သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှော်ဘီမြို့နယ်မှာ NLD စည်းရုံးရေးဆင်း


မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)
မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် အာဃာတနဲ့ကလဲ့စားချေတာမျိုးလုပ်မှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့သဘောဆန္ဒကို ထုတ်ဖေါ်ပြသတဲ့အနေနဲ့ ပြည်သူအများစု မဲပေးကြဖို့လိုတယ်လို့ သူက တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁ဝ-ရက် စနေနေ့မှာ မှော်ဘီနဲ့တိုက်ကြီးမြို့နယ်တွေကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တာပါ။ NLD ပါတီက အနိုင်ရခဲ့ရင်တောင် ရှုံးနိမ့်သူတွေပေါ် အာဃာတနဲ့ကလဲ့စားချေတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ဒေသခံတသိန်းဝန်းကျင် တက်ရောက်တဲ့ မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အာဃာတကင်းစင်ရေး၊ သဟဇာတဖြစ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး- ဒီလိုမူတွေပေါ်မှာအခြေခံပြီးတော့ ကျမတို့ စနစ်ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုပဲ အခု ကျမတို့ကို ဘာတွေလုပ်နေလုပ်နေ၊ ကျမတို့အလှည့်ကျလို့ရှိရင် ကျမတို့ကနေပြီးတော့ ဒီလိုလုပ်ခဲ့တဲ့သူတွေ အပေါ်မှာ ကျမတို့အာဃာတနဲ့ ဘာမှ လုပ်မှာမဟုတ်ပါဘူး။ အဖွဲ့ချုပ်ကနေပြီးတော့ ကလဲ့စားချေဖို့-ဆိုတဲ့မူလည်း မရှိပါဘူး။ အားလုံး တတ်နိုင်သမျှ ညီညီညွတ်ညွတ်နဲ့ နေသွားစေချင်တယ်။”

၂ဝ၁၅ ရွေးကောက်ပွဲဝင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မိမိတို့ပိုင်ဆိုင်မှုကို ကြေညာထားရပြီး ဒါဟာ အဂတိလိုက်စားမှု ကင်းစင်တဲ့ အစိုးရတရပ် ဖြစ်လာရေးကို ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ကိုယ်စားလှယ်လောင်းတွေဟာ ကိုယ်စားလှယ်တွေ ဖြစ်လာတဲ့အခါမှာ မိမိတို့ရဲ့ရာထူး၊ နေရာကို အလွဲသုံးစားလုပ်ပြီးတော့ အဂတိလိုက်စားမှု ကနေ ကင်းဖို့ပါပဲ။ ဒီတော့ ကျမတို့ကိုယ်စားလှယ်တွေထဲက ကိုယ်စားလှယ်လောင်းဘဝတွေတုန်းကတော့ အိမ်တစ်လုံးပဲပိုင်ပြီးတော့ ကိုယ်စားလှယ်လည်း ဖြစ်ပြီးရော နှစ်နှစ်အတွင်း အိမ်ငါးလုံးပိုင်နေပြီဆိုရင်တော့ ကျမတို့က လိမ်လည်လှည့်ဖျားမှုတွေကို လုပ်တဲ့ကိုယ်စားလှယ်တွေကို ကျမတို့က အရေးယူမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို လှည့်ဖျားလို့မရတဲ့ အစိုးရမျိုးဖြစ်အောင်လို့ ကျမတို့ အတတ်နိုင်ဆုံးလုပ်ထားပါတယ်။”

မြန်မာ့နိုင်ငံရေးအတွက် အချိုးအကွေ့တခုဖြစ်တဲ့ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေက ကိုယ့်သဘောဆန္ဒကိုထုတ်ပြနိုင်ဖို့ ပြည်သူအများစု မဲပေးဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့အမြင်မှာတော့ ပြည်သူများများ မဲပေးလေလေ၊ ကောင်းလေလေပဲ။ အဲဒီလို ကျမတို့ထင်ရတဲ့အကြောင်းက နှစ်ကြောင်းရှိပါတယ်။ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ ပြည်သူများများ မဲပေးတဲ့ရွေးကောက်ပွဲမှာ ပြည်သူ့ရဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ထုတ်ဖော်ပြတာ ဖြစ်တာကြောင့်မို့လို့ ကျမတို့က အဲဒါကိုလိုလားတယ်။ ဒုတိယအကြောင်းကတော့ ပြည်သူအများစုဟာ ကျမတို့အဖွဲ့ချုပ်ဘက်က ရပ်တည်တယ်ဆိုတာ ယုံကြည်တာကြောင့်မို့လို့ ကျမတို့က ပြည်သူအများစုမဲပေးလေလေ၊ ကျမတို့ရဲ့နိုင်ခြေဟာ ပိုပြီးတော့ ကောင်းလေလေလို့ ယူဆလို့ မဲပေးစေချင်ပါတယ်။”

ရွေးကောက်ပွဲမှာ အနိုင်နဲ့အရှုံး နှစ်ခုထဲရှိပြီး ဒီမိုကရေစီစနစ်မှာ ဘဘောထားကြီးတဲ့ နိုင်ငံရေးပါတီကြီးတွေက အရှုံးကို ရင်ဆိုင်ရဲရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပါတယ်။

“တချို့ အခု သိပ်သိသာတာပဲ။ တချို့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲမှာ ရှုံးမှာကို အင်မတန်ကြောက်နေတယ်။ ရှုံးမှာကိုကြောက်လွန်းလို့ ညစ်ချင် သလို ညစ်နေကြတယ်။ ရှုံးမှာကြောက်တယ်ဆိုတာကိုက ဒီမိုကရေစီ သဘောထားကို နားမလည်တာဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေကို ကြည့်လိုက်ပါ။ ဒီပါတီက ဒီတစ်ခါမှာရှုံး၊ နောက်ပါတီက တက်။ နောက်ရွေးကောက်ပွဲကျတော့ အရင်ရှုံးတဲ့ပါတီက ပြန်ပြီးတော့နိုင်၊ ဒီတော့ ရှုံးတဲ့လူကလည်း ဘာမှ မကြောက်ရဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ ချစ်စရာကောင်းတဲ့အလေ့အကျင့်လေးတစ်ခုပါ။ ကိုယ်ဒီတစ်ခါရှုံးလို့ရှိရင်လည်း ကိုယ့်ဘဝပျက်သွားတာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာဆိုလို့ရှိရင် ရှုံးတဲ့ပါတီက ရှုံးရပြီဆိုတာကို အဲဒီပါတီခေါင်းဆောင်ကနေပြီးတော့ တရားဝင်အသိအမှတ်ပြုရတယ်။ အသိအမှတ်ပြုတယ်ဆိုတာ ဒါ သူ့ဂုဏ်သိက္ခာအတွက်၊ နိုင်သွားတဲ့ပါတီကိုလည်း ဂုဏ်ပြုပါတယ်-ဆိုပြီးတော့ သိက္ခာရှိရှိနဲ့ အဲသလို လုပ်ကြပါတယ်။ နိုင်သွားတဲ့ပါတီကို ရှုံးသွားတဲ့ပါတီကလည်း ဘာမှ ကြောက်စရာမရှိဘူး။”

အောက်တိုဘာလ ၁၁-ရက် တနင်္ဂနွေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း လှည်းကူး၊ ဖေါင်ကြီးနဲ့ ရဲမွန်မြို့တွေကို မဲဆွယ် စည်းရုံးရေး ဟောပြောပွဲ သွားရောက်မှာ ဖြစ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း စုစု ပေါင်း (၁၁၃ဝ) ဝင် ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အဲဒီအထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၁၈) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၃) ဦး၊ ပြည်နယ် တိုင်း ဒေသကြီး လွှတ်တော်အတွက် (၆၂ဝ) နဲ့တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် (၂၉) ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

XS
SM
MD
LG