သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်း စီးပွားရေးဇုံ ဒေါ်စုလေ့လာ


ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ် တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံ။ သတင်းဓာတ်ပုံ-NLD Chairperson။
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ် တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံ။ သတင်းဓာတ်ပုံ-NLD Chairperson။

တရုတ်နိုင်ငံ ကို ရောက်ရှိနေတဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ ဒီကနေ့ မှာ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် ကွန်မြူနစ်ပါတီ၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာဟာဆိုရင် တရုတ်အစိုးရရဲ့ သဘောထား ပျော့ပျောင်းတဲ့ ကိစ္စရပ် အဖြစ်လည်း တရုတ် ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဝေဖန်နေကြတာပါ။ သုံးသပ်သူတွေကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်တို့ ဖိတ်ခေါ်ခဲ့တာဟာ မြန်မာ အစိုးရကို တစုံတရာ ဖိအားပေးလိုတဲ့သဘောဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြပေးထားပါတယ်။

၅ ရက်ကြာ ခရီးအဖြစ်နဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် သောကြာနေ့မှာတော့ တရုတ် နိုင်ငံရဲ့အဓိက စီးပွားရေး မြို့တော် ရှန်ဟိုင်းကို သွားရောက်နေပါတယ်။ ဒီနောက်မှာတော့ ကူမင်းမြို့ကို သွားမှာ ဖြစ်ပြီး မြန်မာပြည် ကို ပြန်လည် ထွက်ခွာမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

"မနေ့ကပြောတာတော့ ဒေါ်အောင်ဆန်းစုကြည်က ရှမ်ဟိုင်းသွားတယ်ပြောတယ်။ ရှမ်ဟိုင်းမှာ သွားရောက်လေ့လာကြည့်ရှုပြီး မှ ကူမင် ကိုပြန်မယ်။ ကူမင်ကမှ ဗမာပြည် ပြန်မယ်လို့ ကြားပါတယ်။ ဟို ရှမ်ဟိုင်းမှာက ဒီလိုလေ သူက အကောက်ခွန် မဲ့ဒေသတို့ အဲ့မှာ စီးပွားရေးဇုံတို့ ဘာတို့ တော်တော်များများ လုပ်ငန်းကြီးတွေ ဖွင့်လှစ်ထားတာရှိတယ်။ လုပ်ငန်းကွက်ကြီးတွေ ဥပမာ စင်ကာပူက လာဖွင့် ထားတာ၊ ထိုင်ဝမ်က လာဖွင့်ထားတာ၊ ဟောင်ကောင်က လာဖွင့်ထားတာ အဲ့တာကြီးတွေရှိတယ်။ တခြားနိုင်ငံတကာက လာတဲ့ ဧည့်သည်တွေလည်း ရှမ်ဟိုင်းကို အဲ့ဒီ့အကောက်ခွန်မဲ့ဒေသကြီး တွေကို သွား၊ သွားလေ့လာတာရှိတယ်။ အဲ့ဒီ့အတိုင်းပဲ သွားတာနဲ့တူပါတယ်။"

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ တရုတ် ကွန်မြူနစ်ပါတီကြား ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ် မှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ တရုတ် သမ္မတ ရှီကျင့်ဖိန်၊ နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ၊ ကွန်မြူနစ် ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ ၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး အဖွဲ့ရဲ့ အကြီးအကဲ တို့နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး တရုတ်ပြည် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓစွယ်တော် ကိန်းဝပ်တော်မူရာ Lingguang ကျောင်းတော်ကိုလည်း သွားရောက် ဖူးမြော် ခဲ့ပါတယ်။အခု မြန်မာ့ အတိုက်အခံ ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့တာဟာ မြန်မာ အစိုးရကို ဖိအားပေးချင်တဲ့သဘောလည်း တွေ့ရတယ်လို့ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ရှုမြင်ပါတယ်။

"တရုတ်အစိုးရဘက်က ကျမကြည့်နေတာတော့ သူက အခု ဦးသိန်းစိန် အစိုးရ လုပ်ပုံကိုင်ပုံတွေကို ပေါ့နော် အဲ့ဒီ့နယ်စပ်ကိစ္စဖြေရှင်းတာတွေ ဘာတွေအပေါ်မှာ သူတို့ အတော် မအီမသာ ဖြစ်ပုံရတယ်။ အဲ့ဒီ့အတွက် ဗမာအစိုးရကို နိုင်ငံရေး အရရော စစ်ရေးအရရော ဖိအားပေးချင်နေပုံရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ရုံမက အခုလို အဆင့်မြင့်မြင့် ကြိုဆိုဧည့်ခံတာတွေ လုပ်တာပါ။ နောက်စစ်ရေးအရလည်း ခင်ဗျားတို့လည်း ကြားမှာပဲ တရုတ်နယ်စပ်တလျောက် စစ်ရေးလေ့ကျင့်မှုတွေကို တော်တော်ကို ရက်ရှည် ဆက်လက်လုပ်ဆောင်နေတာတွေကို တွေ့ရတယ်။ အဲ့တော့ တရုတ်ဘက်ကလည်း ဗမာအစိုးရ ဦးသိန်းစိန်အစိုးရကို နည်းနည်းပါးပါး ဖိအာားပေးချင်တဲ့ လက္ခဏာရှိပါတယ်။"

တရုတ်ပြည်သူတွေကြားမှာတော့ အရင်တုန်းကနိုလ်ဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ အနောက်နိုင်ငံတွေဘက်ကို ယိမ်းတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ် ရှုမြင်ထားခဲ့ပေမယ့် အခု နောက်ပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောဆိုလာတဲ့ တရုတ် အပေါ် ထားတဲ့ သဘောထား ပျော့ပြောင်းတာကို တွေ့လာရပြီးနောက်ပိုင်း အတော်လေး နှစ်သက်လက်ခံကြတယ်လို့လည်း ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

ကြာသပတေးနေ့ တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့တာမှာ လည်း ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးချင်းတွေ ဖြစ်ကြတဲ့မြန်မာနဲ့ တရုတ် အကြား ဆက်ဆံရေး တိုးတက်လိုတဲ့ ပါတီရဲ့ သဘောထားကို ပွင့်ပွင့် လင်းလင်း ပြောခဲ့ တာလည်း ဖြစ်ပါတယ်။ တရုတ်တို့ အနေနဲ့ နိုင်ငံတကာ အစိုးရ ခေါင်းဆောင်တွေကိုသာမက အလားအလာ ကောင်းတဲ့ အတိုက် အခံ ခေါင်းဆောင်တွေကို ဖိတ်ကြား တွေ့ဆုံမှုတွေကတော့ အစဉ်အလာ တခု ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာအစိုးရနဲ့ တရုတ် အစိုးရ အကြား ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ ပတ်သက်လို့ အဖုအထစ်တွေ ရှိနေချိန်၊ အထူးသဖြင့် မြန်မာ အစိုးရက တရုတ် နယ်စပ်မှာ ထိုးစစ်ဆင်နေချိန်နဲ့ ကျင်းပမယ်လို့ ပြောဆို ထားတဲ့ ရွေးကောက် ပွဲ နီးလာချိန်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ခေါ်ခဲ့တဲ့ အပေါ်မှာတော့ နိုင်ငံတကာကရော ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းအတွင်းမှာပါ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG