သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်


အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ထွက်ခွာမည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၁၆၊ ၂၀၁၂)။
အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ထွက်ခွာမည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်။ (စက်တင်ဘာလ ၁၆၊ ၂၀၁၂)။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန်ပြည်ထောင်စုကို ၂ ပတ်ကြာခရီး စတင်ထွက်ခွာပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် သွားရောက်မယ့် အမေရိကန် ခရီးစဉ် အတွင်းမှာ ဂုဏ်ထူးဆောင်ဆုတွေ လက်ခံရယူဖို့၊ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာ့အရေး အကဲခတ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို အမေရိကန်အစိုးရက ထပ်ပြီး လျှော့ပေါ့မှုတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်နေကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္ဂနွေနေ့ညနေမှာ ရန်ကုန် နိုင်ငံတကာ လေဆိပ်ကနေ အမေရိကန် ပြည်ထောင်စုကို TG ထိုင်းလေကြောင်းလိုင်းနဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၆ ရက်ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ သီတင်းနှစ်ပတ်ကျော် ကြာမယ့် ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သူ့ရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဒေါက်တာ တင်မာအောင်၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော် နဲ့ အဖွဲ့ဝင် ကိုဝင်းဇော်ဦးတို့ ၃ ဦးလည်း လိုက်ပါသွားကြတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က အတည်ပြု ပြောဆိုပါတယ်။

“လေယာဉ်က ၇ နာရီ ၄၀ မှာ လေယာဉ်ထွက်မယ်။ ဘန်ကောက် transit ရှိတယ်ပြောတယ်။ ဒေါက်တာ ငယ်ငယ် ရယ်၊ ကိုဝင်းဇော်ဦး ရယ်။ ကိုဇေယျာသော် ရယ်။”

ဒါ့အပြင် အမေရိကန်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်းမှာလည်း ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေရတာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar အပါအဝင် တခြားဧည့်သည် တော်တော်များများလည်း တွေ့ဆုံနိုင်ခြင်း မရှိဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။
ဒီခရီးစဉ်ဟာဆိုရင် မြန်မာနိုင်ငံမှာ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကြောင့် ဆယ်စုနှစ်တခုကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းမှုတွေ ကြောင့်မို့လည်း အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကနေ အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးသော ဂုဏ်ထူးဆောင် ရွှေတံဆိပ် အပါအဝင် Asia Society ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆု၊ Atlantic Council ရဲ့ ကမ္ဘာ့နိုင်ငံသား ဆုတွေကို ဒီခရီးစဉ်အတွင်း လက်ခံရယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဘဲရက်ခ် အိုဘားမား အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအပြင် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပြီး၊ Yale, Harvard နဲ့ Kentucky ပြည်နယ် Louisville တက္ကသိုလ်တွေကို သွားရောက် စကားပြောဖို့လည်း ရှိပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်နဲ့ မရှေးမနှောင်းဆိုသလိုပဲ မြန်မာသမ္မတ ဦးသိန်းစိန် ကလည်း နယူးယောက်ခ်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပမယ့် အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာဖို့ရှိနေပါတယ်။ မြန်မာ့အရေး အကဲခတ်သူတွေကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးမှာ အပြန်အလှန် အကျိုးပြုနိုင်တာတွေ ရှိတယ်လို့ သုံးသပ်ကြသလို၊ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ အပါအဝင် ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ပဋိပက္ခတွေ၊ ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမေးမြန်းတာတွေ ရှိနိုင်တယ်လို့ ခန့်မှန်း သုံးသပ်ခဲ့ကြပါတယ်။
သြစတြေးလျာနိုင်ငံ မက်ကွားရီး Macquarie တက္ကသိုလ် ပါမောက္ခ Sean Turnell ကတော့ -

“ဦးသိန်းစိန် နဲ့ ပတ်သက်လို့ ကောင်းတဲ့ အချက်တခု အနေနဲ့ကတော့ သူဟာ ရာထူးသက်တမ်း တခုပဲ ရှိမယ့်သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ဆောင်ကြဉ်းပေးတဲ့ အမွေအနှစ်မျိုး ချန်ရစ်လိုတဲ့ ကြီးကြီးမားမား အမြင်မျိုး ရှိပါတယ်။ တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် က သူ့အတွက်တော့ အတော်ကလေး တန်ဘိုးရှိတဲ့ အရာတခုပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အံံ့မခန်းလောက်အောင် ရေပန်းစားသူ တယောက် ဖြစ်တာမို့ ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်တခုဖြစ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်လာအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။”

ဒါ့အပြင် ခေါင်းဆောင် နှစ်ဦးစလုံးရဲ့ ဒီခရီးစဉ်အတွင်း အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ထပ်မံ လျှော့ပေါ့မှုကို ကြေညာကောင်း ကြေညာနိုင်တယ် လု့ိလည်း မစ္စတာ Turnell သုံးသပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ပထမဆုံးအကြိမ် ဥရောပ ၅ နိုင်ငံခရီး သွားရောက်ခဲ့ပြီးတော့ အဲ့ဒီခရီးစဉ်အတွင်း ၁၉၉၁ ခုနှစ်က သူ့ကို ချီးမြှင့်ခဲ့တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ လက်ခံရယူခဲ့သလို အင်္ဂလန်က ပေးအပ်တဲ့ ဒေါက်တာဘွဲ့ နဲ့ ပြင်သစ်က ပေးအပ်တဲ့ မြို့တော်ဝန်ဆုတွေကိုလည်း လက်ခံရယူခဲ့ပါတယ်။
XS
SM
MD
LG