သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တရုတ်ခရီးစဉ် တရုတ်သမ္မတနဲ့တွေ့ဆုံမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ လာမယ့်အပတ်အတွင်းမှာတရုတ်ပြည်ကို
ပထမဆုံး အကြိမ် အဖြစ် သွားရောက်ဖို့ ရှိနေပြီး ဒီခရီးစဉ်မှာ
တရုတ်နိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒီသတင်း ကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က
တင်ပြထားပါတယ်။

အရင်က အမေရိက၊ ဥရောပစတဲ့ အနောက်နိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံမှု များခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ နောက် အပတ် ဗုဒ္ဓဟူးနေ့ အိမ်ရှင်ရဲ့ ဖိတ်ကြားချက်အရ အိမ်နီးချင်း တရုတ်နိုင်ငံ သွားရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပါတီရဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

"ဒီလ ၁၀ရက်ကနေ ၁၄ရက်။ ဖိတ်တာက ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတရယ်၊ ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ပါပါတယ်။ "

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုတာတော့ မရှိပါဘူး။ ဒီခရီးစဉ် ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဥက္ကဋ္ဌအနေနဲ့ ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပေမဲ့ အရင် က NLD ဗဟိုကော်မတီဝင်တွေ နဲ့ လူငယ်အဖွဲ့ဝင်တွေ အနည်းဆုံး ၅ကြိမ်လောက် သွားရောက် ခဲ့ဖူးတာဖြစ်ပါတယ်။ အရင်ခရီးစဉ်တွေမှာ အဓိက ဆွေးနွေးဖြစ်ခဲ့တာတွေကိုတော့ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

" ငါးခါ ခြောက်ခါလောက်ရှိပါပြီ။ သွားတဲ့အထဲမှာ ကျနော်လည်း တခေါက် သွားဖူးတယ်။ အဲ့လိုပဲ ကွန်မြူနစ်ပါတီ ဖိတ်ပါတယ်။ ဟိုကျတော့ ကွန်မြူနစ် ပါတီ နိုင်ငံခြားရေးရုံးတို့ ဘာတို့မှာ ကျနော်တို့ တွေ့ရပါတယ်။ ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ရှိပြီ သွားတာ။ ကျနော်သွားတဲ့အခေါက်မှာတော့ နယ်စပ်ဒေသ အခြေအနေနဲ့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရင် နှစ်ဖက် အကျိုးရှိမယ်ဆိုတဲ့ ကိစ္စမျိုး နောက် မူးယစ်ဆေးဝါးလို ကိစ္စမျိုး အဲ့တာမျိုးတွေကို ပြောဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့်အချိန်ဟာ တရုတ်မြန်မာနယ်စပ်ဒေသ
ကိုးကန့်စစ်ပွဲကြောင့် တရုတ်မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အဖုအထစ်တွေ
ရှိနေချိန်နဲ့ နောက် တရုတ်စစ်တပ်က နယ်စပ်ဒေသမှာ အင်အားပြ
စစ်ရေးလေ့ကျင့်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့
ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

" အခုဟာကတော့ ကျနော်မြင်တာ တရုတ်ပြည်က ဗမာပြည်ကို စည်းရုံးရေးနဲ့ပတ်သက်လို့ အခြေခံကအစ ဂရုစိုက်ပြီးတော့ ပြြန်ပင်ပြီး လုပ်နေတယ်လို့ မြင်ပါတယ်။ တရိုတ်ပြည်ဘက်က ဗမာပြည်ဘက်က အတိုက်အခံတွေ၊ အစိုးရမဟုတ်တဲ့ အင်အားစုတွေကို ဆွဲသင့်တယ်လို့ သဘောပေါက်လာတာတော့ ကြာသွားပါပြီ ဒါပေမဲ့ လက်တွေ့လုပ်တဲ့အခါမှာတော့ အဘက်ဘက် ထောက်ထားနေရတာနဲ့ ဘာနဲ့ နောက်ကျတယ်။ အခု NLD ဆိုရင်လည်း အရင်တုန်းက အဖွဲ့ကို ဖိတ်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို အဲ့လို ဖိတ်တယ်ထင်ပါတယ်။ သူတို့အစီအစဉ်ရှိရှိနဲ့ လုပ်နေတယ်လို့ ကျနော်က မြင်ပါတယ်။"

ဒီခရီးစဉ်မှာ မြန်မာပြည်အတွက် ဘယ်လို အကျိုးရလဒ်တွေ ရနိုင်မလဲ
ဆိုတဲ့အပေါ်မှာတော့ ရဲဘော်ဖိုးသံချောင်း က အခုလို ပြောပါတယ်။

"တရုတ်ပြည်ဟာ ပုဂ္ဂိုလ်တဦးချင်းအတွက် သို့တည်းမဟုတ် အဖွဲ့အစည်း တခုချင်းနဲ့ ဆွေးနွေးတာကို နိုင်ငံအတွက် ရောပစ်တာမျိုး တော်ရုံတန်ရုံ အခြေအနေမှာ မလုပ်ပါဘူးခင်ဗျ။ အဲ့တော့ ဗမာပြည်ရဲ့ အခြေအနေမှာလည်း ဗမာနိုင်ငံကို ကမ်းလှမ်းတယ် ဆိုတဲ့ဟာမျိုး အဲ့လိုမျိုး အဓိပ္ပါယ်ပေါ်အောင်တော့ မရှိဘူးလို့ ကျနော်မထင်ဘူး။ ကျနော်ထင်တာက တရုတ်ပြည်က တခုမမြဲ တခုမြဲအောင်လို့ ဗမာပြည်ရဲ့ အင်အားစုတွေ အားလုံးကို ဆွဲနေတာလို့ပဲမြင်ပါတယ်။ အစိုးရနဲ့ လက်ရှိစစ်အစိုးရကိုလည်း သူတို့ ဆွဲမယ်။ ဗမာပြည်ရဲ့ တခြားအစိုးရမဟုတ်တဲ့ အင်အားစုတွေ ကို ဆွဲမယ် အဲ့ဒီ့ရည်ရွယ်ချက်နဲ့ လုပ်နေတာခင်ဗျ။ အဲ့တော့ ဗမာပြည်ရဲ့ အကျိုးစီးပွားဆိုတာထက် သူတို့ရဲ့ အကျိုးစီးပွားကို သူတို့အဓိက ထားလုပ်တယ်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။"

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ
ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဥက္ကဌ ပြည်ထောင်စုလွှတ်တော်နာယက
သူရ ဦးရွှေမန်းဟာ တရုတ်ပြည်ကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူရ
ဦးရွှေမန်းဟာ တရုတ်သမတနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊
တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ
ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG