သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ တွေ့ဆုံမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာလ ၁၈၊ ၂၀၁၂)။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာလ ၁၈၊ ၂၀၁၂)။
လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ အစိုးရအဖွဲ့အစည်းကြားမှာ ညှိနှိုင်းလို့ မရသေးဘဲ မပြေမလည် ဖြစ်နေတဲ့ ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်တဲ့ အခြေအနေကို သိရဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ သွားရောက် တွေ့ဆုံဖို့ရှိပါတယ်။ ဒီ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်မှုနဲ့ လယ်ယာမြေ ဆုံးရှုံးမှုတွေ ဖြစ်ရတယ်ဆိုပြီး ဒေသခံတွေက လတွေနဲ့ချီ ကန့်ကွက် ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့ ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဒေသ အနီးက ဒေသခံပြည်သူတွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

“ဟုတ်ပါတယ်။ ၂၉ ရက်နေ့မှာ ကျမတို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင်ဘက်ကို လာမှာပါ။ လာမယ့်အဓိက အချက်ကတော့ ဒီကနေ့ လက်ပန်းတောင်းတောင် စီမံကိန်းကြောင့်မိုလို့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို တွေ့ဆုံ အားပေးဖို့နဲ့ ပြည်သူ့အသံကို နားထောင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင် ပြည်သူတွေဆီကိုပဲ သွားမှာပါ။”

အခုလို လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်းဒေသကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ့်အပေါ် လက်ပန်းတောင်းတောင် ဒေသခံပြည်သူတွေက အားတက်ပြီး ဝမ်းသာနေကြတယ် လို့ မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတခုကို အခုလက်ရှိ ရောက်ရှိနေတဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလိူင်က ပြောပါတယ်။

“အားလုံးကတော့ ဝမ်းသာပါတယ်။ အားလုံးကတော့ ဒါကလည်း အားလုံး လေးစားကြည်ညိုတဲ့ အတွက်ကြောင့်မိုလို့ သူ ဒီကိုလာရောက်မယ် ဆိုတော့ အားလုံးကလည်း မျှော်လင့်နေပါတယ်။”

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ ဒေသခံပြည်သူတွေကြား လအတန်ကြာ တင်းမာမှုတွေဖြစ်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေး ရေတို၊ ရေရှည် အကျိုးသက်ရောက်မှုတွေကို ပညာရှင်တွေကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပေးဖို့ အရေးပေါ်အဆိုကို ပြည်သူ့ လွှတ်တော်မှာ သောကြာနေ့က တင်သွင်းခဲ့တာမှာ အတည်ပြုချက် ရခဲ့တယ်လို့ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကျမ သောကြာနေ့က ဒီ လက်ပန်းတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး ဒီစီမံကိန်းရဲ့ ဆိုးကျိုး ဆိုးပြစ်တွေနဲ့ ဒီစီမံကိန်း ရပ်တန့်ဖို့ အခြေအနေ၊ ဒီစီမံကိန်းကြောင့် လက်ရှိပြည်သူတွေ ခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေကို လွတ်လပ်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီးတော့ ပြည်သူလူထု ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တခုက ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့အတူ ဒီ ကော်မရှင်ကနေပြီးတော့ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးတဲ့ ကော်မရှင်တရပ် အမြန်ဖွဲ့စည်းပေးဖို့ရာ ကျမတို့ တောင်းဆိုထားတဲ့အတွက်ကြောင့် ကော်မရှင် ဘယ်တော့ ဖွဲ့စည်းပေးမလဲ ဆိုတာတော့ ကျမတို့လည်း စောင့်မျှော်နေပါတယ်။ ကော်မရှင် ဖွဲ့စည်းတယ်ဆိုတာလည်း တကယ်တမ်းတော့ ဒီလောက်တော့လည်း ကြာစရာ မရှိဘူး။ ပြည်သူလူထု ယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ ဆိုတာကလည်း ကျမတို့တိုင်းပြည်မှာ ဒါတွေက ရှိပြီးသားပါ။ အဲဒီအတွက်ကြောင့်မိုလို့ အလျင်အမြန် ဖွဲ့စည်းနိုင်ရင်၊ အလျင်အမြန် ဖြေရှင်းနိုင်ရင်တော့ဖြင့် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်မယ်လို့ ကျမတို့လည်း မျှော်လင့်ထားပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဖြစ်နိုင်သလောက် အမြန်ဆုံး ဖြစ်စေချင်ပါတယ်။”

အခုဆိုရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်တန့်ရေးအတွက် ဒေသခံတွေက သပိတ်စခန်းတွေ ဖွင့်ပြီး တောင်းဆိုမူတွေ လုပ်ဆောင်နေတာကို ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းနဲ့အဖွဲ့ကလည်း ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ဒေသခံ ဆန္ဒပြခေါင်းဆောင်တွေ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့ လာရောက် တွေ့ဆုံသွားခဲ့ပါတယ်။ ဝန်ကြီး ဦးအောင်မင်းက သူ့အနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ကတိမပေးနိုင်ဘဲနဲ့ လက်ရှိ အခြေအနေကိုသာ လာရောက် စုံစမ်းပြီးတော့ သမ္မတဦးသိန်းစိန်ကို တင်ပြပေးမှာဖြစ်တယ်လို့ ပြောဆို သွားပါတယ်။ မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ တရုတ်ရဲ့ ကျေးဇူးကို ပြည်သူတွေ အနေနဲ့ ထောက်ထားသင့်တယ် လို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ လက်ပန်းတောင်းတောင် ဒေသခံပြည်သူတွေ၊ အစိုးရဦးပိုင်လုပ်ငန်း၊ ဒီကြေးနီစီမံကိန်း လာရောက် လုပ်ကိုင်နေတဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ကြားမှာ လနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်နေခဲ့တာပါ။ အခုအခါမှာတော့ တရုတ်ဝမ်ပေါင် ကုမ္ပဏီရှေ့အပါအဝင် ကြေးနီစီမံကိန်း နေရာတဝိုက်မှာ ဆန္ဒပြ သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး စီမံကိန်း မဖျက်သိမ်းမချင်း ဆိုပြီး ဆန္ဒပြနေကြပါတယ်။ အခုဆိုရင် ကြေးနီတောင် စီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဟာ ၆ ခုအထိ တိုးလာနေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG