သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်ယီလူ့အဖွဲ့အစည်း သဟဇာတ ဒေါ်စု အားကျ


ဟာဝိုင်ယီကျွန်းရှိ East West Center မှာ မိန့်ခွန်း ပြောကြားနေတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၃)။
ဟာဝိုင်ယီကျွန်းရှိ East West Center မှာ မိန့်ခွန်း ပြောကြားနေတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၃)။
ဟာဝိုင်ယီကျွန်းမှာ နေထိုင်တဲ့ လူမျိုးစုတွေအကြား တည်ဆောက်ထားတဲ့ သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးမျိုး မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကြားမှာ ရရှိအောင် ကြိုးပမ်းနေပြီး ဝိုင်းဝန်းကူညီဖို့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမှာရှိတဲ့ East-West Center အသင်းကြီးက ခေါင်းဆောင်တွေနဲ့ သောကြာနေ့က တွေ့ဆုံရာမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ခွဲခြားလို့ မရဘူးလို့လည်း ပြောဆိုပါတယ်။ မိန့်ခွန်းကောက်နုတ်ချက် တချို့ကို ဟိုနိုလူလူ ကနေ ကိုသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်။

မတူညီတဲ့လူမျိုးစု၊ မတူညီတဲ့ ယဉ်ကျေးမှုတွေအကြား သင့်မြတ်အောင် နေထိုင်တဲ့ အလေ့အထနဲ့ ပတ်သက်ပြီး ဟာဝိုင်ယီကျွန်းမှာ နေထိုင်သူတွေကို ဥပမာထား လေ့လာချင်တဲ့အကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် အစပျိုးတက်လှမ်းစ နိုင်ငံတခုသာ ဖြစ်သေးတယ် ဆိုတာကိုလည်း သူက အလေးအနက် ပြောဆိုသွားပါတယ်။ ဒီမိုကရေစီ အသီးအပွင့်တွေ ဝေဆာစေဖို့ ဒီသစ်ပင်ကို ဘယ်လို စိုက်ပျိုးပြုစု ပျိုးထောင်မလဲ ဆိုတဲ့အပေါ် မူတည်တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ သင့်မြတ်မှုကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ထည့်သွင်း ပြောဆိုသွားပါတယ်။

မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ ပြည်ထောင်စုလို့ခေါ်တဲ့ နိုင်ငံတခု ဖြစ်ပေမဲ့ လည်း လူမျိုးစုတွေအကြား စစ်မှန်တဲ့သင့်မြတ်ရေးကို မရနိုင်သေးတာကိုလည်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုသွားပါတယ်။

“ကျမတို့တိုင်းပြည်အတွက် ကွဲလွဲချက်တွေကြားက သင့်မြတ်အောင် ဘယ်လို ကြိုးပမ်းမလဲ၊ မတူကွဲပြားခြားနားမှုတွေကြား ညီညွတ်မှုကို ဘယ်လိုတည်ဆောက်မလဲ၊ ဒီ ကွဲပြားမှု ပုံစံမျိုးစုံ တည်ရှိနေတာက အားနည်းချက်တခု ဆိုတာထက် ဒါကို အင်အားတရပ်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ၊ ဒါကို ဟာဝိုင်ယီမှာ နေထိုင်တဲ့ ပြည်သူတွေဆီက လေ့လာသင်ယူနိုင်မယ် လို့ မျှော်လင့်တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို ခွဲခြားလို့မရတဲ့အကြောင်း ငြိမ်းချမ်းရေး ဆိုတာ နှလုံးသားက လာတာ ဖြစ်ပြီး ငြိမ်းချမ်းရေးစိတ်ဓာတ်ရဲ့ တန်ဖိုးကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပါတယ်။ မေတ္တာတရားဟာ ရက်ရောမှု၊ သဒ္ဒါစိတ်၊ အချစ် ဆိုတာတွေနဲ့တောင် မတူညီတဲ့အကြောင်း၊ အချစ်နဲ့အမုန်းဟာ သိပ်ပြီး နီးကပ်တတ်တယ်လို့ တချို့လူတွေ ပြောသလိုပဲ မေတ္တာတရားက တကယ်တမ်းကျတော့ အချစ်ဆိုတာထက် ပိုပြီး တန်ဖိုးကြီးပါတယ်လို့ သူက ဆိုပါတယ်။ အမုန်းတရားကို လုံး၀ ဖယ်ရှားနိုင်တဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ချင်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတဲ့တချိန်တည်းမှာ တခြား နိုင်ငံတွေ ရယူခဲ့တဲ့ သင်ခန်းစာတွေကနေ အကျိုးရှိအောင် အတုယူနိုင်ဖို့ မျှော်လင့်တဲ့အကြောင်းကိုလည်း ပြောဆိုသွား ပါတယ်။

“ဟိုနိုလူလူရဲ့ ဝိုင်ကီကီ ကမ်းခြေမှာ ပြည့်စုံလှပတဲ့ ညနေစာ စားခဲ့ရပေမဲ့ ရုန်းကန်လှုပ်ရှားနေရ တဲ့ မြန်မာပြည်သူတွေနဲ့အတူ အတူတကွ နေခဲ့ရတဲ့အခြေအနေကို ပိုပြီး ပျော်တယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရုန်းကန်လှုပ်ရှားမှုတွေဟာ လမ်းကြောင်းမှန်ပေါ် ရောက်မယ်ဆိုရင် အကျိုးဖြစ်ထွန်းမယ်လို့ သူက ဆိုပါတယ်။ စစ်မှန်တဲ့ ရုန်းကန်ကြိုးစားမှုက ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့အတွက် အင်အား ဖြစ်စေတဲ့အကြောင်း ပြောဆိုရင်း တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ဒွန်တွဲနေတဲ့အကြောင်းကိုလည်း ရှင်းလင်းပြောဆိုသွားပါတယ်။

“ဒီမိုကရေစီရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး လူတွေ ကျမကို မေးတဲ့အခါ ကျမက လွတ်လပ်မှုနဲ့ လုံခြုံမှုကို နှစ်ဘက်မျှအောင် ပေးနိုင်တဲ့စနစ်တခုလို့ မကြာခဏ ပြောလေ့ရှိပါတယ်။ လုံခြုံမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အာဏာရှင်ဆန်တဲ့အစိုးရ တွေက လူတွေရဲ့ လွတ်လပ်ခွင့်တွေ ကို ငြင်းပယ်လေ့ ရှိပါတယ်။ လွတ်လပ်မှုဆိုတာကို ခေါင်းစဉ်တပ်ပြီး လူတွေရဲ့ လုံခြုံမှုတွေ ဖျက်ဆီးခံရတာမျိုးတွေလည်း ရှိပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေအကြား တခြား တိုင်းရင်းသားတွေရဲ့ တန်ဖိုးထားမှုနဲ့ အခွင့်အရေးကို လေးစားပြီး ညီညွတ်ရေး၊ သင့်မြတ်ရေးနဲ့ နားလည်မှုတွေကို တည်ဆောက်နိုင် မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အနာဂတ်မှာ သင့်မြတ်ရေးနဲ့ ညီညွတ်ရေး ရည်မှန်းချက်တွေ ထားတယ်ဆိုတာ အတွေးအခေါ် အယူအဆသက်သက် မဟုတ်ပါဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒါဟာ သိပ်ကို လက်တွေ့ကျတယ်လို့ သူက ဆိုပါတယ်။

“ဒီလို ရည်မှန်းချက်တွေအတိုင်း အကောင်အထည်ဖော်တဲ့အခါ ကျမတို့မိတ်ဆွေ ဟာဝိုင်ယီကျွန်းမှာ ရှိတဲ့ သူတွေ ကျမတို့ကို လက်တွဲ ကူညီမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဟာဝိုင်ယီကျွန်းမှာနေတဲ့သူတွေက ဒီလိုလှပတဲ့ လူ့အဖွဲ့အစည်း ဆိုတာကို ဝမ်းနည်းကျေကွဲမှုတွေ၊ ရုန်းကန်မှုတွေနဲ့ နာကျင်မှုတွေကြားက တည်ဆောက်ခဲ့ရတယ်ဆိုတာ နားလည်ထားလို့ပါ။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဟာဝိုင်ယီကျွန်းနေ ပြည်သူတွေ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး ယဉ်ကျေးမှုမျိုးကို ပိုင်ဆိုင်နိုင်ဖို့ ရုန်းကန်ကြိုးပမ်း နေပြီး ဒီအတွက် ဝိုင်းဝန်းကူညီမယ် လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာ ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG