သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရင်ကြားစေ့ရေးကာလအတွင်း စိတ်ဝမ်းကွဲအောင်မလုပ်ဖို့ ဒေါ်စုသတိပေး


ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ အထိမ်းအမှတ်ပွဲနဲ့ တက်ရောက်သူ ပရိသတ် (ဓာတ်ပုံ- မင်းမြန်မာ fb)
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ အထိမ်းအမှတ်ပွဲနဲ့ တက်ရောက်သူ ပရိသတ် (ဓာတ်ပုံ- မင်းမြန်မာ fb)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက သူ့ရဲ့ လူထု စည်းရုံးရေး ခရီးစဉ်တွေမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နေတဲ့ကာလအတွင်း အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန်ပြီး စိတ်ဝမ်းကွဲအောင် မလုပ်ကြဖို့ သတိပေးပြောကြားခဲ့ပါတယ်။ ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့ တနင်္လာနေ့ညနေပိုင်း နေပြည်တော်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကြောင်းစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အခုပြည်မြို့ကိုရောက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်း အောင်လံမြို့ခရီးစဉ်အပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ (၃) ဦး သီးခြားတွေ့ဆုံကြမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာပါ။

အဲဒီလို ကြီး (၃) ကြီး တွေ့ဆုံကြဖို့ စီစဉ်နေတာ ကြာပြီဖြစ်ကြောင်း နှစ်ဖက်စလုံးနဲ့ နီးစပ်တဲ့သူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်ရော၊ လွှတ်တော်က သဘောတူထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကိုရော သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှစ်ဦးစလုံးက ငြင်းပယ်ထားတာပါ။

ဒါပေမယ့် အခုလို ထိပ်သီးပုဂ္ဂိုလ်သုံးဦးတွေ့ဆုံတဲ့ကိစ္စဟာ အတော်လေးထူးခြားမှု ရှိနေတယ်လို့ အများကသုံးသပ်ပါတယ်။

တနင်္ဂနွေနေ့က ပြည်မြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့ကာလ တပ်မတော်နဲ့ပတ်သက်လို့ အမြင်မှားအောင်ပြုမူပြောဆိုတာတွေကိုရှောင်ရှားဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ စစ်တပ်က တိုင်းရင်းသားပြည်သူတွေကို နှိပ်စက်ညှင်းပန်းနေတဲ့ သရုပ်ဖေါ်ပြကွက်ကိုတင်ဆက်ခဲ့ပါတယ်။ ဒါဟာ အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန်တာဖြစ်တဲ့အတွက် မလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုတုန့်ပြန်ပြောဆိုခဲ့တာပါ။

"ဖေဖေ့ကို ဂုဏ်ပြုတာ၊ သီချင်းဆိုတာ ကျမ ကြိုက်တယ်၊ ဒါဟာဖေဖေရဲ့မွေးနေ့နဲ့ ဆီလျော်တဲ့ကိစ္စဖြစ်တယ်၊ ဒါပေမဲ့နောက်ပိုင်းက အစီအစဉ်ကို မကြိုက်ဘူးဆိုတာ ကျမပြတ်ပြတ်သားသားပြောပါ့မယ်။ လူတွေကလက်ခုပ်တီးတယ်၊ သြဘာပေးတယ်ဆိုပေမယ့် ကျမတို့ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နေတဲ့အချိန်မှာ အတိတ်ကအဖြစ်ဆိုးတွေကို တစ်ခါပြန်လည်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင် မလုပ်သင်တဲ့အချိန်မှာ ကျမတို့မလုပ်ရဘူး၊ ဒါကို ကျမတို့ နားလည်ရမယ်"

ဒါ့အပြင် နိုင်ငံရေးပါတီကြီးတခုအနေနဲ့ အမှားအယွင်းနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အဓိကအရေးကြီးတာက ကျမတို့ရဲ့ အဖွဲ့ချုပ်ကနေပြီးတော့ အမှားအယွင်းမရှိအောင်ပေါ့။ အမှားအယွင်းမရှိဘူးဆိုတာကတော့ လုံးဝတော့ မဖြစ်နိုင်ဘူးပေါ့။ လူဆိုတာ မှားတတ်တာပဲ။ အဖွဲ့ဆိုတာလည်း လူတွေနဲ့စုပေါင်းထားတဲ့အဖွဲ့ပဲ။ သို့သော်လည်း ကိုယ့်မှာအမှားရှိရင် ရင်ဆိုင်ရဲရမယ်၊ ပြုပြင်ရဲရမယ်။ ပြင်ဆင်ရဲရမယ်။ တချို့က ငါတို့ ဘယ်တော့မှ မမှားဘူး-ဆိုတဲ့ ပုံစံမျိုးနဲ့ရပ်တည်တယ်။ အဲဒီဟာ ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကျိုးမပြုဘူး။ ကိုယ့်ကိုကိုယ်လည်း အကျိုးမပြုဘူး။ ငါ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ထင်တဲ့သူဟာ ဘယ်လိုလုပ် ကိုယ့်ကိုကိုယ်ပြန်ပြီး ပြုပြင်နိုင်မလဲ၊ ငါလည်း မှားနိုင်တာပဲ၊ ငါလည်း အားနည်းချက်တွေ ရှိနိုင်မှာပဲဆိုတာ လက်ခံမှ ကိုယ့်ကိုကိုယ်ပြုပြင်ပြီးတော့ ရှေ့ကိုတက်နိုင်မှာ။”

NLD အနေနဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးရေးအချိန်ရောက်မှ မဲဆွယ်တဲ့ကိစ္စတွေ ဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။

စနေနေ့က ဧရာဝတီတိုင်း ဟင်္သာတ၊ ဓနုဖြူနဲ့ဇလွန်မြို့တွေမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့် လူထုဟောပြောပွဲတွေ မှာလည်း ဒီမိုကရေစီစနစ်နဲ့ ညီညွတ်ရေးကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသွားပါတယ်။

“နိုင်ငံရေးမှာ တာဝန်ယူမှုရှိဖို့ဆိုတာဟာ စနစ်တခုပေါ်မှာတည်တယ်။ ကျမတို့ ဒီမိုကရေစီ လိုချင်တယ်၊ လိုချင်တယ်- ဆိုတာဟာ ဖေဖေကိုယ်တိုင်ကလည်း ဒီမိုကရေစီသာလျှင် လွတ်လပ်တဲ့နိုင်ငံနဲ့ ဆီလျှော်တယ်ဆိုတာဟာ - အဲဒီဟာက တာဝန်ရှိမှု၊ တာဝန်ယူမှုကို အာမခံတဲ့အစိုးရ ….။ အစိုးရကနေပြီးတော့ ပြည်သူကို အာမခံတယ်၊ ခံရတယ်။ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားရတယ်၊ အကောင်အထည်ဖော်ပေးရတယ် ဆိုလို့ရှိလို့ရှိရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ တာဝန်ရှိတယ်။”

လက်ရှိ ပြည်မြို့ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်က ကျောင်းသားအဖွဲ့တွေနဲ့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံမှာပါ။ အဲဒီနောက် ပေါက်ခေါင်းနဲ့ အောင်လံမြို့က လူထုဟောပြောပွဲတွေကိုတက်ရောက်ဖို့ရှိပါတယ်။ ညနေပိုင်းမှာတော့ နေပြည်တော်ကိုပြန်ရောက်ပြီး လူထုစည်းရုံးရေး ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

XS
SM
MD
LG