သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှု အဆုံးသတ်


ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်၊ သုဝဏ္ဏမြိုဦးစေတီကွင်းမှာ ရွေးကောက်ပွဲနောက်ဆုံးမဲဆွယ်စည်းရုံးမှုအတွင်း တွေ့မြင်ရစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်၊ သုဝဏ္ဏမြိုဦးစေတီကွင်းမှာ ရွေးကောက်ပွဲနောက်ဆုံးမဲဆွယ်စည်းရုံးမှုအတွင်း တွေ့မြင်ရစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၅)

နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့နောက်ဆုံး မဲဆွယ်စည်းရုံးရေးလူထုဟောပြောပွဲကို နိုဝင်ဘာလ (၁) ရက်နေ့က ရန်ကုန် သုဝဏ္ဏမြို့ဦး စေတီကွင်းမှာ ပြုလုပ်ခဲ့ပြီး ပြည်သူလူထု ထောင်ပေါင်းများစွာ တက်ရောက်အားပေးခဲ့ပါတယ်။ NLD အနေနဲ့ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ချက်အပြည့်ရှိနေပြီး အာဏာရပါတီဖြစ်ခဲ့မယ်ဆိုရင် အာဃာတ မထားဘဲ နိုင်ငံအနာဂတ်အတွက် အားလုံးနဲ့အတူတွဲလုပ်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုပြောပြပေးထားပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ တစ်ပတ်ပဲလိုတဲ့အချိန် မဲပေးဖို့ရက်နီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးနဲ့ခြိမ်းခြောက်မှုတွေရှိလာနိုင်တယ်လို့ ရန်ကုန်သုဝဏ္ဏမြို့ဦးစေတီကွင်းမှာပြုလုပ်တဲ့ လူထုနဲ့တွေ့ဆုံဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘယ်သူ့ကိုမှ အာဃာတမထားဘဲ NLD အနေနဲ့ အပြတ်အသတ်နိုင်ရင် လက်ကမ်းကြိုဆိုပြီး အတူတွဲလုပ်ချင်စိတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အဲဒီတော့ တချို့ကပြောတယ်၊ တချို့ဆိုတာပေါ့နော်၊ ကျမတို့နဲ့ အမြင်ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက အာဃာတကင်းစင်တယ် ဆိုတာကို မယုံဘူး-တဲ့။ အဲဒီတော့ ကျမတို့ စဉ်းစားတယ်။ ဘာဖြစ်လို့ မယုံပါလိမ့်၊ သူတို့စိတ်နဲ့သူတို့များ နှိုင်းနေလို့ မယုံတာလား-လို့။ ကျမတို့ဟာ အာဃာတမထားဘူးဆိုတာ တနည်းအားဖြင့်လည်း မာနလို့ ပြောလို့ရပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ လို့လည်း ဒီလိုကြည့်တယ်။ ဒါပေမယ့် တချို့ မာနလို့ ထင်ရင်လည်း ကျမ လက်ခံပါတယ်။ မာနလို့ပဲပြောပြော၊ သိက္ခာလို့ပဲပြောပြော ကျမတို့ဟာ အားလုံးကို ကျောသားရင်သားမခွဲ- ဆက်ဆံရေးဟာ တကယ့်ကို သိက္ခာရှိတဲ့၊ အဆင့်ရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတမထားဘဲနဲ့ အဖွဲ့ချုပ် ၁၀၀ % နိုင်လို့ရှိလို့ ရှိရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူတွဲပြီး လုပ်ချင်တဲ့စိတ် ရှိပါတယ်လို့ ကျမ ပြောနိုင်ပါတယ်။”

ရန်ကုန်မြို့ သုဝဏ္ဏမြိုဦးစေတီကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဲဆွယ်မှု နောက်ဆုံးပွဲကို လာရောက်နားထောင်တဲ့ ပရိသတ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၅)
ရန်ကုန်မြို့ သုဝဏ္ဏမြိုဦးစေတီကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဲဆွယ်မှု နောက်ဆုံးပွဲကို လာရောက်နားထောင်တဲ့ ပရိသတ်။ (နိုဝင်ဘာလ ၁၊ ၂၀၁၅)

အခုရွေးကောက်ပွဲမှာ ပြည်သူတွေဘက်က NLD ကို ၁ဝဝ% ဘာကြောင့် ထောက်ခံဖို့လိုသလဲဆိုတာနဲ့ လွှတ်တော်တွင်း စစ်တပ်က ၂၅% ပါဝင်နေတာကို NLD အနေနဲ့ကန့်ကွက်ရတဲ့အကြောင်းအရင်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုပါတယ်။

“ဒီတပ်မတော်ဟာ ဖေဖေထူထောင်ခဲ့တဲ့တပ်မတော်။ အင်မတန်မှ မွန်မြတ်ပြီးတော့ ၊ သိက္ခာရှိပြီးတော့ ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော်ဖြစ်စေချင်တယ်။ ဒါပေမယ့် ကျမတို့ဟာ တပ်မတော် ၂၅ % ကို ကန့်ကွက်တယ်ဆိုတာဟာ ဒီမိုကရေစီ စံနှုန်းစံထားနဲ့ မကိုက်ညီလို့ ကန့်ကွက်တာပါ။ နောက်ပြီးတော့လည်း သိက္ခာရှိတဲ့တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ မပါဝင်သင့်ဘူးလို့ ကျမတို့က ယူဆလို့ ကန့်ကွက်တာပါ။ တပ်မတော်သားတိုင်း တပ်မတော်ထဲမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း လွှတ်တော်ထဲမှာ ကိုယ့်ဆန္ဒအရ မဲပေးမယ် ဆိုလို့ရှိရင် ကျမတို့ ဘာမှသိပ်ပြီးတော့ မပြောလိုပါဘူး။ ဒါကတော့ အခုအခြေအနေအရပေါ့။ အခုအခြေအနေအရ ၂၅ % စလုံးဟာ အမိန့် အရ တပုံစံတည်းပဲ မဲပေးပါတယ်။ အဲဒါကြောင့် ကျမကတော့လေ၊ အကယ်၍ အဖွဲ့ချုပ်ကနေပြီးတော့ ၄၀ ကျော်ရတယ်- ဘာတယ်၊ အဲဒီစကားတွေ လုံးဝမကြားချင်ဘူး။ ၁၀၀ % ပဲ ကြားချင်ပါတယ်။”

ဒါ့အပြင် အခုရွေးကောက်ပွဲမှာ NLD အနေနဲ့ သန့်သန့်ရှင်းရှင်းနဲ့အနိုင်ရချင်တဲ့အကြောင်းလည်း သူကပြောကြားခဲ့ပါတယ်။

“အခုထိ ရွေးကောက်ပွဲ စည်းရုံးရေးစတဲ့နေ့ကနေစပြီးတော့ (၂) လနီးပါးကာလမှာ အခြားအဖွဲ့အစည်းပုဂ္ဂိုလ်များဟာ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်လို့ ကျမတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုရော၊ တချို့ကိစ္စတွေကျတော့ ရဲစခန်းကိုရော တိုင်ခဲ့ရတဲ့ ကိစ္စများဟာ ၁၀၀ လောက်ရှိနေပါပြီ။ ဒါ တရားဝင်တိုင်တာနော်။ တရားဝင်မတိုင်ဘဲနဲ့ တတိုင်းပြည်လုံးမှာ ဖြစ်ပျက်နေတဲ့ကိစ္စကတော့ ကျမတို့ ပြည်သူတွေ သိပြီးသားပါ။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်တိုင်ချက် ၂ ခုရှိတယ်။ ၂ ခုစလုံးက မှားနေလို့ တိုင်တဲ့သူတွေက ရုပ်သိမ်းခဲ့ရပါတယ်။ အဲဒီဟာကိုပဲ ယှဉ်ကြည့်ပါ။ ကျမတို့ဟာ သန့်သန့်ရှင်းရှင်းနဲ့ နိုင်ချင်တယ်။ သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ရဲတယ်။ ပြည်သူ့ရဲ့ယုံကြည်မှု၊ ပြည်သူ့ရဲ့ထောက်ခံမှုကို ကျမတို့ သန့်သန့်ရှင်းရှင်းနဲ့ရယူရဲတယ်။ သူများကို ထိခိုက်အောင်လို့ တိုက်ခိုက်ပြီးတော့ မမှန်တဲ့နည်းတွေနဲ့ - တကယ်ပြောရမယ်ဆိုရင် အဆင့်မရှိတဲ့နည်းတွေနဲ့ ကျမတို့ လုပ်ဖို့လည်း မလိုဘူးလို့ ကျမတို့ ပြောရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်သုဝဏ္ဏမှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲ လုံခြုံရေးအတွက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အပြည့်အဝ တာဝန်ယူတာမျိုး မတွေ့ရဘူးလို့ ဟောပြောပွဲကိုတက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက်ကပြောပါတယ်။ အရင်က ပြည်သူ့ရင်ပြင်မှာပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ အာဏာပိုင်တွေကခွင့်ပြုချက်မပေးခဲ့တာကြောင့် သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ လူထုဟောပြောပွဲကို NLD အနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG