သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အိန္ဒိယခရီး စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးထွက်ဖို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ် ( နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၂၊)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးထွက်ဖို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာစဉ် ( နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၂၊)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာပြီး တဆင့် ဘန်ကောက်မြို့ကနေ အိန္ဒိယ နိင်ငံကို အင်္ဂါနေ့မှာ ဆိုက်ရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့ India သတင်းမီဒီယာတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။ တချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့ဖူးတဲ့ Lady Shri Ram ကောလိပ်ကို ဒေါ်အောင်ဆန်းစုကြည် လာလည်မှာမို့ တကျောင်းလုံးက ဂုဏ်ယူ စိတ်လှုပ်ရှားနေကြတယ် လို့ ကောလိပ်ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အိန္ဒိယ အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော် ခေါင်းဆောင်တွေ အပြင် မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံမဲ့ ဒေါ်အောင်ဆန်းစုကြည် India ခရီးစဉ်အကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန် စုစည်းတင်ပြပါမယ်။

ဂျဝါဟာလာနေရူး ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဌ Sonia Gandhi ရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် အင်္ဂါနေ့မှာ India နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက မိခင်ဒေါ်ခင်ကြည် India နဲ့ Nepal ဆိုင်ရာ သံအမတ် တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်း India နိင်ငံမှာ နေထိုင် ကျောင်းတက် သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် India နိုင်ငံကို ပြန်လာမဲ့အပေါ် အတော် စိတ်ဝင်တစား ရှိနေကြပြီး အိန္ဒိယသတင်းမီဒီယာတွေမှာလဲ ကျယ်ကျယ် ရေးသားဖော်ပြနေကြတယ်လို့ India ရောက် မြန်မာ မိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို စီစဉ်နေတဲ့ New Delhi မြို့မှာနေထိုင်တဲ့ ဒေါက်တာတင့်ဆွေက VOA မြန်မာပိုင်းကို ပြောပြပါတယ်။

“အများကြီးကို အံ့သြဝမ်းသာ စိတ်ဝင်စားမှုတွေ ပြကြပါတယ်။ အထူးသဖြင့် ကျနော်တို့နဲ့ နီးစပ်တာ အစိုးရပိုင်းက တပိုင်းပေါ့လေ။ မီဒီယာကလည်း ဖော်ပြတာတွေ၊ ဆောင်းပါးတွေ ရေးကြတာတွေ အများကြီးပါ။ ဒေါ်အောင်ဆန်းစုကြည် ခရီးနဲ့ပတ်သက်ပြီးတော့ အိန္ဒိယ-မြန်မာဆက်ဆံရေး အလားအလာပိုကောင်းလာမလား စသဖြင့် ထင်မြင်ချက်တွေနဲ့ ဆောင်းပါးတွေရေးကြတယ်။ သူလာမဲ့ဒေလီမှာ မြန်မာမိသားစုရှိတဲ့နေရာမှာတော့ လုံခြုံရေးကအစ ပတ်ဝန်းကျင်နေတဲ့သူတွေက အစ အံ့သြဝမ်းမြောက်ပြီးတော့ ထူးခြားတဲ့ သမိုင်းဝင်ဖြစ်စဉ်တခုလို တက်ကြွမှုတွေ ကြီးမားတယ်လို့ ပြောနိုင်ပါတယ်။"

နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယ ခရီးစဉ်နဲ့ ပါတ်သက်လို့ India အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ India ဝန်ကြီးချုပ် Manmohan Singh နဲ့ နိုဝင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အိန္ဒိယ အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော်ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိတဲ့ အကြောင်း ဒေါက်တာတင့်ဆွေက ခုလို ပြောပြပါတယ်။

“ဒီမှာတော့ အိန္ဒိယအစိုးရပိုင်းက ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးချုပ်ကအစ ဒုသမ္မတ၊ နောက် လွှတ်တော်ဥက္ကဌတွေ သူတွေ့မှာပါ။ နောက် ဖိတ်ကြားတဲ့ မစ္စစ် ဆိုနီယာဂန္ဒီကလည်း ဧည့်ခံမှာဖြစ်ပါတယ်။ နောက် မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကိုလည်း သွားပြီး ဂါရဝပြုမှာပါ။ အဓိကကတော့ ၁၄ရက်နေ့ ညနေမှာ နေရူး Memorial လက်ချာခေါ်တဲ့ နေရူး အောက်မေ့ဖွယ်မိန့်ခွန်းကို ဗစ်ဂျမ်ဘာဗာမှာ ညနေခြောက်နာရီမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။”

India နိင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားမဲ့ထဲက ထူးခြားတယ် လို့ ပြောနိုင်မဲ့ နေရာတခုကတော့ သူ နိုင်ငံရေးသိပ္ပံဘာသာရပ်ဘွဲ့အတွက် သင်ကြား တက်ရောက်ခဲ့တဲ့ Lady Shri Ram College ဖြစ်ပါတယ်၊ November လ ၁၆ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် သူ့ရဲ့ ကျောင်းဟောင်းဆီကို ပြန်လာမဲ့အတွက် တကျောင်းလုံးက အင်မတန်ပျော်နေကြတယ်လို့ Lady Shri Ram ကောလိပ် ပြောခွင့်ရသူ ဒေါက်တာ Dr. Kanika Khandelwal က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

“စိတ်လှုပ်ရှားနေကြတယ်လို့ ပြောရင် လျှော့ပြောသလိုဖြစ်နေပါမယ်၊ ကျွန်မတို့အားလုံးအတွက် အိမ်မက်ထဲကအတိုင်း လက်တွေ့ဖြစ်လာခဲ့တာပါ၊ ဒီရက်ကိုရောက်ဖို့ မျှော်လင့်စောင့်စား ခဲ့တာ နှစ်ပေါင်းကြာခဲ့ပါပြီ၊ သူခုလို လာလည်မဲ့အတွက် တကယ်ကို ဂုဏ်ယူ ဝမ်းမြောက်ရပါတယ်”လို့ ပြောသွားတာဖြစ်ပါတယ်။

သူတို့ကျောင်းရဲ့ဘဲ့ွရ ကျောင်းသူဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက်ကိုလဲ တကျောင်းလုံးမှာ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

“လူတိုင်း ပြင်ဆင်မှုတွေအတွက် အလုပ်များနေကြပါတယ်၊ ကောလိပ်တခုလုံးကို အလှဆင်နေကြတယ်၊ ခင်းကျင်းပြထားဖို့ ဓါတ်ပုံဟောင်းတွေကို ပြန်ပြီး ထုတ်နေကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်လာတဲ့နေ့ကျရင် ကျောင်းသူတွေက ယဉ်ကျေးမှုကပွဲလေး တခုနဲ့ ဖျော်ဖြေပါမယ်၊ အထူးခြားဆုံးကတော့ သူ့ပြောမဲ့ မိန့်ခွန်းဖြစ်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာမို့ မိန့်ခွန်းကတော့ အဲဒီနေ့အတွက် အထူးခြားဆုံးဖြစ်မှာပါ၊ နောက်အမှတ်တရ သစ်ပင်စိုက်ဖို့ အစီအစဉ်ရှိပါတယ်၊ ဒီကျောင်းကနေ ဘွဲ့ရသွားသူတွေစုပြီးတော့လဲ သူ့ကိုပေးဖို့ အထူးအမှတ်တရ ပစ္စည်းကို စီစဉ်ထားပါတယ်”လို့ Lady Shri Ram College ရဲ့ ပြောခွင့်ရသူ Dr. Kanika Khandelwal က VOA မြန်မာပိုင်းကို ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ New Delhi မြို့တော်အပြင် တခြားမြို့တွေဆီကိုလဲ သွားဖို့ အစီအစဉ်တွေရှိပါတယ်။

“ ကျနော်တို့ ၁၆ရက်ပြီးရင် ပင်ဂလိုလို့ခေါ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အိုင်တီမြို့တော်ပေါ့လေ။ အိန္ဒိယနိုင်ငံရဲ့ ဆီလီကွန်ဗယ်လီလို့တောင် ပြောလို့ရတဲ့ အိန္ဒိယနိုင်ငံ ဆီလီကွန်ဗယ်လီကို သွားပြီးတော့ နည်းပညာဆိုင်ရာမှာ အမြင့်ဆုံးတက္ကသိုလ်ပေါ့လေ။ အဲ့ကို သူသွားပါလိမ့်မယ်။ နည်းပညာနဲ့ပတ်သက်ပြီးတော့ သူလေ့လာမယ်။အဲ့တာပြီးရင် တဆက်တည်း အဲ့နားမှာ သိပ်မဝေးတဲ့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ထားတဲ့ ပြည်နယ်တခုက အေပီလို့ခေါ်တဲ့ မြို့တခုကိုလည်း သွားပြီးလေ့လာဦးမှာပါခင်ဗျ။”

အိန္ဒိယရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲကတော့ နိုဝင်ဘာ လ ၁၆ ရက်မှာ နယူးဒေလီ မြို့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ India နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျဝါဟာလာနေရူးရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲမှာ နေရူးအောက်မေ့ဖွယ် မိန့်ခွန်းပြောကြားဖို့ အတွက် မေလတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ India ဝန်ကြီးချုပ် Manmohan Singh ကနေတဆင့် ဂျဝါဟာလာနေရူး ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဌ Sonia Gandhi ကဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG