သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဆက်နွယ် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုအမြင်


ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ်။ (ဇွန်လ ၆ ရက်၊ ၂၀၁၃)။
ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ်။ (ဇွန်လ ၆ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှမယ့်သူတွေအတွက် အဓိက အကန့်အသတ်နှစ်ခုဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ အဆောက်အအုံပိုင်းဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ဘက်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လုပ်ဆောင်သင့်တာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကဏ္ဍစုံ အပြောင်းအလဲတွေ လုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့် ပေးထားပေမဲ့လည်း စီးပွားရေး လုပ်ငန်းတွေ ပေါပေါများများ မတွေ့ရသေးတာဟာ လက်တွေ့ ရင်းနှီးမြှုပ်နှံတာထက် လေ့လာစုံစမ်းတာက ပိုများနေသေးတာကြောင့်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ လာလည်ကြ ပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုက လိုက်မလာတာကိုတွေ့ရမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ သူတို့တွေ ဘာ့ကြောင့် တွန့်ဆုတ်ကြတာလဲ ဆိုတာအပေါ် သူတွေ့ရတဲ့ကိစ္စရပ်နှစ်ခုကို အခုလိုပြောခဲ့ပါတယ်။

"သူတို့ရဲ့စိုးရိမ်ချက်ကို အခု ကျမတွေ့ရတာက အခြေခံအားဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းပါ ပဲ။ ဒီနှစ်ခုဟာ တကယ့်ရင်းနှီးမြှု့ပ်နှံမှုတွေအတွက် အတားအဆီးတွေပါပဲ။ ဟုတ်ပါတယ်၊ သူတို့က ဒီကိုလာပြီး အခုအချိန်ဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင်းဆုံးအချိန် ဟုတ်ရဲ့လားဆိုတာ ကြည့်ပါတယ်။ ဒီနိုင်ငံမှာ ကြီးမားတဲ့ဖြစ်နိုင်ခြေတွေ ရှိနေတယ်၊ ကြီးမားတဲ့အလားအလာတွေ ရှိနေတယ်ဆိုတာ သူတို့ သေချာပေါက်တွေ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ဝင်မလာသေးပါဘူး။ သူတို့ဟာ တရားဥပဒေစိုးမိုးရေး အခြေအနေပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ပြီးတော့ အခြေခံ အဆောက်အအုံ အားနည်းတာကလည်း အရမ်းကို ကြီးမားနေပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို စစ်ဘက်နဲ့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက နှစ်ပေါင်းများစွာ ချုပ်ကိုင်လာခဲ့တာပါ။ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ ငွေအရင်းအနှီး အလုံးအရင်းဟာ သူတို့တွေ့လက်ထဲမှာပဲ ရှိနေတာကြောင့်လည်း ဒီကနေ့အချိန်လို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးလိုက်ချိန်မှာ စစ်ဘက်နဲ့ ခရိုနီတွေပဲ လက်ဝါးကြီးအုပ်သွားမလားလို့ စိုးရိမ်တာတွေကရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကုန်ထုတ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ သတင်းမီဒီယာမှာပဲဖြစ်ဖြစ် ဘယ်လိုရင်းနှီးမြှုပ်နှံတယ်ဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ပြောပြီး စစ်ဘက်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို အခုလိုရှင်းပြပါတယ်။

"စစ်ဘက်နဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံတဲ့တချိန်တည်းမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်းကောင်းဖြစ်လာစေမယ့် အကျိုးအတွက် စစ်တပ်ကို မျက်စိဖွင့်ပေးရပါမယ်။ ဒါဟာ သင်ယူခြင်း-သင်ပြခြင်း လုပ်ငန်းစဉ်ဖြစ်သင့်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၇ ရက် သောကြာနေ့က မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်တိုင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံ မှုကိစ္စ၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း ပညာရေးကိစ္စ၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံတဝန်းက လူထုအားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ အဓိကကျပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သူတို့အကျိုးအမြတ်ကိုရော သူတို့လာပြီးရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်ရဲ့အကျိုးအမြတ်ကိုရော နှစ်ခုစလုံး ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးသူအားလုံးက ကျွမ်းကျင်လုပ်သား အများအပြား မွေးထုတ်ရေးကိစ္စမှာ ပညာရေးကဏ္ဍကို ပြုပြင် ပြောင်းလဲဖို့၊ ကလေးငယ်တွေ အာဟာရပြည့်ဝအောင်လုပ်ဖို့၊ လက်မှတ်ရရုံ သက်သက် ကျောင်းသင်ပညာရေးကိုသာ လိုက်မနေဘဲ အဆင့်မြင့် ဝင်ငွေကောင်း အလုပ်အကိုင်တွေရစေမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်သင် ပညာရေးကိုလည်း ထွန်းကားအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG