သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ကုလ အတွင်းရေးမှုးချုပ် တွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့တဲ့အကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ အမေရိကန်စံချိန် ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာပဲ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အတွင်းရေးမှုးချုပ်နဲ့ အတူ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေးနမ်ဗီးယား နောက် ကုလအတွင်းရေးမှုးချုပ်ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူအနေနဲ့ ကြိုဆိုကြောင်း၊ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းကပြောပါတယ်။ မြန်မာနိုင်ငံကို သူသွားရောက်စဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုခဲ့ပြီးတော့ ။ အဲဒီမှာရှိကတည်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာရင် ကုလသမဂ္ဂရုံးချုပ်ကို လာရောက်ဖို့ မစ္စတာဘန်ကီမွန်းက ဖိတ်ကြားခဲ့တယ်။

ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုတွေ ကမ္ဘာ့ လူ့အခွင့်အရေးရဲ့ သင်္ကေတအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးစကားပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး အဖြစ်သာမကပဲ လွှတ်တော်အမတ်တဦး နောက် လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မတီ ဥက္ကဌအဖြစ် အရေးပါမှုကိုလည်း မစ္စတာ ဘန်ကီမွန်းက ထည့်သွင်းပြောသွားပါတယ်။

“ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နောက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီရေး၊ တိုင်းပြည်ဖွံဖြိုးရေးအတွက် မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးစီး လုပ်ဆောင်သွားနိုင်မယ့်လို့ သူ့အနေနဲ့ ကြီးမားတဲ့မျှော်လင့်ချက် ထားရှိတဲ့အကြောင်း၊ နောက် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံး အတူတကွပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ယူလေးစားတဲ့အကြောင်း၊ မစ္စတာဘန်ကီမွန်းက သတင်းထောက်တွေကိုပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သတင်းထောက်တွေကို ပြောဆိုရာမှာတော့ သူ့အနေနဲ့ ကုလသမဂ္ဂမှာ သူ ရှိခဲ့စဉ်က နေရာလေးကို အမှတ်ရမိကြောင်း အမှတ်တရ ပြောသွားပါတယ်။

နောက်သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဖြစ်တဲ့ ကုလသမဂ္ဂကို လာရောက်မှာဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ တချိန်တည်းဖြစ်နေတဲ့အပေါ် သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ သတင်းထောက်တွေရဲ့ မေးခွန်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ဒီအကြောင်းနဲ့ပတ်သက်လို့ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ခရီးလို့ မမြင်ပဲ တပြေးညီ ထားရှိတဲ့ ရည်မှန်းချက် ပန်းတိုင်အဖြစ် မြင်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်ဆိုရင် အတူတကွ လက်တွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျမတို့ တဦးချင်းစီ အနေနဲ့ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာရော ဘယ်လိုထိရောက်မှုရှိမှာလဲဆိုတာကို သီးခြားထားပြီးတော့ မစဉ်းစားသင့်ပါဘူး။”

ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတဦးသိန်းစိန်ကလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ နယူးယောက်မြို့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုအပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမူအပေါ် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ကို မပြောပြခဲ့ပါဘူး။ ဒါပေမယ့် သူမအနေနဲ့ တွေ့ဆုံမှုကို အားရကျေနပ်မိတဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် အရေးယူဒဏ်ခတ်မှုတချို့ အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်းနဲ့ အမေရိကန်လွှတ်တော်ဘက်က မြန်မာနိုင်ငံဒီမိုကရေစီအရေးမှာ လုပ်ဆောင်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း ချီးကျူးစကားနဲ့ ကျေးဇူးစကား ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညပိုင်းမှာ အတ္တလန္တိတ်ကောင်ဆယ် ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပြီးတော့ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသား ဂုဏ်ထူးဆောင် ဆုကို လက်ခံဖို့ရှိပါတယ်။

အမေရိကန်စံတော်ချိန် စနေနေ့မနက်ပိုင်း တွေ့ဆုံပွဲပြီး အမေရိကန်ပြည်ထာင်စု နယူးယောက်ဝန်းကျင်တဝိုက်မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG