သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး တိုးတက်အောင်ကူဖို့ အိန္ဒိယကို ဒေါ်စုတိုက်တွန်း


အိန္ဒိယနိုင်ငံ Lady Shri Ram ကောလိပ်ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်စဉ်။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
အိန္ဒိယနိုင်ငံ Lady Shri Ram ကောလိပ်ကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်စဉ်။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပိုမို ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေတဲ့အကြောင်းနဲ့ အိန္ဒိယအနေနဲ့လည်း မြန်မာကို နည်းပညာဆိုင်ရာ အကူအညီတွေ ပေးသွားဖို့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နည်းပညာမြို့ဖြစ်တဲ့ Bangalore နဲ့ နည်းပညာသိပ္ပံ ကျောင်းတွေကို သွားရောက် လည်ပတ်ခဲ့ပြီးတဲ့နောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလေးထား တိုက်တွန်း ပြောဆိုလိုက်တာပါ။

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပတ်နီးပါးကြာ သူ့ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်း အိန္ဒိယရဲ့ အိုင်တီ နည်းပညာတွေ စုဝေးရာအရပ် ဖြစ်တဲ့ Bangalore ကို စနေနေ့က သွားရောက်ခဲ့တာပါ။ အိန္ဒိယ သိပ္ပံနည်းပညာ ကျောင်း IISc ကို သွားရောက်ခဲ့စဉ်မှာတော့ အဲဒီက ကျောင်းသူကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေး ဖလှယ်မှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် စစ်အုပ်အချုပ်မှုကနေ ဒီမိုကရေစီ စနစ်ဆီကို ဒယိမ်းဒယိုင်နဲ့ လျှောက်လှမ်းနေရဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တိုးတက် ကောင်းမွန်အောင် လုပ်တဲ့နေရာမှာ အိန္ဒိယက အကူအညီတွေ ပေးသွားဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပါတယ်။

“ကျမတို့နိုင်ငံက လူငယ်တွေ နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့အတွက် ကျမတို့နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို ကျမတို့ မြင့်တင်ချင်ပါတယ်။ သိပ္ပံပညာရပ် ဆိုင်ရာ သင်ကြားမှုတွေကို မြှင့်တင် ရပါမယ်။ ဒါက ကျမ အထူး စိတ်ဝင်စားတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ နိုင်ငံ အနေနဲ့ နိုင်ငံတကာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမီလိုက်နိုင်ဖို့ လိုပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျမတို့နိုင်ငံက အများကြီး နောက်ကျ ကျန်နေပါတယ်။ တခြားနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ အလျင်အမြန် တိုးတက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီ ခရီးစဉ်အတွင်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ နိုင်ငံခြားရေးဝန်ကြီး ဆလမ်ခါရှစ် နဲ့၊ အိန္ဒိယရဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဓီ တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး ကိုဂုဏ်ပြုကျင်းပတဲ့ အခမ်းအနားမှာ ဂျဝါဟာလာ နေရူး အထိန်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သလို ဒီမိုကရေစီ ခရီးရှည်ကြီးရဲ့ နောက်ဆုံးအဆင့်ကို ရောက်လာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံကို အားပေး ကူညီ ရပ်တည်သွားဖို့ အိန္ဒိယနိုင်ငံကို တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး အတွက် စစ်အာဏာရှင်ကို အတိုက်အခံလုပ်ခဲ့တဲ့ အတွက် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရသူ ဖြစ်သလို ၁၉၉၁ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ရတဲ့ အချိန်ကစလို့ မြန်မာတင်မက နိုင်ငံတကာမှာပါ ဒီမိုကရေစီ ပြယုဂ်တခု ဖြစ်လာခဲ့တာပါ။

မြန်မာအစိုးရက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလနဲ့ ဇူလိုင်လအတွင်း နိုင်ငံရေး အကျဉ်းသား ၇၀၀ လောက် ပြန်လွှတ်ပေးခဲ့တာ အပါအဝင် တနှစ်တာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလက ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့သလို နိုင်ငံတကာမှာ အပယ်ခံဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပြောင်းလဲပြီး မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။
XS
SM
MD
LG