သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းအစီရင်ခံစာ ဒေါ်စုကာကွယ်


"Myanmar Constitutional Democracy" အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
"Myanmar Constitutional Democracy" အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲခဲ့တဲ့ကိစ္စမှာ ရဲတပ်ဖွဲ့ထဲက တစ်ဦးဦးမှာ တာဝန်ရှိတယ်လို့ သူ မယူဆတဲ့အကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ တဆက်ထဲမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။ ရန်ကုန်မြို့မှာကျင်းပတဲ့ အခြေခံဥပဒေနဲ့ ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲတစ်ခုအတွင်း တရားဥပဒေစိုးမိုးမှု ခေါင်းစဉ်နဲ့ ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို ဆွေးနွေးပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ တစ်ယောက်ယောက်ကို အပြစ်ပေးအရေးယူတာမျိုး မဖြစ်စေချင်တဲ့အပေါ် လူအများအပြားက ဘဝင်မကျတာကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ရပ်တည်ချက်ကိုတော့ အခိုင်အမာပဲ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောခဲ့တာပါ။

"ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထဲက တစ်ဦးဦးမှာ တာဝန်ရှိတယ်လို့ ကျမမထင်ပါဘူး။ ဖြစ်ခဲ့တာအကုန်လုံးကို ကျမတို့ ထည့်သွင်း စဉ်းစားရပါမယ်။ အခြေအနေကို ကျမတို့ အရမ်းကို သတိထားပြီး စစ်ဆေး လေ့လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့အပေါ် အဓိကစွပ်စွဲချက်ကတော့ ဆန္ဒပြသူတွေအပေါ် မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတာပါပဲ။ အဲဒါဟာမမှန်ပါဘူး။ အစီရင်ခံစာကို ဖတ်မယ်ဆိုရင် အဲဒါတွေဟာ မီးလောင်ဗုံး မဟုတ်ဘဲ မီးခိုးဗုံးဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အခြေအနေတစ်ခုအောက်မှာ အဲဒီဗုံးကို အသုံးပြုရင် ဘယ်လိုသက်ရောက်မှုတွေ ရှိမယ်လို့ ရဲတပ်ဖွဲ့ကမသိဘူးဆိုတာ ရှင်းပါလိမ့်မယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နစ်နာသူတွေ ကျေနပ်အောင်ဆိုတဲ့ သဘောသက်သက်နဲ့တော့ လူတွေကို အပြစ်ပေးသင့်တယ်လို့ မထင်တဲ့အကြောင်းလည်း ပြောပါတယ်။ နစ်နာချက်တွေကို နားထောင်ရမယ်၊ ကိုင်တွယ်ဖြေရှင်းရမယ်၊ ဒါပေမဲ့လည်း တကယ်တမ်း အပြစ်မပေးသင့်တဲ့ လူတွေကို အပြစ်ပေးပြီးတော့တော့ နစ်နာချက်တွေကို မကိုင်တွယ်ရဘူးလို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာပဲ အပြစ်မပေးသင့်ဘူးလို့ ဘာ့ကြောင့် ကိုယ်ကယူဆတယ်ဆိုတာ နစ်နာသူတွေကို ရှင်းပြရမယ်လို့လည်း ပြောပြီး အစီရင်ခံစာမှာဖော်ပြထားတဲ့ စစ်ဆေး တွေ့ရှိချက်တွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

"ကျမတို့ကော်မရှင်ရဲ့ တွေ့ရှိချက်တွေဘက်ကနေ ကျမ ရည်တည်ပါတယ်။ ရဲတပ်ဖွဲ့ဟာ လူတွေကို ရည်ရွယ်ချက်နဲ့ ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်လို့ ကျမ မယုံကြည်ပါဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ရပ်တည်လုပ်ဆောင်သူတွေကို အပြစ်ပေး အရေးယူသင့်တယ်၊ လက်စားချေသင့်တယ်လို့ မထင်ပါဘူး။" ဆိုပြီး ဒေါ်အော်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလိုပြောဆိုခဲ့တဲ့ ဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီ ဥပဒေရေးရာကျောင်းက ကမကထပြု ကျင်းပတာဖြစ်ပြီး၊ "မြန်မာအခြေခံဥပဒေအရ တည်ဆောက်သော ဒီမိုကရေစီ" လို့ဆိုရမယ့် Myanmar Constitutional Democracy ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲဟာ ဒီမိုကရေစီကို ဦးတည်သွားနေတဲ့နိုင်ငံတစ်ခုမှာ အခြေခံဥပဒေပိုင်း စဉ်းစားရွေးချယ်စရာတွေနဲ့ ပတ်သက်တဲ့ အသိသုတတွေကို မျှဝေဖို့ ရည်ရွယ်တယ်လို့ စီစဉ်သူတွေကဆိုပါတယ်။

၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ လွှတ်တော်က သဘောတူထားပြီး ကော်မတီ ကော်မရှင်တွေဖွဲ့စည်းရေး စတင် လုပ်ဆောင်နေချိန်မှာ အခုလို ဆွေးနွေးပွဲမျိုးတွေ များများလိုတယ်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ စတင်ရေးဆွဲစဉ်ကတည်းက ပြည်သူလူထုရဲ့ ထောက်ခံမှု၊ အားပေးမှုမရခဲ့ဘူး။ အခုလိုအခြေအနေမှာ ပြည်သူ့လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာတဲ့ အခြေအနေမှာ ပြည်သူလူထုတွေက ဒီအပေါ်မှာ အာရုံစိုက်ပါတယ်။ ဒီလို အာရုံစိုက်နေတဲ့အခြေအနေမှာ ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲတွေ များများဆောင်ရွက်ပေးဖို့လိုလိမ့်မယ်။ ဒီဆောင်ရွက်မှုတွေထဲက ဒီတစ်ခုဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အထောက်အကူပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အပိုင်းတွေ ပါပါတယ်။ ဒီအပိုင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက်ဆိုရင် အခုလို အလုပ်ရုံဆွေးနွေးပွဲတွေမှာ၊ အဖွဲ့အစည်းပေါင်းစုံ အင်အားစုပေါင်းစုံက တက်ရောက်လာပြီးတော့ ဆွေးနွေးကြခြင်းအားဖြင့် ကျနော်တို့ အကျိုး အများကြီး ဖြစ်ထွန်းတယ်လို့ ထင်ပါတယ်။”

မေလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာကျင်းပတဲ့ ဒီ ဟောပြော ဆွေးနွေးပွဲအတွင်း သြစတြေးလျ လွှတ်တော် အမတ်တွေ၊ အခြေခံဥပဒေ၊ ဒီမိုကရေစီနဲ့ တရားဥပဒေရေးရာဆိုင်ရာ ပညာရှင်တွေက အခြေခံဥပဒေရေးရာ၊ နိုင်ငံတော်ဖွဲ့စည်းပုံ ဆိုင်ရာ၊ စစ်ဘက်ရဲ့အခန်းကဏ္ဍကို အခြေခံဥပဒေမှာ ပြဌာန်းချက်ဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ၊ အမှန်တရားဖော်ထုတ် ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာတွေကို အကျယ်တဝံ့ ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။

ဒီပွဲမှာ ဆွေးနွေးချက်တွေအရ ဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ အပြစ်အနာအဆာတွေ၊ စံနှုန်း ချို့ယွင်း အားနည်းချက်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ပိုထင်ရှားလာတယ်လို့ တက်ရောက်သူတွေထဲက သုံးသပ်တာလည်းရှိပါတယ်။
XS
SM
MD
LG