သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ် ရေဘေးဒုက္ခသည် ဒေါ်အောင်ဆန်းစုကြည် အားပေး


Burma agriculture flood
Burma agriculture flood
မြန်မာနိုင်ငံတဝှမ်း ရေကြီးမှုတွေ ဖြစ်ခဲ့တဲ့အထဲက အဆိုးရွားဆုံး ရေဘေးဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင်းက ရေဘေးသင့်ပြည်သူတွေ အတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အရေးတကြီး လိုအပ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ လွှတ်တော်နားရက်ဖြစ်တဲ့ ဒီကနေ့မှာ ဧရာဝတီတိုင်းအတွင်းက ရေဘေးသင့် ပြည်သူတွေဆီကို ပထမဆုံးအကြိမ် သွားရောက် အားပေးရင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့တာပါ။ ဒီအကြောင်းကို မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ရေဘေးသင့် ဒေသတွေက ပြန်လည် ထူထောင်ရေး နဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အားပေးကူညီဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တို့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ပုသိမ်မြို့ကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှာ သွားရောက်ခဲ့တာပါ။

“ဟုတ်ကဲ့ခင်ဗျာ။ ကျနော်တို့ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၈ နာရီခွဲမှာ ပုသိမ်မြို့ကို ရောက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ရေလွှမ်းမိုးမှုဒဏ်က အပြင်းအထန် ခံနေရတဲ့ ပုသိမ်မြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ အတွက် စက်တင်ဘာ ၁ ရက်နေ့က ပုသိမ်မြို့ကို သွားရောက်ပြီးတော့ ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့ပါတယ်။ ရေဘေးသင့် ပြည်သူများနဲ့ တွေ့ဆုံပြီးတော့ အားပေးစကား ပြောကြားပါတယ်။ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ကျပ်ငွေ ၁၀ သိန်း ပေးပြီးတော့ အဲဒီမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အလှူငွေ မတည် ထည့်ခဲ့ပါတယ်။”

ရေဘေးသင့် ဒေသခံပြည်သူတွေရဲ့ အဓိကတောင်းဆိုတဲ့ ရေဘေးကြောင့် ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးလည်း တောင်းဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်က လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ စီစဉ်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“ဒေသခံပြည်သူများက သူတို့ဒေသမှာ ရေတားတမံတွေ ပြန်လည် ပြင်ဆင်ပေးဖို့၊ ပြီးတော့ အခမဲ့ ဆေးခန်းတခုလည်း ဆောက်လုပ် လှူဒါန်းပေးဖို့၊ ပြီးတော့ ပျက်စီးနေတဲ့လမ်းများ ပြုပြင်ပေးဖို့ အဲဒီလို တောင်းဆိုတင်ပြပါတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌက သူ တတ်နိုင်သလောက် မတင်ငွေ လှူဒါန်းခဲ့တဲ့အကြောင်း၊ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့ အကြောင်း ရေဘေးသင့် ဒေသခံ ပြည်သူများနဲ့ တွေ့ဆုံပြီးတော့ အားပေးစကား ပြောပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌက ရေဘေးကြောင့် ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ပြဿနာများ ကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အတွက် ဆိုပြီးတော့ ကျပ်ငွေ အလားတူ ၁၀ သိန်းကိုပဲ ထပ်ပြီးတော့ လှူဒါန်းခဲ့ပါတယ်။ အလှူငွေတွေကိုတော့ ရပ်မိရပ်ဖများနဲ့ အဖွဲ့ချုပ်က အဖွဲ့ဝင်တွေ ညှိနှိုင်းပြီးတော့ စီမံခန့်ခွဲပြီး သုံးစွဲသွားမယ်လို့ သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်မြို့ အမှတ် (၁၂) ရပ်ကွက်နယ်မြေ ရေကြည်ဦး ရပ်ကျေး NLD ရုံးနဲ့ အမှတ် (၁၄) ရပ်ကွက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွေမှာ ပုသိမ်မြို့နယ်တွင်း ရေနစ်မြှုပ်ခဲ့တဲ့ ရပ်ကွက်တွေက ရေဘေးသင့် ပြည်သူတွေနဲ့ တွေ့ဆုံပြီးတော့ အလှူငွေ ၁၀ သိန်းစီ လှူဒါန်းခဲ့ပါတယ်။
ပုသိမ်ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို လည်း ရေဘေးသင့် ဒေသတွင်း ပြန်လည် ထူထောင်ရေးနဲ့ ကူညီ ကယ်ဆယ်ရေး တွေမှာ လိုအပ်တာတွေကို ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးကြဖို့ကိုလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌက မှာကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

“ရေဘေးသင့် ပြည်သူများအတွက် လိုအပ်တဲ့ လူသုံးကုန် ပစ္စည်းများနဲ့ လတ်တလော ဖြေရှင်းရမယ့် ပြဿနာများကို ကူညီဖြေရှင်းပေးကြဖို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုလည်း လမ်းညွှန်ထားပါတယ်။ တွေ့ဆုံပြီးတော့ ပရိသတ်နဲ့ စကားပြောတဲ့ နေရာမှာတော့ ဒီလို သဘာ၀ ဘေးအန္တရာယ်ဆိုတာ ဘာမှ အားငယ်စရာ မရှိဘူး။ ပြည်သူတွေ အနေနဲ့ တောင်းဆိုရဲတဲ့ သတ္တိ ရှိရမယ်။ ရလာတဲ့ဟာကိုလည်း မျှေ၀ သုံးစွဲရဲရမယ်လို့ ပြည်သူများကို အဲဒီလို အားပေးစကား ပြောကြားခဲ့ပါတယ်။ မနက် ၁၁ နာရီ ၁၂ နာရီမှာ ဧရာဝတီတိုင်းဒေသ အဖွဲ့ချုပ်ရုံးကို ဆက်လက်ပြီး ထွက်ခွာပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ပြီးတော့ လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အဲဒါတွေကို လမ်းညွှန်သွားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နောက်ထပ် ရေဘေးသင့် ဒေသတွေဆီကို လွှတ်တော် နားရက်တွေမှာ သွားရောက် ကြည့်ရှုအားပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဧရာဝတီတိုင်း ကနေ ရန်ကုန်ကို ပြန်လာပြီး တနင်္လာနေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ပြန်ထွက်ခွာမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာ သူတွေ့ဆုံခဲ့တဲ့ ဧရာဝတီတိုင်းတွင်းက ရေဘေး ဒုက္ခသည်တွေရဲ့ လိုအပ်ချက် လက်ရှိအခြေအနေတွေနဲ့ ပတ်သတ်ပြီးလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG