သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံစဉ်။ ( ဧပြီလ ၁၈ရက်နေ့၊ ၂၀၁၃။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံစဉ်။ ( ဧပြီလ ၁၈ရက်နေ့၊ ၂၀၁၃။)
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ဂျပန်အစိုးရက ကတိပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နှစ်ပေါင်း ၃၀ နီးပါးမှာ ပထမဆုံးအကြိမ် သွားခဲ့တဲ့ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံက အကူအညီတွေ၊ ရင်းနှီးမြုပ်နှံမှုတွေဟာ လူထုအကျိုးပြုတာမျိုး ဖြစ်စေချင်တဲ့ သဘောထားတွေ ကို ပြောဆိုခဲ့တာပါ။ ခရီးစဉ် အဆုံး မသတ်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး ခဲ့တဲ့ အကြောင်း ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းထား သမျှ ပြောပြပေး မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဂျပန်နိုင်ငံက အားပေးသွားမယ့် အကြောင်း ဝန်ကြီးချုပ်က ကတိပြု ပြောဆို လိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပေမဲ့လည်း အကူအညီတွေ၊ ရင်းနှီးမြုပ်နှံမှုတွေဟာ နည်းမှန် လမ်းမှန် ဖြစ်စေချင်တယ် လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အဆုံးမသတ်မီ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး အပြီးမှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) က မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် အကူအညီပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့တာပါ။

“မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ကြိုးပမ်းတည်ဆောက်နေတာတွေကို ဂျပန်နိုင်ငံအနေနဲ့ ပံ့ပိုးကူညီလိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ ပညာရေး လုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံက အကူအညီပေးဖို့ ဆန္ဒရှိတဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကိရှိဒါ (Fumio Kishida) ကလည်း မြန်မာနိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေ အတွက် အကူအညီပေးမယ့်အကြောင်း ကတိပြုထား တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ဖွံဖြိုးရေး အကူအညီတွေ ပေးအပ်နေတဲ့ ဂျပန်အစိုးရက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အကူအညီတွေ ပေးအပ်ဖို့နဲ့ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးဖို့ စိတ်ဝင်စားနေတဲ့ အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နှစ်ပေါင်း ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့ ခရီးစဉ် ကနေ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ပိုမိုနားလည်မှုတွေ၊ ရင်းနှီးမှုတွေ တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုထားတာပါ။

အခုခရီးစဉ်အတွင်းမှာတော့ ဂျပန်သတင်းမီဒီယာတွေနဲ့ ဂျပန်နိုင်ငံသားတွေကြား စိတ်ဝင်စားမှုတွေ လည်း အကြီးအကျယ် ရှိခဲ့တာကြောင့် ဂျပန်အစိုးရ က မျှော်လင့်ထားသလို ဆက်ဆံရေးတွေ တိုးတက်လာစရာတွေ ရှိတယ်လို့ ဂျပန်နိုင်ငံသား ဝါရင့် သတင်းစာဆရာ တဦးလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူ တဦးလည်းဖြစ်တဲ့ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘ ကမြင်ပါတယ်။

" ဒီလို ဒေါ်စု ရောက်တဲ့အပေါ် ဂျပန် မြန်မာ အပြန်အလှန် နားလည်မှု နက်ရှိုင်းလာတယ်။ ဒေါ်စုလာခြင်းအားဖြင့် ဂျပန်တွေဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားလာကြတယ်လို့ ကျနော် ယူဆပါတယ်။"

ခရီးစဉ်အဆုံးသတ်အဖြစ် ကြာသပတေးနေ့တုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ တိုကျိုမြို့တော်က ပေပေါင်း ၂၀၈၀ မြင့်တဲ့ Sky Tree အသံလွှင့်မျှော်စဉ် ကိုလည်း တက်ရောက်ကြည့်ရှုခဲ့တာပါ။ ဂျပန်ကုမ္ပဏီတခုဖြစ်တဲ့ Panasonic ကော်ပိုရေးရှင်းရဲ့ တိုကျိုမြို့ရုံး ရှိရာကို သွားရောက်ပြီးတော့လည်း အဆင့်မြင့် လျှပ်စစ်ပစ္စည်းတွေ ပြသတာကို ကြည့်ရှုခဲ့ပါတယ်။ ဂျပန် လုပ်ငန်းရှင်တွေ ကြားမှာတော့၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်လာတာ နဲ့အမျှ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ တိုးချဲ့သွားနိုင်ဖို့လည်း မျှော်လင့်နေကြ တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ကတော့ ရင်းနှီးမြုပ်နှံမှုတွေဟာ လူထု အကျိုးပြု လုပ်ငန်းတွေကို ဦးစားပေး လုပ်ကိုင်စေလိုတဲ့ သဘောထားရှိတဲ့အကြောင်း ခရီးစဉ်တလျှောက် သတိပေးခဲ့တယ်လို့ ဂျပန်နိုင်ငံသား ဝါရင့်သတင်းစာဆရာ ဦးရွှေဘ ကပြောပါတယ်။

" ဂျပန်ဝန်ကြီးချုပ် ကတော့ မြန်မာပြည် အခုဒီမိုကရေစီဖက် ကို ပြောင်းလဲနေတာတွေကို ကြိုဆိုပါကြောင်း၊ ပြောပြပြီးတော့ ဒီ့ထက်ပို ဒီမိုကရေစီကို ရှေးရှု့နိုင်စေဖို့ ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့၊ ပိုလုပ်ကိုင် လာနိုင်စေဖို့ ဂျပန်ပြည်က ရှေ့ဆက်ပြီးတော့ အကူအညီပေးမယ် ဆိုတာကို ပြောပြလိုက်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဒေါ်စု လာတာကို အခွင့်ကောင်းယူပြီးတော့ မြန်မာပြည်ဈေးကွက်ထဲ ဝင်ရောက်ပြီးတော့ စီးပွားရေး လုပ်ချင်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒေါ်စုက ဂျပန့် ဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန်တွေအတွက် ဟောပြောပွဲမှာ ပြောတာကတော့ နိုင်ငံတကာစည်းကမ်းနဲ့ လိုက်ညီတဲ့ မှန်ကန်တဲ့၊ အကူအညီကို မြန်မာပြည်ကို ပေးကြပါလို့ ကျမက ဂျပန်တွေကို မေတ္တာရပ်ခံချင်တယ်လို့ ပြောပါတယ်။"

ဂျပန်အစိုးရကတော့ မြန်မာနိုင်ငံက ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင် ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံ ဘဏ္ဍာရေးလောကအတွက် အထောက်အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့ အတွက်လည်း တိုကျိုစတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက အကူအညီ ပေးနေတာ ဖြစ်ပါတယ်။

စီးပွားရေးအဆက်အဆံတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပေမဲ့၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြတဲ့ ပြည်ပနိုင်ငံတွေအနက် အဆင့် ၁၁ မှာသာ ရှိနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG