင် လုပ်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ခရီးကြမ်းတလျှောက် ကူညီ ပံ့ပိုးခဲ့ကြသူတွေ အနေနဲ့ အဆုံးထိ ဆက်ပြီး အားပေး ကူညီသွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားအတွင်း တိုက်တွန်းခဲ့ပါတယ်။

“ကြမ်းတမ်းတဲ့ အချိန်တွေ၊ အခက်ခဲဆုံး အချိန်တွေမှာ ကျမတို့နဲ့အတူတူ ရပ်တည်ခဲ့တဲ့သူတွေကို အကောင်းဆုံးနဲ့ အစွမ်းကုန် ကျမတို့ ပြန် လုပ်ပေးနိုင်တာကတော့ ဒီ ခရီးကြမ်းရှည်ကြီးကို ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်တဲ့အထိ ကြိုးစားသွားတာကိုပါ။ အခုတော့ ဒီခရီးပန်းတိုင် ကို ကျမတို့ မရောက်သေးပါဘူး။ ဒါပေမဲ့ ခရီးဆုံးအထိ ရောက်အောင် ယုံကြည်ချက်တွေ၊ သတ္တိခွန်အားတွေနဲ့ ဆက်ပြီး သွားကြမှာပါ။ ဒါမှသာ ကျမတို့ဟာ ကမ္ဘာ့ အကျိုးဆောင် နိုင်ငံသားတွေလို့ နံမည်တပ်ခံရ သင့်တဲ့ သူတွေ ဆိုတာကို ပြောနိုင်မှာပါ။ ဒီလို စစ်မှန်တဲ့ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားတွေ ဖြစ်လာဖို့ အတွက် ကျမတို့နဲ့အတူ ရှင်တို့ ဆက်ပြီး ရှိသွားလိမ့်မယ်၊ ကူညီသွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီနှစ်အတွက် ကမ္ဘာ့အကျိုးဆောင်ဆု ချီးမြှင့်ခံရတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တဲ့ Henary Kissinger ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခုလို ဂုဏ်ပြုခံရတာ သူ့အတွက် အင်မတန် ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဆိုပြီး ဂုဏ်ပြုစကား ဆိုသွားခဲ့ပါတယ်။

“လူ့အဖွဲ့အစည်းတွေဟာ ရဲစွမ်းသတ္တိတွေရဲ့ စုစည်းမှုနဲ့ အားဖြစ်စေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာကြီးကို ပြသခဲ့ပါတယ်။ ဒီလို ရဲစွမ်းသတ္တိတွေကနေ ပြန်လည် သင့်မြတ်ရေး ဆိုတာနဲ့ ရင်ဆိုင်လာရတဲ့အခါ တကယ့် ကြီးမားတဲ့ ခွန်အားတွေ ဖြစ်လာစေပါတယ်။”

ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့လူသားတွေရဲ့အရေးကို နိုင်ငံတကာမှာ အပြောင်မြောက်ဆုံး လှုပ်ရှား ဆောင်ရွက်ခဲ့ကြသူတွေကို Atlantic Council အဖွဲ့က ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆု ချီးမြင့်လာခဲ့တာ ဒီနှစ် တတိယအကြိမ် ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် ဆု ကိုတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် ငြိမ်းချမ်းရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henary Kissinger ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟောင်း Sadako Ogata၊ ကမ္ဘာကျော် “We are the World” သီးချင်းကို ရေးသားခဲ့တဲ့ အမေရိကန် ဂီတပညာရှင်လည်းဖြစ်၊ လူသားချင်း ကူညီထောက်ပံ့ရေး လုပ်ငန်းတွေမှာ တက်ကြွလှုပ်ရှားတဲ့ Quincy Jones တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG