သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေ စိုးမိုး တည်ငြိမ်ရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်


DASSK Parliament
DASSK Parliament
ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်တွင်းမှာ တရားဥပဒေ စိုးမိုးရေးအတွက် ရည်ရွယ်ပြီး ကော်မီတီသစ် တရပ်ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုတာဝန်ပေးလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မီတီအဖြစ် ဖွဲ့စည်းလိုက်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ သာမက တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ရန်ကုန်မြို့က သတင်းထောက် ကိုရဲကျော်အောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီကို ပြည်သူ့ လွှတ်တော်ဥပဒေ ဆိုင်ရာ ပုဒ်မ ၂ ဇ အရ ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီး ကော်မတီ ဥက္ကဋ္ဌ ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ကော့မှူး မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်ပြီး အတွင်းရေးမှူးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပုသိမ်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီကို ပြည်ထောင်စု အဆင့်ကော်မတီ ဆိုပြီး ခေါင်းစဉ်တပ် ကာ ကော်မတီဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး သက်တမ်း တစ်နှစ် သတ်မှတ် ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။ အခု ဖွဲ့ စည်း လိုက် တဲ့ ကော်မတီ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲ မတိုင်မီ က အကြိမ်ကြိမ် ပြောလာတဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စအပေါ် မှာ အခြေပြု ဖွဲ့စည်းထားတာကြောင့် ဒီကော်မတီဟာ ပြည်သူတွေအတွက် အမှန်တကယ် အရေးတကြီး လိုအပ်ပါတယ်လို့ ကော်မတီဝင် စည်းလုံးရေးနှင့် ညီညွတ်ရေးပါတီမှ အင်ဂျန်း မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

“ ဒီမိုကရေစီအရေးမှာဆိုရင် တရားဥပဒေ စိုးမိုးရေးက အဓိက ကျတာပေါ့နော်။ တရားဥပဒေ စိုးမိုးမှု မရှိရင် တည်ငြိမ်အေးချမ်းမှုလည်း မရှိ ဘူး၊ အဲဒီတော့ တရားဥပဒေ စိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုက သိပ်အရေးကြီးတဲ့ ကိစ္စပေါ့၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းမယ်၊ တရားဥပဒေ စိုးမိုးမယ်ဆိုလို့ ရှိရင်တော့ ဘယ်ကိစ္စမဆို ကျမတို့က ဆောင်ရွက်ရတာ လွယ်ကူတဲ့အတွက် ဒီကဏ္ဍကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် မယ်ဆိုရင် ကျမတို့ နိုင်ငံ တိုးတက်မှာပေါ့နော်၊ နိုင်ငံ နဲ့ ပြည်သူလူထုအတွက် အများကြီးတိုးတက်မယ့် ကဏ္ဍဖြစ်ပါတယ်”

အဲဒီ ကော်မတီဟာ ဒီကနေ့မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာတွေ တိတိ ကျကျ မခွဲ ရသေးပေမဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စတွေ ကို ဖိဖိစီးစီး လုပ်ဆောင်သွားမယ် လို့ ကော်မတီအတွင်းရေးမှူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပုသိမ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောပါတယ်။

“တရားဥပဒေစိုးမိုးမှုကတော့ ကျနော်တို့က အမြဲ လိုလားနေတာလေ၊ ကျနော်တို့ ရွေးကောက်ပွဲ မဝင်ခင်က တောက်လျှောက် ပြောလာ ကြတာလေ၊ တရားဥပဒေစိုးမိုးရေးကို နံပါတ်တစ် ဦးစားပေး အစီစဉ်လေ၊ တရားဥပဒေစိုးမိုးမှုက တိုင်းပြည်မှာတော့ တကယ် လိုအပ်တာကိုး၊ ဘယ်နေရာမှာမဆို လိုအပ်တဲ့အခါကျတော့၊ ဒါတွေကို ဖြစ်အောင် ကျနော်တို့က ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှပေါ့နော်၊ ကျနော်တို့ လွှတ်တော် ပေးတဲ့ တာဝန်ကိုတော့ ကျနော်တို့ ကျေပြွန်အောင်တော့ လုပ်မှာပါ”

တရားဥပဒေ စိုးမိုးရေးအတွက် မဲဆွယ်ပွဲတွေ မှာ အကြိမ်ကြိမ် ပြောကြားခဲ့ ပြီး နိုင်ငံတကာ အတွေ့ အကြုံ နဲ့ အမြင်တွေ အများအပြားရှိတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီး တာဟာ အလွန်ပဲ သင့်တော်တယ်လို့ ဒေါ်ဒွဲဘူ က ပြောပါသေးတယ်။

“ဘာပဲပြောပြော နိုင်ငံတကာအတွေ့အကြုံ ရှိတဲ့ နိုင်ငံရေးလိုင်းမှာ နကိုကတည်းကလည်း လုပ်နေတဲ့ လူတယောက် ခေါင်းဆောင်တဲ့အဖွဲ့မှာ ကျမတို့က ပါဝင်လှုပ်ရှားရတာဆိုတော့ ရှင်းရှင်း ပြောမယ် ဆိုရင် ကျမတို့က တိုင်းရင်းသားဖြစ်တယ်၊ ကိုယ့်ဒေသက အောက်ခြေကိစ္စတွေပဲ ကျမတို့က သိတယ်ပေါ့နော်၊ နိုင်ငံတကာနဲ့ နိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ဖူးခြင်းလည်း မရှိဘူး၊ သူတို့ကတော့ ဘာပဲပြောပြော နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးတော့ လုပ်နေတဲ့လူတွေ ဆိုတဲ့အခါ ကျတော့ သူတို့ ဦးဆောင်မှုအောက်မှာ ကျမတို့လည်း အတူတူ ပေါင်းလုပ် ခြင်း အားဖြင့် ကိုယ့်တိုင်းရင်းသား အတွက်ရော ကျန်တဲ့ကဏ္ဍတွေအတွက်ရော ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင် မယ် လို့ ကျမတို့ မျှော်လင့်ပါ တယ်”

ပြီးခဲ့တဲ့ လွှတ်တော် ကာလအတွင်းမှာ ဥပဒေပြုရေး မဏ္ဍိုင်က လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ စည်းခဲ့တဲ့ လွှတ်တော်ရေးရာ ကော်မတီ တွေဟာ ပြည်ထောင်စု အဆင့်အဖြစ် အကျုံးဝင်တယ် မဝင်ဘူး ဆိုတာ နဲ့ ပတ်သက်ပြီး လွှတ်တော်က ဖွဲ့ စည်းခဲ့တဲ့ ရေးရာကော်မတီ တွေဟာ ပြည်ထောင်စုအဆင့် မဟုတ် ပါဘူးလို့ အခြေခံဥပဒေ ခုံရုံး က အဖြေ ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အသွင်ကူးပြောင်းရေး ကာလ၊ နရဖ အစိုးရ လက်ထက် ပြဋ္ဌာန်းပေးခဲ့တဲ့ လွှတ်တော်ရေးရာ ဥပဒေတွေက မဖျက်သိမ်း ရသေးတာကြောင့် လွှတ်တော်က ဖွဲ့စည်းတဲ့ လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စု အဆင့် ဖြစ်ပါတယ် လို့လည်း ဒေါ်ဒွဲဘူ က ပြောခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ဝင်များအဖြစ် ပန်းတနော် မဲဆန္ဒနယ်က ဦးမန်း မောင်မောင် ဉာဏ်၊ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးမင်းဆွေ၊ အင်ဂျန်း မဲဆန္ဒနယ်က ဒေါ်ဒွဲဘူ၊ မိုင်းပြင်းမဲဆန္ဒနယ်က ဦးစိုင်းထွန်းစိန်၊ မတူပီ မဲဆန္ဒနယ် က ဒေါက်တာ ရိုအုပ်၊ ဇီးကုန်းမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ ကျိုက်မရောမဲဆန္ဒနယ်က ဒေါ်မိယဉ်ချမ်း၊ တာမွေ မဲဆန္ဒနယ်က ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒီမောဆိုး မဲဆန္ဒနယ်က ဦးစိုးရယ်၊ ရသေ့တောင် မဲဆန္ဒနယ် က ဒေါ်ခင်စောဝေ၊ ကျောက်မဲ မဲဆန္ဒနယ်က ဦးနယ်ဆင် ခေါ် ဦးဆောင်စီ၊ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒ နယ်က ဦးသိန်းညွန့်တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG