သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုတင်သွင်းတဲ့အဆို ၂ ရပ် လွှတ်တော် အတည်ပြု


ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်ရောက်စဉ် ( နိုဝင်ဘာ ၂ရက်၊ ၂၀၁၂။)
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်ရောက်စဉ် ( နိုဝင်ဘာ ၂ရက်၊ ၂၀၁၂။)
မြန်မာနိင်ငံ တက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာမှာ တိုးတက် အဆင့်မြင်အောင်လုပ်သင့်တဲ့ အဆို ၂ ခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မှီအောင်နဲ့ ရန်ကုန်ဆေးရုံကြီး ကို အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်အောင် လုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံးအကြိမ် အဆို၂ ရပ် ကို တင်သွင်းခဲ့တာ ဖြစ်သလို အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြဌာန်းနိုင်ဖို့ ကျန်းမာရေးု ဒုဝန်ကြီးဟောင်းရဲ့ အဆိုကိုလဲ လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒီကနေ့ သောကြာနေ့မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ ပထမဆုံး တင်သွင်းတဲ့ ပညာရေး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အဆို ၂ ခုလုံး အောင်မြင်ခဲ့တာဖြစ်ပါတယ်၊ ပညာရေးနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အရေးတကြီးအဆို တင်ခဲ့တာနဲ့ပါတ်သက်လို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလိုရှင်းပြပါတယ်။

“ရန်ကုန်တက္ကသိုလ်ပေါ့နော်။ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် ကို ပြုပြင်မွမ်းမံဖို့ပေါ့နော်။ နိုင်ငံတကာ အဆင့်မှီပညာရေးတက္ကသိုလ်တခုဖြစ်အောင်ပေါ့။ ဥပမာ သင်ကြားနည်းစနစ်ရော၊ သင်ထောက်ကူပစ္စည်းတွေရော၊ ဘာသာရပ်ဆိုင်ရာ ပညာရပ်တွေရော၊ အဲ့တာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအဆင့်မှီ၊ တက္ကသိုလ်ဖြစ်ဖို့ကို ပညာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေရယ်၊ လွှတ်တော်က ကော်မတီ ကော်မရှင်အဖွဲ့ဝင်တွေရယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေရယ်၊ နောက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရယ် ပါဝင်တဲ့ ကြီးကြပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့ပေးပြီးတော့ အဲ့တာကို ဆောင်ရွက်ဖို့ အဆိုတင်တာဗျ။ ဒါက အရေးတကြီးအဆိုဖြစ်တဲ့အခါကျတော့ ဒီနေ့ တခါတည်း ဆွေးနွေးမယ့်သူတွေ ဖိတ်ခေါ်ပြီးတော့ ပညာရေးဝန်ကြီးကလည်း ရောက်နေတဲ့အချိန်မို့လို့ တခါတည်း လုပ်လိုက်တာ။”

ကျန်းမာရေးနဲ့ ပါတ်သက်လို့လဲ ဒေါ်အောင်ဆန်းစုကြည် တနေ့ထဲမှာတင်တဲ့ ဒုတိယမြောက် အဆိုအောင်မြင်ခဲ့ပါတယ်။

“ကျန်းမာရေးကတော့ အများပြည်သူ မှီခို အားထားနေရတဲ့ ရန်ကုန်ဆေးရုံကြီးပေါ့နော်၊ ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီးတော့ အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်မြောက် ဖို့ ပေါ့နော်။ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတာပေါ့။ အဲ့တာလည်း အောင်မြင် တာပေါ့။ ကျန်းမာရေးဝန်ကြီးက သဘောတူထောက်ခံပါတယ်။ အဲ့တာကျတော့ မဲတောင်မခွဲရဘူး။ ခုနက ပညာရေးနဲ့ ပတ်သက်တဲ့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ၊ သိပ္ပံ ကတော့ မဲခွဲလိုက်ရတယ်။ နောက် ကျန်းမာရေးကတော့ မဲမခွဲရဘူး။”

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာပဲ ကျန်းမာရေးဒုဝန်ကြီးဟောင်း Dr. မြဦးတင်သွင်းတဲ့ အမျိုးသားပညာရေးဥပဒေပြဌာန်းရေး အဆိုလဲ လက်ခံ အတည်ပြုခဲ့ကြပါတယ်။ ခုလို ပညာရေး ကျန်းမာရေးကိစ္စတွေ တိုးတက်ကောင်းမွန်ရေး အဆိုတွေကို လွှတ်တော်ကိုယ်စားလှယ် အများ လက်ခံအတည်ပြုခဲ့တာကိုကြည့်ရင် ဒီကိစ္စတွေမှာ အမြန်ဆုံး တိုးတက်အောင် ပြင်ဆင်သင့်ပြီ ဆိုတာကို ပြသနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“အဖွဲ့ချုပ်ဥက္ကဌ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တင်တဲ့အဆို ဆိုလို့ရှိရင် မဲပေးခွင့်ရှိတဲ့သူ ၃၇၆ဦးမှာ၊ ထောက်ခံမဲ ၂၄၈ ဦးရတယ်ဆိုတော့၊ ကျနော်တို့အဖွဲ့ချုပ်က အမှန်က ၄၀လောက်ပဲရှိတာလေ။ ကျန်တဲ့ ၂၀၀ကျော်က ထောက်ခံတယ်ဆိုတော့ ဒီကျန်တဲ့ပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ အဆိုတခု၊ တကယ်လည်း ဒါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဆိုတာကို အားလုံးက နားလည် သဘောပေါက်ပြီး ထောက်ခံပေးတာ ပေါ်လွင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပညာရေးကို တိုးတက် အဆင့်မြင့်အောင် အကြံပြု ဆောင်ရွက်နိုင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပညာရှင်တွေပါဝင်တဲ့ ပညာရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
XS
SM
MD
LG