သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မုံရွာ လူထုနှင့် တွေ့မည်


ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို ရောက်ရှိစဉ်။ ( နိုဝင်ဘာလ ၂၉၊ ၂၀၁၂။)
ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ကို ရောက်ရှိစဉ်။ ( နိုဝင်ဘာလ ၂၉၊ ၂၀၁၂။)
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ သံဃာတော်တွေနဲ့ သပိတ်စခန်းတွေထဲက တခြားဆန္ဒပြသူတွေကို အာဏာပိုင်တွေက ဖြိုခွင်းပြီးတဲ့နောက် ဒီဒေသကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၈နာရီမှာ မုံရွာမြို့ခံတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဒီကနေ့ မုံရွာမြို့က နောက်ဆုံးအခြေအနေတွေကို သိရအောင် လုံခြုံရေးကိစ္စတွေမှာ ကူညီဆောင်ရွက်နေတဲ့ ကိုနေသီဟကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင်- “ မကြာခင် မနက်၈နာရီမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ တွေ့ဆုံပွဲလုပ်မယ်ဆိုတော့ အခုမုံရွာမြို့အနေအထားက လုံခြုံရေးအခြေအနေအရ ဘယ်လိုရှိပါသလဲခင်ဗျ။”

ကိုနေသီဟ-“ လုံခြုံရေးအခြေအနေအရ ဟိုနေ့ညပိုင်းက ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ပူပန်တာရှိတယ်။ ပူပန်လို့လည်း လုံခြုံရေးကို ပိုပြီးတော့၊ ကျနော်တို့ဆီမှာ ဘာလက်နက်ကိရိယာမှတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ လူအားရော၊ စိတ်အားရော ထပ်တိုးပြီးတော့ အမေစုလုံခြုံရေးအတွက် ကျနော်တို့ ထပ်လုပ်ကြမှာပါ။”

ကိုဇော်ဝင်းလှိုင်- “ ဒီအခမ်းအနားကိုရော အစ်ကိုတို့အနေနဲ့ တက်ရောက်လာမယ့် လူဦးရေ ဘယ်လောက်လောက်ရှိနိုင်မလဲဆိုတာ ခန့်မှန်းထားတာရှိပါသလားခင်ဗျ။”

ကိုနေသီဟ-“ ကျနော်တို့ မှန်းထားတာတော့ အနည်းဆုံးကတော့ သောင်းဂဏန်းပဲခင်ဗျ။ ဒါကြောင့်မို့လို့ ဒီသောင်ပြင်ကိုပဲ ရွေးလိုက်တာ။ ဒီနေ့ဆိုရင် ကျနော်တို့ ထူးထူးခြားခြားအနေနဲ့ ဖြစ်လာနိုင်တာက သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဝင်ခွဲတဲ့အတွက် ခွဲတဲ့ဟာကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ၊ ဝမ်းနည်းတဲ့အနေနဲ့ ကျနော်တို့ လက်ပတ်အနက်တွေ လုပ်ဖို့ ကမ်ပိန်းတခုလုပ်ဖို့ ကျနော်တို့ စဉ်းစားထားပါတယ်ခင်ဗျ။”

ကိုဇော်ဝင်းလှိုင်- “ ဟုတ်ကဲ့။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ မုံရွာလူထုတွေ့ဆုံပွဲပြီးတော့မှလား၊ ဒါမှမဟုတ် တပြိုင်တည်း ဆုတောင်းပွဲလုပ်မှာလား။”

ကိုနေသီဟ-“ဟုတ်ကဲ့၊ တပြိုင်တည်းလုပ်မှာပါ။ ဒါက အမေစုရဲ့အကြံညဏ်လည်း မဟုတ်ပါဘူး။ အမေစုလုပ်ခိုင်းတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ လူငယ်တွေက ဒါမျိုး လုပ်ချင်တယ်ဆိုပြီး ကျနော်တို့ လုပ်ကြမလို့ပါ။”

ကိုဇော်ဝင်းလှိုင်- “ဒေါ်အောင်ဆန်းစုကြည်က မနေ့က အခင်းဖြစ်တဲ့နေရာ ကို ရောက်သွားပြီးတော့ ဆေးရုံမှာ ဆေးကုသနေတဲ့ ဆရာတော်၊ သံဃာတော်တွေလည်း သူတွေ့တယ်။ လူနာတွေလည်း ဆိုတော့ အခြေအနေက တွေ့တဲ့နေရာ မှာရော၊ အေးအေးဆေးဆေးပဲလားခင်ဗျ။”

ကိုနေသီဟ-“ဟုတ်ကဲ့။ ပြန်ထွက်လာသည်အထိကတော့ အေးအေးဆေးဆေးပဲခင်ဗျ။ အထဲမှာတော့ ကျနော်တို့ လိုက်မသွားတော့ ဘာတွေပြောတယ်။ ဘာတွေဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဆေးရုံကနေ ဟိုတယ်အထိ ပြန်တဲ့အချိန်မှာတော့ အေးဆေးပါပဲ။ အကုန်လုံး။”

ကိုဇော်ဝင်းလှိုင်- “မနေ့ညက မုံရွာမြို့ပေါ်မှာ ရဲတွေ လုံထိန်းတွေ ဥပမာအားဖြင့် လုံခြုံရေးတွေ တိုးချထားတာ ရှိသလား၊ ခါတိုင်းထက်ပိုပြီးတော့ တွေ့ရသလား။”

ကိုနေသီဟ-“မရှိဘူးခင်ဗျ။”

ကိုဇော်ဝင်းလှိုင်- “မုံရွာမြို့က ပုံမှန်ပဲလား။ ပုံမှန်အနေအထားမှာပဲလား။”

ကိုနေသီဟ-“ ပုံမှန်အနေအထားပါပဲခင်ဗျ။”

ကိုဇော်ဝင်းလှိုင်- “ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ်ပေးမယ် လို့ ပြောထားတာတွေရှိပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက လူတွေနဲ့လည်း သူတွေ့ပြီး ဒီကိစ္စမှာ သူတတ်နိုင်သလောက် လုပ်ဆောင်ပေးမယ်ပေါ့နော်၊ ဆိုတော့ လူထုဘက်ကရော မုံရွာဒေသခံလူထုတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမျှော်လင့်ချက်တွေရှိသလဲ။ သူတို့သဘောနဲ့ကိုက်ညီမှုရှိပါသလား၊ ဘယ်လိုအသံတွေများ ထွက်ပါသလဲခင်ဗျ။”

ကိုနေသီဟ-“အမေစု ကြားဝင်စေ့စပ်ပေးမယ်ဆိုတာမှာ ကျနော် သိသလောက်ကတော့ မုံရွာလူထု တော်တော်များများက အဲ့ပြောသွားတာကို မသိကြသေးတဲ့သူတွေ တော်တော်များတယ်။ ဒါပေမဲ့ မုံရွာလူထုရဲ့ ဝမ်ပေါင်ကုမ္ပဏီအပေါ် ၊ ဒါမှမဟုတ်ရင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အပေါ် ထားတဲ့ပုံစံကတော့ အဲ့စီမံကိန်းကြီးကို လုံးဝရပ်စေချင်တာပဲ။ အမေစုဝင်ပြီးတော့ ညှိနှိုင်းပေးမယ်ဆိုရင် ကျနော်ကိုယ်တိုင်အနေနဲ့ရော ကျန်တဲ့သူတွေရောက အများစုက မျှော်လင့်တာကတော့ စီမံကိန်းကြီးရပ်သွားဖို့ ညှိနှိုင်းပေးနိုင်ရင် ကောင်းမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။”

မုံရွာမြို့က နောက်ဆုံးအခြေအနေတွေကို သိရအောင် လုံခြုံရေးကိစ္စတွေမှာ ကူညီဆောင်ရွက်နေတဲ့ ကိုနေသီဟကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
XS
SM
MD
LG