သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တခဲနက် အနိုင်ရအောင်မဲပေးဖို့ ဒေါ်စုစည်းရုံး


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်လမြိုင်ကျွန်း ခရီးစဉ်။ (ဓာတ်ပုံ- NLD- ဇူလိုင် ၂၆၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်လမြိုင်ကျွန်း ခရီးစဉ်။ (ဓာတ်ပုံ- NLD- ဇူလိုင် ၂၆၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ဖို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တခဲနက်အနိုင်ရဖို့ အရေးကြီးတဲ့အကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ NLD အနိုင်ရလာခဲ့ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ဦးစားပေးမှာ ဖြစ်တဲ့အကြောင်း ၂ ရက်ကြာ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ် ဒီကနေ့ အဆုံးသတ်ခဲ့တဲ့ မော်လမြိုင်ကျွန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပထမဆုံးအကြိမ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဧရာဝတီတိုင်းကိုရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ အနိုင်ရမှ ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နိုင်လိမ့်မယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနိုင်ရလာတဲ့အခါ တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကိုလည်း ဦးတည် ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ဧရာဝတီတိုင်း ခရီးစဉ် အဆုံးသတ်တဲ့ တနင်္ဂနွေနေ့က မော်လမြိုင်ကျွန်းမြို့မှာ မိန့်ခွန်းစကား ပြောကြားရာမှာ ပြောဆိုသွားခဲ့တာပါ။

“ရွေးကောက်ပွဲနိုင်ဖို့လိုတယ်ဆိုတာ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပို့ဖို့ပါပဲ။ နောက်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းဆိုတာဟာ ကျမတို့ ပြည်သူလူထုကို ပို့ပေးချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းဆိုတာ “ရာသီစုံလမ်း” ဖြစ်ဖို့ လိုပါတယ်။ မိုးတွင်းမှာ အပေါက်တွေနဲ့ရှိတဲ့လမ်းမျိုး မဖြစ်စေချင်ပါဘူးလို့ ကျမ ပြောပါရစေ။ ဒီလို စနစ်ကြီးတခုလုံးကိုပြောင်းဖို့ အနှစ် ၅၀ ကျော် အခု ကျမတို့ထဲက ပရိသတ်ကဆိုလို့ရှိရင် မမွေးခင်ကတည်းက စစ်အာဏာရှင်စနစ် ဒီနိုင်ငံမှာ အမြစ်တွယ်သွားတာပါ။ ၁၉၆၂ ခုနှစ်က စတာပေါ့။ အဲဒီတော့ နှစ် ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့နိုင်ငံကို ပြောင်းဖို့ဆိုတာ အင်အားတွေ အများကြီးလိုပါတယ်။ ဘယ်လိုအင်အားလဲဆိုတော့ နံပါတ် (၁) အဓိက-ကတော့ ပြည်သူ့ရဲ့ထောက်ခံမှုအင်အားပဲ၊ ဒါကြောင့်မို့လို့ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ဖို့လိုတယ်ဆိုတာ ရိုးရိုးနိုင်လို့မဖြစ်ပါဘူး၊ အပြတ်အသတ် နိုင်ဖို့လိုတယ်ဆိုတာ ပြောပါရစေ။”

ဒါပေမယ့်လည်း အနိုင်ရလာတဲ့အခါမှာ တိုင်းပြည်အတွက် အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကိုလည်း ဦးတည်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ဧရာဝတီတိုင်းရဲ့ခရီးစဉ်အဆုံးသတ်တဲ့ တနင်္ဂနွေနေ့က မော်လမြိုင်ကျွန်းမြို့မှာ မိန့်ခွန်းစကားပြောဆိုရာမှာ အခုလို ပြောဆိုသွားခဲ့တာပါ။

“အစိုးရဖြစ်လာရင်လည်း ကျမတို့ဟာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကျမတို့ရဲ့မူကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ တခြားအဖွဲ့အစည်း အစုအဖွဲ့တွေကို နှိပ်ကွပ်ဖို့မဟုတ်ဘူး၊ အနိုင်ယူဖို့မဟုတ်ဘူး။ လက်ကမ်းပြီးတော့ အားလုံးညီညီညွတ်ညွတ်လုပ်ဖို့ဆိုတာ ကျမတို့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။”

ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်အစိုးရတွေ အဆက်ဆက် ဖိနှိပ်မှုတွေကြုံခဲ့ရတဲ့ NLD ပါတီတွင်းက အားနည်းချက်တွေ ရှိနေတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် က အသိအမှတ်ပြု ပြောဆိုခဲ့သလို ပြင်ဆင်နိုင်အောင် ကြိုးစားဖို့လည်း ကတိပြုခဲ့တာပါ။ နိုင်ငံရေးသမားတွေအနေနဲ့ လူထုကို လှည့်ဖြားသိမ်းသွင်းတာ၊ ခြောက်လှန့်တာမျိုးကိုလည်း လက်မခံနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်အတွင်းမှာတော့ ရွေးကောက်ပွဲမှာ လူထုရဲ့ ထောက်ခံမှု ရဖို့အတွက်သာမက နိုင်ငံသားအခွင့်အရေးတရပ်ဖြစ်တဲ့ မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးစေဖို့ ကိစ္စတွေကိုလည်း ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် အခုအခါ အမှားအယွင်းတွေ တွေ့နေရတဲ့ မဲစာရင်း ကိစ္စလို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ လူထုကြားမှာ ပိုမိုနားလည်လာအောင် အာရုံစိုက် ဆောင်ရွက်ခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်မှာ လိုက်ပါသွားတဲ့ မြောင်းမြမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်လမြိုင်ကျွန်း ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်မှာ ဟောပြောပွဲလာရောက်နားထောင်သူ ပရိသတ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - NLD)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်လမြိုင်ကျွန်း ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်မှာ ဟောပြောပွဲလာရောက်နားထောင်သူ ပရိသတ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - NLD)

“ဧရာဝတီတိုင်း၊ မိုးတောလေတိုးထဲမှာလာတဲ့လူထု ပရိသတ်က အများကြီးရောက်လာတယ်လေ။ လူတွေလာတယ်လေ။ အများကြီးလာတဲ့အတွက်ကြောင့် အင်မတန်မှအောင်မြင်တယ်၊ လူထုက NLD အပေါ်မှာ မေတ္တာရှိတဲ့၊ NLD ဘက်မှာပဲရှိတယ်ဆိုတာကို သုံးသပ်လို့ရတယ်။”

ဧရာဝတီတိုင်း ခရီးစဉ်အတွင်း NLD ပါတီက မဲဆန္ဒနယ်အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်မှုတွေနဲ့ပတ်သက်ပြီးလည်း အမျိုးသမီး၊ တိုင်းရင်းသား၊ လူငယ် စတာတွေကို ဦးစားပေးရွေးချယ်မှာဖြစ်ကြောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဥပဒေနဲ့အညီ မိမိတို့ ပိုင်ဆိုင်မှုတွေကို ပွင့်လင်းမြင်သာစွာပြသရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဧရာဝတီတိုင်းပြည်သူလူထုကို ရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းခရီးစဉ်အတွင်း ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်နဲ့ မော်လမြိုင်ကျွန်းကို သွားရောက်ခဲ့ပြီး ဧရာဝတီတိုင်းပြည်သူလူထုနဲ့တွေ့ဆုံပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးဟောပြောမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG