သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာလွဲှပြောင်းပေးရေးကာလ ကမ္ဘာမှာ မြန်မာအကြာဆုံး


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ (နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၂၉ ရက် ၂၀၁၆)
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ (နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၂၉ ရက် ၂၀၁၆)

မြန်မာနိုင်ငံမှာ အာဏာလွဲှပြောင်းဖို့ အချိန် (၅)လယူတာဟာ အလွန်ကိုကြာမြင့်လွန်းတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလိုကြာတဲ့နိုင်ငံမျိုး ကမ္ဘာမှာမရှိဘူး ဘူးလို့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီပေါင်းစုံက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမအကြိမ်တွေ့ဆုံပွဲမှာပြောကြားလိုက်တာပါ။

တချိန်တည်းမှာပဲ သမ္မတနဲ့ ဒုသမ္မတနှစ်ဦးရွေးချယ်တင်မြှောက်မယ့်အစီအစဉ်ကို သတ်မှတ်ရက်ထက်စောပြီး ကျင်းပနိုင်တယ်ဆိုတဲ့လွှတ်တော်သတင်းတွေကြောင့် NLD အနေနဲ့ အစိုးရသက်တမ်းအာဏာကို စောစောလွဲှပြောင်းရယူဖို့ ပြင်ဆင် လာတာဖြစ်တယ်လို့ အများက သုံးသပ်နေကြပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုပြောပြမှာပါ။

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွဲှပြောင်းချိန်ကြာမြင့်တာနဲ့ပတ်သက်လို့NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော်မှာ မနေ့ တနင်္လာနေ့က တွေ့ဆုံရာမှာ အခုလိုဝေဖန်ပြောကြားသွားပါတယ်။

“ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ကာ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရစပြီးထူထောင်တာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကိုင်တွယ်ပါ့မယ်လို့ ပြောထားတဲ့ ကတိအတိုင်းပဲ ကျမတို့လုပ်ပါ့မယ်။ ဒါပေမဲ့ ကျမတို့အဖွဲ့က အစိုးရမဖြစ်သေးဘူးဆိုတာကျမခဏခဏ လူတွေကိုသတိပေးနေတာ။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံလောက် အလွဲှအပြောင်းကာလကြာတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာမရှိပါဘူး။ ငါးလဆိုတာတခြားဘယ်နိုင်ငံမှမရှိဘူး။ ဒီကြားထဲ ကျမတို့ကို ဟိုဟာမလုပ်သေးဘူးလား၊ ဒီဟာမလုပ်သေးဘူးလား ဆိုတော့ ခပ်ရိုးရိုးပဲပြောရမယ်။ လုပ်ခွင့်မရှိသေးပါဘူးလို့ပြောရမှာပါ။”

ဒီအတောအတွင်းမှာပဲ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်မှာ အစည်းအဝေးကျင်းပဖို့ သတ်ထားတဲ့ မတ်လ (၁၇) ရက်နေ့အစား ပြန်ပြီး ပြင်ဆင်သတ်မှတ်မယ့်ရက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကကြေညာမှာပါ။ လွှတ်တော်အမတ်အများစုကတော့ ဒီထက်အချိန်စောပြီးကျင်းပဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ဆိုင်းငံပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်မယ့်နည်းလမ်းကို NLD ဘက်ကလက်လျော့လိုက်ပြီးနောက် အစိုးရသစ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရေးနည်းလမ်းကို ဆောင်ရွက်လာတာဖြစ်တယ်လို့ အများကမြင်ကြပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ (၅)နှစ်သက်တမ်းဟာလည်း ဖေဖေါ်ဝါရီလ (၄)ရက်နေ့ကတည်းက ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသက်တမ်းအပြောင်းအလဲနဲ့ပတ်သက်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုရှင်းပြပါတယ်။

“တကယ်တမ်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ သုံးတာက သက်တမ်းဆိုတဲ့စကားနဲ့သုံးပါတယ်။ အစိုးရဆိုတာက သမ္မတကဖွဲ့ထားတာ။ အစိုးရရဲ့သက်တမ်းဟာ သမ္မတရဲ့သက်တမ်းနဲ့ချိတ်ထားတယ်။ လက်ရှိသမ္မတကြီးဦးသိန်းစိန်ကို တရားဝင်ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်တာက ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ ရွေးထားတာပါ။ အဲဒါကြောင့်မို့ ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ သူရဲ့သက်တမ်းဟာ (၅)နှစ် စေ့သွားပါပြီ။ သို့သော်လည်းပဲ အစိုးရအဖွဲ့ကျမ်းကျိန်မယ့်ရက်ကရှိနေတယ်။ အဲဒီရက်က မတ်လ (၃၀)ရက်ဖြစ်တဲ့အတွက် အဲဒီနေ့အထိလုပ်လို့ရပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံပုဒ်မ (၆၁)မှာရေးထားတာက သမ္မတရရဲ့သက်တမ်းဟာ ငါးနှစ်ဖြစ်တယ်။ အဲတော့ သမ္မတရဲ့သက်တမ်းက ငါးနှစ်ဖြစ်ရင် အစိုးရရဲ့သက်တမ်းကလည်း ငါးနှစ်ဖြစ်မယ်။ သို့သော်လည်းပဲ ကန့်သတ်ထားတာကဘာလဲဆိုတော့ အထူးပြဌာန်းချက်ပါတာက နောက်ထပ်အစိုးရသစ်ဖွဲ့စည်း မပြီးသေးတဲ့အချိန်ထိ နိုင်ငံတော်သမ္မတဟာ သူရဲ့လုပ်ငန်းတာဝန်ကိုဆက်ပြီးဆောင်ရွက်ရမယ်လို့ရေးထားပါတယ်။ အဲဒါကြောင့် အစိုးရသစ်ဖွဲ့လို့မပြီးမချင်း တရားဝင်သမ္မတအနေနဲ့ အစိုးရအဖွဲ့ကိုဆက်ပြီးလည်ပတ်စေဖို့က ဦးသိန်းစိန်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။”

လွှတ်တော်ကအတည်ပြုရွေးချယ်မယ့် သမ္မတ အနေနဲ့လည်း သူရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုခန့်အပ်ဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ယူရမှာဖြစ်တယ်လို့လည်း ဦးကိုနီကပြောပါတယ်။

“တကယ်တော့ ပြည်ထောင်စုလွှတ်တော်က သမ္မတကို တရားဝင်ခန့်အပ်ပြီ၊ အဲဒီသမ္မတကနေ သူရဲ့ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းမယ်၊ အဲဒီမှာလည်း ချက်ချင်းမဖြစ်ဘူး။ လူတွေရွေးပြီးရင် ပြည်ထောင်စုလွှတ်တော်ကိုပြန်တင်ရ တယ်။ ပြည်ထောင်စုလွှတ်တော်က ဒါကိုအတည်ပြုပေးရမယ်။ အတည်ပြုပေးပြီးတဲ့နောက် ခုနက လုပ်ထုံးလုပ်နည်းအတိုင်းပဲ သမ္မတအပါအဝင် ဝန်ကြီးတွေအားလုံး၊ ရှေ့နေချုပ်အပါအဝင်၊ ဒုသမ္မတများအပါ အဝင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှာ ကျမ်းကျိန်ရမယ်။ အဲဒီကျမ်းကျိန်တဲ့အလုပ်ပြီးတော့မှ တရားဝင်အစိုးရပေါ်ပေါက်တယ်လို့ခေါ်ပါတယ်။ အဲဒီလိုပေါ်ပေါက်ပြီးတော့မှ လုပ်ငန်းတာဝန်တွေကို လွဲှပေးရတယ်။ ပေါ်ပေါက်လာပြီဆိုရင်တော့ လွဲှပေးရတော့မယ်။ မလွဲှပေးဘူးဆိုပြီး ထိန်းချုပ်ထားလို့မရဘူး။ ဖွဲ့စည်းပုံမှာ အဲဒီလိုရေးထားပါတယ်။ ရှင်းပါတယ်။”

လာမယ့်အစိုးရသစ်ကိုဦးဆောင်မယ့် သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ကို ၂၀၁၆ မတ်လ (၃၀)ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

XS
SM
MD
LG