သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကော်မတီနဲ့ ဥပဒေပညာရှင်တွေ တွေ့ဆုံ


ပြည်သူ့လွှတ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီနဲ့ ဥပဒေ ပညာရှင်များ တွေ့ဆုံနေစဉ်။ (စက်တင်ဘာလ ၈ ရက် ၂၀၁၂)
ပြည်သူ့လွှတ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီနဲ့ ဥပဒေ ပညာရှင်များ တွေ့ဆုံနေစဉ်။ (စက်တင်ဘာလ ၈ ရက် ၂၀၁၂)
တရားဥပဒေစိုးမိုးဖို့ဆိုရင် တရားဥပဒေတွေအပေါ်မှာ လူထုရဲ့ ယုံကြည်လက်ခံမှု ရှိဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီက ဥပဒေပညာရှင်တွေနဲ့ ဒီကနေ့ ရန်ကုန်တိုင်းဒေသ လွှတ်တော်အဆောက်အဦးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်က ဗွီအိုအေ သတင်းထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းရေး ကော်မတီအနေနဲ့ မြန်မာနိုင်ငံက တရားသူကြီးဟောင်းတွေ၊ ရှေ့နေတွေ ဥပဒေပညာရှင်တွေကို ဖိတ်ခေါ်ပြီး တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကတော့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုက ပိုပြီး အရေးပါတာကို ထောက်ပြပြောဆိုသွားပါတယ်။

“တရားဥပဒေ စိုးမိုးရေးဆိုတာ ဥပဒေတွေ ရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေက တရားမျှတရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ဒီဥပဒတွေကို ဘယ်လို ပုံစံနဲ့ အကျိုးသက်ရောက်မှု ဖြစ်အောင် လုပ်တယ် ဆိုတာကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ အများပြည်သူ နားလည်အောင်လို့ ပြောရမယ်ဆိုရင်တော့ ကျမတို့ အမြင်မှာ တရားဥပဒေ စိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို ဥပဒေက ကာကွယ်ပေးမယ် ဆိုတဲ့ ယုံကြည်ချက် ရှိဖို့ လိုပါတယ်။ ဥပဒေက အကာအကွယ် ပေးနိုင်တယ်၊ ပေးလည်း ပေးမယ်၊ ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်ဆိုတဲ့ ယုံကြည်မှု ရှိပြီ ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ တရားဥပဒေ စိုးမိုးရေး ရှိပြီလို့ ကျမတို့ ပြောလို့ရတယ်။”

တဘက်မှာလည်း တရားဥပဒေစိုးမိုးမှု အားနည်းချက် ရှိ မရှိ ဆိုတာကိုလည်း ပြည်သူလူထုစိတ်ထဲမှာ လုံခြုံမှုရှိမရှိ ဆိုတာနဲ့ တိုင်းတာရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
“ပြည်သူတွေမှာ လုံခြုံမှုအရ စိတ်မချဘူးဆိုရင်လည်း ဒါ ဥပဒေ စိုးမိုးမှုအရ တခုခုတော့ လိုနေပြီ။ တရားဥပဒေ စိုးမိုးရေးးက လိုနေပြီ။ လွတ်လပ်မှုအရ စိတ်မချရဘူးဆိုရင်လည်း တရားဥပဒေ စိုးမိုးရေးဟာ တခုခုတော့ ချို့ယွင်းနေပြီလို့ ကျမတို့ ဒီလိုပဲ သတ်မှတ်ရမှာ”

ဒီ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း တတ်ရောက် ဆွေးနွေးပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံကျပြီး၊ ဒီအတွက် ရဲရဲတင်းတင်း ဆောင်ရွက်သွားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဥပဒေပညာရှင်တွေနဲ့ တရားရေး ဝန်ထမ်းတွေကို တိုက်တွန်းသွားပါတယ်။

“အပြောလေးနဲ့တော့ မရဘူး။ ဟန်ပြနဲ့တော့ မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့ မရသလိုပဲ ကျနော်တို့က ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူးဆိုရင်လည်း မဖြစ်ဘူး။ ဒီမိုကရေစီ နုနယ်တယ် ဆိုတာ ဒီမိုကရေစီ ဆိုတာကတော့ ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီအဆင့်မှာ ကျနော်တို့တွေ နုနယ်တယ်။ နုနယ်တဲ့ဟာမှာ သူက အခြေခံကျတဲ့ဟာကိုမှ လက်မခံနိုင်ဘူး ဆိုရင် လက်မခံနိုင်ဘူး သွားပေတော့။ ခွင့်လွှတ်လိုက်လို့ရှိရင် နောင်လည်း လုပ်လို့ရတာပဲဟ၊ ဆိုပြီးတော့ ဒီလိုပဲ ဖြစ်သွားမယ်။”

အမှန်တရားအတွက် သတ္တိရှိရှိ မဆောင်ရွက်ဘဲ ကြောက်နေမယ်ဆိုရင် ခေတ်ပြောင်း စနစ်ပြောင်း ဆိုတာ ဟန်ပဲ ဖြစ်နေမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောသွားပါတယ်။

“ပြောထားတယ်လေ၊ ဒီနေ့ တရားရေးမဏ္ဍိုင်အပေါ်မှာ ဘယ်သူမှ မရှိရဘူး။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် လွတ်လပ်စွာ ပြောချင်လို့ရပါတယ် ဆိုတာ။ ဘာဖြစ်လို့ ကြောက်နေသလဲ။ သူ့ကို ဘယ်သူ ဖျောက်လို့ ရမှာလဲ။ ကိုယ်က မတရားတာ လုပ်ရင်တော့ ဖျောက်လို့ရချင်ရမယ်။ မတရားသဖြင့် လုပ်ရင်တော့ ရရင်ရမယ်။ ဘယ်သူ ဖျောက်လို့ရမလဲ၊ ဒီသတ္တိမျိုးနဲ့ ဒီအယူအဆတွေ လွတ်လပ်စွာ တရားစီရင်ရေးဆိုတာ ဘယ်သူက ဘယ်အာဏာပဲ၊ ဟေ့ ဒီဟာမလုပ်နဲ့ ဆိုတာ ခုချိန်မှာ လာပြောမလား။ ပြောရင် ဟော့ဒီမှာ ဒီလူက ပြောနေတယ်၊ ဒါကြောင့်မိုလို့ ဆိုတာ ပြောလို့မရဘူး။ ဒီလို ခံယူချက်နဲ့ သတ္တိရှိဖို့လိုတယ်။ အဲဒီအတိုင်းပဲ လွှတ်တော်နဲ့ ပတ်သက်လာရင် လွှတ်တော်က ဥပဒေပြုတဲ့နေရာမှာ ဒါ မပြုနဲ့။ ဒါက ပြောလို့ရတယ်။ ဒီလိုတော့ သတ္တိရှိဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျနော်တို့ ခေတ်ပြောင်း၊ စနစ်ပြောင်းဆိုတာ ခုနက ပါးစပ်လောက်နဲ့ပဲ ပြီးသွားပြီးရင် ဒီမှာပဲ နောက်ဆုံးတော့ ဒီလိုဒီလိုပဲ ဖြစ်မယ့်အနေအထားကို ကျနော်တို့က ဒါကို လက်ခံမယ်ဆိုရင်တော့ ကျနော်တို့ပြောတဲ့ ခေတ်ပြောင်းချင်တယ်၊ စနစ်ပြောင်းချင်တယ် ဆိုတာ အသံပဲ။ ကလေးစကားနဲ့ပြောရင် အာလူးပဲ။”

ဒီကနေ့ ပြုလုပ်တဲ့ အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲကိုတော့ ဥပဒေရေးရာနဲ့ ဆိုင်တဲ့ ကော်မတီက တာဝန်ရှိသူတွေ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေးဝန်ကြီး ဌာနတွေက အကြီးတန်း အရာရှိတွေလည်း တတ်ရောက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူပြီးတဲ့နောက်၊ ပထမဆုံးအကြိမ် အဖြစ် ဥပဒေပညာရှင်တွေ ဥပဒေ ဝန်ထမ်းတွေကို တစုတစည်းတည်း တွေ့ဆုံခဲ့တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ရွေးကောက်ပွဲ ဝင်ကတည်းက ဥပဒေစိုးမိုးရေး ကိစ္စကို ဦးစားပေးတရပ် အနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။
XS
SM
MD
LG